Pages

Sunday, July 21, 2013

နှစ်ပေါင်း ၃၉ဝဝဝ သက်တမ်းရှိ မျိုးသုဉ်း အမွေးရှည် ဆင်ကြီး၏ အေးခဲနေသော ခန္ဓာကိုယ် အား ဂျပန်တွင် ပြသ


တိုကျို ဇူလိုင် ၁၂
ခန္ဓာကိုယ် တစ်ခုလုံးနီးပါး ပကတိနီးပါး အတိုင်း ကျန်ရှိ နေသေးသည့် နှစ်ပေါင်း ၃၉ဝဝဝ သက်တမ်းရှိ မျိုးသုဉ်း အမွေးရှည် ဆင်ကြီး တစ်ကောင်အား ဂျပန်နိုင်ငံ ယိုကိုဟားမား မြို့တွင် ဇူလိုင် ၁၂ ရက်မှ စတင်၍ ပြသလျက် ရှိကြောင်း ဂျပန်တိုင်းမ် သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။
အေးခဲလျက် ရှိသည့် အဆိုပါ အမွေးရှည် ဆင်ကြီးသည် ၃ မီတာရှည်လျားပြီး ၄င်းကို ၂ဝ၁ဝ ပြည့်နှစ်တွင် ဆိုက်ဘေးရီးယား အရှေ့ပိုင်းရှိ အစဉ်အေးခဲနေသည့် နက်ရှိုင်းမြေလွှာ အတွင်းမှ တူးဖော် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အမျိုးသမီး ၁ဝ၁ ဦးပါဝင်သော Pearls of the Sky ကောင်းကင် ဒိုင်ဗင်ထိုး အဖွဲ့ စံချိန်သစ်တင်


မော်စကို   ဇူလိုင်   ၁၆
အမျိုးသမီးသီးသန့် ကောင်းကင် ဒိုင်ဗင်ထိုး အဖွဲ့ဖြစ်သော Pearls of the Sky အဖွဲ့သည် ၎င်းတို့၏ရင်သပ် ရှုမောဖွယ်ကောင်းလှသော ပြကွက်ကို ဝေဟင်အတွင်း၌ ပြသပြီးနောက် ရုရှား နိုင်ငံတွင်
ယခင်က တင်ထားခဲ့သည့် စံချိန်ကိုကျော်၍ အဖွဲ့ဝင် အများဆုံး ပါဝင်သည့် ကောင်းကင် ဒိုင်ဗင်ထိုး အဖွဲ့အဖြစ် စံချိန်သစ် တင်နိုင်ခဲ့သည်ဟု သိရသည်။
Pearls of the Sky အဖွဲ့သည် ၎င်းတို့၏ပြကွက်ကို ရုရှားနိုင်ငံ ကိုလမ်နာ မြို့ပေါ်ရှိ ဝေဟင်အတွင်း၌ ဇူလိုင် ၁၃ ရက်တွင် ပြသခဲ့ကြခြင်း ဖြစ်သည်။ ၎င်းတို့၏ ပြကွက်မှာ   အဖွဲ့ဝင်များ က လေယာဉ်များပေါ်မှ ခုန်ဆင်းပြီးနောက်တွင် အဖွဲ့ဝင် တစ်ဦးစီ၏ လက်များကို ဆုပ်ကိုင်၍ ဝေဟင်အတွင်း၌ ပန်းပွင့်တစ်ပွင့်၏ ပွင့်ချပ်ပုံသဏ္ဌာန် ပေါ်လာအောင် ဖန်တီးပြသ ခဲ့ကြခြင်း ဖြစ်သည်ဟု သိရသည်။

သွေးစုပ်ဖုတ်ကောင် အုတ်ဂူများ ပိုလန်တွင် တွေ့ရှိ


ဝါဆော ဇူလိုင် ၁၇
ရှေးဟောင်း သုတေသန ပညာရှင်များသည် သွေးစုပ်ဖုတ်ကောင် အုတ်ဂူများစွာကို ပိုလန်နိုင်ငံ အတွင်း၌ တူးဖော် တွေ့ရှိခဲ့ကြသည်ဟု အင်တာနက် သတင်းတစ်ပုဒ်အရ သိရသည်။
သွေးစုပ်ဖုတ်ကောင်များ၏ အုတ်ဂူများကို ရှာဖွေ တွေ့ရှိခဲ့သည်ဟု ကြေညာချက် ထုတ်ပြန်ပြီးနောက် အချိန် အနည်းငယ် အကြာတွင် သုတေသနပညာရှင် များသည် ၎င်းတို့တွေ့ ရှိခဲ့သော သွေးစုပ်ဖုတ်ကောင် အချို့၏ ရုပ်အလောင်းများကို ထုတ်ဖော် ပြသခဲ့ကြသည်။ သွေးစုပ်ဖုတ်ကောင်ဟု ယူဆရသော ရုပ်အလောင်းများကို တူးဖော်တွေ့ရှိခဲ့ ချိန်တွင် ၎င်းရုပ် အလောင်းများ၏ ဦးခေါင်းများသည် ၎င်းတို့၏ ခြေထောက်များကြား၌ ရှိနေခဲ့ကြသည်ဟု သတင်း ဌာနတစ်ခု၏ ဖော်ပြချက်အရ  သိရသည်။ ယင်းအခြေအနေမှာ သွေးစုပ် ဖုတ်ကောင်များကို သုတ်သင်ပြီးပါက ၎င်းတို့ပြန်လည် အသက်မဝင်စေရန် တားဆီးသည့် အနေဖြင့် ၎င်းးတို့၏ ဦးခေါင်းကိုဖြတ်၍ ခြေထောက်များ ကြားထည့်၍ မြှုပ်နှံ ပေးရသည်ဟူသော ဒဏ္ဍာရီ လာ ပြောကြားချက်များနှင့် အခြေအနေ ချင်း ကိုက်ညီမှု ရှိနေ ခဲ့သည်ဟု သိရသည်။ 

ဂျော်ဂျီယာနိုင်ငံမှ အမျိုးသမီးတစ်ဦး ပုရွက်ဆိတ်ကိုက် ခံရမှုကြောင့် သေဆုံး


တဘီလီစီ   ဇူလိုင်   ၂ဝ
ဂျော်ဂျီယာနိုင်ငံမှ အသက် ၆၅ နှစ် အရွယ်ရှိ ဂျင်းနီပိုမီရိုင်းဆိုသူ အမျိုးသမီးကြီးသည် ပုရွက်ဆိတ်ကိုက် ခံရ ပြီးနောက်
ပြင်းထန်သည့် ဓာတ်မတည့်ခြင်း ဝေဒနာဖြင့် သေဆုံး သွားခဲ့ကြောင်း WSBTV သတင်းဌာနက ဖော်ပြခဲ့သည်။
သေဆုံးခဲ့သည့် ဂျင်းနီသည် ဂျော်ဂျီယာနိုင်ငံမှ မျက်မမြင်များအား ကူညီစောင့်ရှောက်ရေး အဖွဲ့မှ အမှုဆောင် အရာရှိချုပ် ဖြစ်ကြောင်း သိရသည်။
ဂျင်းနီသည် သဘာဝ အဆိပ်တစ်မျိုးရှိသည့် ပုရွက်ဆိတ် အကိုက်ခံရပြီး နောက်ပိုင်းတွင် သွေးလန့်ခြင်း ဝေဒနာကြောင့် ယားယံခြင်း၊ မျက်စိ နီမြန်းခြင်း၊ ပျို့အန်ခြင်း၊ ပါးစပ်၊ လျှာ ရောင်ရမ်းခြင်း၊ ရင်ကျပ်ခြင်း၊ ရုတ်တရက် သွေးပေါင်ကျခြင်း စသည့် ဝေဒနာများကို ခံစားရပြီးနောက် ဆေးရုံတွင် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လေယာဉ် ပျက်ကျမှုကြောင့် အသက်မ သေခဲ့သည့် ကျောင်းသူ အရေးပေါ် ကားကြိတ်မှုကြောင့် သေဆုံး


လော့စ်အိန်ဂျလိစ် ဇူလိုင် ၂ဝ
အမေရိကန် ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့ရှိ လေဆိပ်တွင် ဇူလိုင် ၆ ရက်က Asiana လေကြောင်းကုမ္ပဏီမှ လေယာဉ်တစ်စင်း ပျက်ကျမှုတွင်
ထိခိုက်ဒဏ်ရာ ရရှိခဲ့သူ ကျောင်းသူ တစ်ဦးသည် အသက်ရှင်လျက် ကျန်ရစ်ခဲ့သော်လည်း အရေးပေါ် ယာဉ်တစ်စီး၏ ဖြတ်ကြိတ်မှုကြောင့် သေဆုံး သွားခဲ့ရသည်ဟု အရာရှိ များက ဇူလိုင် ၁၉ ရက်တွင် ပြောကြားခဲ့သည်။

ဘီယာကန်အတွင်း ရေချိုးနိုင်မည့် ဟိုတယ်ဝန်ဆောင်မှု


ချက်သမ္မတနိုင်ငံ ပရော့ဂ်မြို့ ရှိ ယူဆလက်ကာ ဟိုတယ်သည် လာရောက်တည်းခိုသည့် ဧည့်သည်များအတွက် ဘီယာများ ထည့်ထားသော ရေချိုးကန်အတွင်း စိမ်ကာ အပန်းဖြေနိုင်မည့် ၀န်ဆောင်မှု ပြုလုပ်ပေးလျက်ရှိသည်။ ဘီယာကန်အတွင်း ၀င်ရောက်ကာ ရေချိုးခြင်းဖြင့် စိတ်ဖိစီးမှုများကို လျှော့ချပေး နိုင်ခြင်း၊ ကြွက်သားတင်းမာမှုများ ကို ပျော့ကျစေခြင်း၊ အရေပြားချောမွေ့လှပ ခြင်းတို့ကို ရရှိပိုင်ဆိုင်နိုင်မည်ဖြစ်သောကြောင့် ထိုကဲ့သို့ ၀န်ဆောင်မှုပေးခြင်းဖြစ်ကြောင်း ဟိုတယ်၏ ကြေညာတစ်ရပ်တွင်ထည့်သွင်းဖော်ပြသွားခဲ့သည်။