Pages

Sunday, April 7, 2019

ထူးခြားလှပလွန်းတဲ့ အန်တယ်လုပ်ချောက်ကမ်းပါးကြီး

အရောင်စုံတောက်ပနေပြီး အကွေ့အကောက် အချိုးအကွေ့များနဲ့ တစ်ခြားကမ္ဘာတစ်ခု ရောက်ရှိနေသလို ခံစားရမယ့် ချောက်ကမ်းပါးကြီးတစ်ခု ဖြစ်ပါတယ်။ ထိုချောက်ကမ်းပါးကြီးကတော့ အမေရိကန်နိုင်ငံ၊ အနောက်တောင်ပိုင်းရှိ အရီဇိုးနားပြည်နယ်ထဲမှာ တည်ရှိနေပါတယ်။ ချောက်ကမ်းပါးကြီးရဲ့ လှပသော ပုံများကြောင့် ကမ္ဘာ့အလှဆုံးနေရာ တစ်နေရာအဖြစ်လည်း သတ်မှတ်ကြပါတယ်။ အရစ်အရစ် လှိုင်းတွန့်ပုံစံ ချောက်ကမ်းပါးနံရံများဟာ အပေါ်မှကျဆင်းလာသော နေရောင်ကြောင့် အရောင်စုံတောက်ပနေတာ တွေ့မြင်ရမှာပါ။

Antelope ချောက်ကမ်းပါးကြီးဟာ အပိုင်းနှစ်ပိုင်း ရှိပါတယ်။ အထက်ပိုင်း အန်တယ်လုပ်ချောက်ကမ်းပါး (The Crack) နဲ့ အောက်ပိုင်း အန်တယ်လုပ်ချောက်ကမ်းပါး (The Corkscrew) ဆိုပြီး နေရာ နှစ်နေရာ ကွဲနေပါတယ်။ ချောက်ကမ်းပါးကြီးဟာ ကျဉ်းမြောင်းမက်စောက်နေသလို အပေါ်မှကြည့်ရင် အက်ကြောင်းတစ်ခုလို တည်ရှိနေတာပါ။ အတွင်းဘက် အောက်ခြေရောက်မှ လှပဆန်းပြားမှုများကို တွေ့မြင်ခံစားရမှာပါ။

လွန်ခဲ့သော နှစ်သန်းပေါင်းများစွာထဲက သဘာဝရေတိုက်စားမှုကြောင့် ယခုကဲ့သို့ ဖြစ်တည်နေတာပါ။ အမေရိကန်နိုင်ငံတွင် ဂရင်းကန်ညွန် ချောက်ကမ်းပါးကဲ့သို့ ကမ္ဘာ့အကြီးဆုံး ချောက်ကမ်းပါးကြီးလည်း တည်ရှိနေပါတယ်။ ယခု အန်တယ်လုပ်ချောက်ကမ်းပါးကလည်း အတွင်း၌ လှပဆန်းပြားမှုများကြောင့် ကမ္ဘာကျော်လာရပါတယ်။