Pages

Saturday, June 29, 2013

တိရစ္ဆာန် ဖြစ်သော်လည်း ကြင်နာစိတ်ရှိသည့် ခွေးကလေး Pui


ဗန်ကောက် ဇွန် ၉
တိရစ္ဆာန်ပင် ဖြစ်သော်လည်း သနား ကြင်နာတတ်သူ  ခွေးကလေးတစ်ကောင်၏  ကယ်တင်မှုကြောင့် မွေးကင်းစ ကလေးငယ် တစ်ဦးသည် အသက် ဘေးအန္တရာယ်မှ လွတ်မြောက် ခဲ့ရသည်ဟု
အင်တာနက် သတင်းတစ်ပုဒ်၏ ဖော်ပြချက်အရ သိရသည်။ ဖြစ်စဉ်မှာ Pui အမည်ရှိ အိမ်မွေး ခွေးကလေး တစ်ကောင်သည် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ အမှိုက်ပုံ တစ်ခု၌ ပလတ်စတစ်အိတ် အတွင်း ထည့်သွင်း စွန့်ပစ်ထားသည့် မွေးကင်းစ ကလေး ငယ်တစ်ဦးကို တွေ့ရှိခဲ့သည်။ ကလေးငယ်အား ထည့်ထားသည့် အိတ်ကို  တွေ့မြင်ရချိန်တွင် ခွေးကလေး Pui သည် ၎င်း၏သွားဖြင့် အိတ်ကိုကိုက် ချီ၍ သခင်ဖြစ်သူ ၏ နေအိမ်သို့ သယ်ဆောင်လာခဲ့ပြီး သခင်ဖြစ်သူ သတိထား မိစေရန် ကျယ်လောင်သော အသံဖြင့် ဟောင်၍ သတိပေးခဲ့ခြင်း ဖြစ်သည်။

ခွေးဟောင်သံကြောင့် သခင်ဖြစ်သူက အိတ်ကို ဖွင့်ကြည့်ရာမှ အိတ်အတွင်း ရှိ ကလေးငယ်ကို တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ကလေးငယ်ကို ဆေးရုံသို့ ချက်ချင်း ပို့ဆောင်ပေးခဲ့ကြောင်း Pui ၏ သခင်မဖြစ်သူ ဆူဒါရက်က ပြောကြားသည်။ ကလေးငယ်သည် အလေးချိန် လေးပေါင်သာရှိပြီး လမပြည့်ဘဲ မွေးဖွား ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ ဆေးကုသမှုကို ဆက်လက် ခံယူလျက်ရှိကြောင်း နှင့် အသက်အန္တရာယ် စိုးရိမ်ဖွယ်ရာ မရှိကြောင်း ဆေးရုံမှ ဆရာဝန်များက ပြောကြားသည်။ သက်ဆိုင်ရာ အာဏာပိုင်များ အနေဖြင့် ကလေးငယ်၏ မိသားစုများကို ရှာဖွေလျက် ရှိသည်ဟု သိရသည်။
ကလေးငယ်ကို မိမိတို့၏ ခွေးက ကိုက်ချီလာသည်မှာ ထူးဆန်း၍ အံ့အားသင့်ဖွယ် ကောင်းကြောင်း၊ Pui သည် တစ်ကြိမ်တစ်ခါမျှ အိမ်သို့ ပစ္စည်းများကို ကိုက်ချီခြင်း မရှိခဲ့ကြောင်း၊ ပုံမှန်အားဖြင့် လူစိမ်းများကိုသာ ဟောင်တတ်ကြောင်း ဆူဒါရက်၏ မိခင်ဖြစ်သူ မွမ်ရက်တွန်မက်က ပြောကြားသည်။
ကြင်နာတတ်သည့် ခွေးကလေး Pui သည် ကလေးငယ်အား အချိန်မီ ကယ်တင် နိုင်ခဲ့ခြင်းကြောင့် သားရေလည်ပတ်တစ်ခု ချီးမြှင့် ခံခဲ့ရကာ ထာရွာခရိုင် ကြက်ခြေနီ အဖွဲ့မှ ချီးမြှင့်သော ဆုတံဆိပ်ကိုလည်း ရရှိခဲ့သည့် အပြင် သခင်ဖြစ်သူမှာလည်း စတာလင်ပေါင်၂ဝဝ  ဆုကြေး ရရှိခဲ့သည်ဟု သိရသည်။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။