
ဘာလင်မြို့ရှိ ဘိုဒီပြတိုက် (Bode Museum) မှာ ပြသထားတဲ့ အလေးချိန် ပေါင် ၂၂၀ ရှိ အမေရိကန် ဒေါ်လာတစ်သန်းတန် ရွှေဒင်္ဂါးကြီးကို သူခိုးများက ခိုးယူသွားခဲ့ကြောင်း သိရပါတယ်။ ဂျာမန်သတင်းတွေရဲ့ ဖော်ပြမှုအရ ပြတိုက်မှ ယနေ့ (မတ်လ ၂၇ ရက်) ခိုးယူခံခဲ့ရတဲ့ ရွှေဒင်္ဂါးကြီးဟာ အထိမ်းအမှတ်အဖြစ် ထုတ်လုပ်ထားတဲ့ 'Big Maple Leaf' ရွှေဒင်္ဂါးဖြစ်ပြီး ၂၀၀၇ ခုနှစ်မှာ တော်ဝင်ကနေဒါ ဒင်္ဂါးစက်ရုံမှ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ရွှေဒင်္ဂါးပြားကြီးရဲ့ ကန့်လန့်ဖြတ်အကျယ်ဟာ ၁.၇ ပေရှိပြီး အထူ ၃ စင်တီမီတာရှိကြောင်း သိရပါတယ်။
ရွှေဒင်္ဂါးကြီးပေါ်မှာ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်သ် ၂ ရဲ့ မျက်နှာပုံကို ဖော်ပြထားပါတယ်။ ရဲတပ်ဖွဲ့ရဲ့အဆိုအရ ဖောက်ထွင်းခိုးယူသူတွေဟာ ပြတိုက်အနီးရှိ ရထားလမ်းမှတစ်ဆင့် လှေကားဖြင့် တက်ရောက်ကာ ပြတိုက်အတွင်း ဖောက်ထွင်းဝင်ရောက်ပြီး ရွှေဒင်္ဂါးကို ခိုးယူသွားခဲ့ဖွယ်ရှိကြောင်း သိရပါတယ်။ ဖောက်ထွင်းခိုးယူသူတွေဟာ ယနေ မနက် ဒေသစံတော်ချိန် ၃း၃၀ ဝန်းကျင်မှာ ပြတိုက်အတွင်း ဖောက်ထွင်းဝင်ရောက်ကာ ရွှေဒင်္ဂါးကြီးကို ခိုးယူသွားခဲ့ပုံရကြောင်း ရဲတပ်ဖွဲ့က ဆိုပါတယ်။
ပြတိုက်အနီး ရထားလမ်းကို ခေတ္တပိတ်ထားလိုက်ပြီး ရဲတပ်ဖွဲ့က သဲလွန်စများ ရှာဖွေခဲ့ပါတယ်။ ဘာလင်မြို့လယ်မှာရှိတဲ့ ဘိုဒီပြတိုက်ဟာ ကုလမသဂ္ဂရဲ့ UNESCO စာရင်းဝင် ပြတိုက်ဖြစ်ပြီး ဒင်္ဂါးများစုဆောင်းပြသထားတဲ့ ကမ္ဘာ့အကြီးဆုံး ပြတိုက်တစ်ခုလည်း ဖြစ်ပါတယ်။ ဘိုဒီပြတိုက်မှာ ရှေးဟောင်းဂရိ ဒင်္ဂါးပြား ၁၀၂,၀၀၀ နဲ့ ရောမခေတ်ဒင်္ဂါး ၅၀,၀၀၀ အပါအဝင် ဒင်္ဂါးပြားများကို စုဆောင်းပြသထားကြောင်း သိရပါတယ်။
Source & Photo: AFP
Credit: duwun.com.mm
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။