Showing posts with label ထူးဆန်းအဆောက်အဦးများ. Show all posts
Showing posts with label ထူးဆန်းအဆောက်အဦးများ. Show all posts

Tuesday, February 4, 2020

စိတ်ဝင်စားဖွယ် ရေအောက်စတူဒီယို

အခုတင်ပေးမယ့် ရေအောက်စတူဒီယိုကတော့ ရုပ်ရှင်များ၊ တီဗွီအစီအစဉ်များမှာ ပါဝင်တဲ့ ရေအောက်ပြကွက်များ၊ ဇာတ်ဝင်ခန်းများအတွက် အထူးရည်ရွယ် တည်ဆောက်ထားတာပါ။
ဗြိတိန်နိုင်ငံ၊ Buckinghamshire၊ Iver မြို့မှာတည်ရှိပြီး Pinewood Studios ရဲ့ ရေအောက်စတူဒီယို၊ စတိတ်စင် ဖြစ်ပါတယ်။ ဥရောပရဲ့ ပထမဆုံးနဲ့ တစ်ခုတည်းရှိတဲ့ အဆောက်အဦတစ်ခုပါ။

ထိုရေအောက်မှာတော့ စတိတ်စင်၊ ရေအောက် ကမ္ဘာပုံစံငယ်များ၊ အိမ်ခန်းများ စသည်ဖြင့် ရုပ်ရှင်ရိုက်ကွင်းနဲ့ ဓာတ်ပုံ စတူဒီယိုအတွက် လိုအပ်သည်များကို ထည့်သွင်းပေးထားပါတယ်။ ထို့ပြင် ရေငုပ်ရာတွင် လိုအပ်သည့်ပစ္စည်းများနဲ့ ရိုက်ကွင်းတစ်ခုအတွက် လိုအပ်သည်များကို ဖြည့်ဆည်းပေးလေ့ရှိပါတယ်။

Wednesday, January 29, 2020

သံချောင်းလုံးဝမသုံးပဲ ဆောက်ထားသော အထပ်မြင့် သစ်သားအဆောက်အဦကြီး

၂၄ ထပ်ရှိ အထပ်မြင့် ဧရာမအဆောက်အဦကြီး တစ်ခုလုံးကို သစ်သားများဖြင့်သာ တည်ဆောက်ထားခဲ့ခြင်း ဖြစ်ပါတယ်။
ထူးခြားမှုကတော့ အဆောက်အဦတစ်ခုလုံးတွင် သံချောင်းလုံးဝမသုံးပဲ တည်ဆောက်ခဲ့ခြင်းပါ။
အမြင့်အားဖြင့် ၉၉.၉ မီတာ (၃၂၇ ပေ) အထိမြင့်ကာ ၂၄ ထပ်ရှိပါတယ်။
တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် တွင် Shui လူမျိုးစုတို့၏ ရိုးရာလက်မှုပုံစံအတိုင်း တည်ဆောက်ခဲ့ခြင်း ဖြစ်ပါတယ်။

Wednesday, October 30, 2019

ကမ္ဘာ့ အန္တရာယ်အများဆုံး တောင်တက်လမ်းနှင့် ဟွာရှန်းတောင် ဘုရားကျောင်းများ

တရုတ်နိုင်ငံမှ ဟွာရှန်းတောင် တောင်တက်လမ်းကို ကမ္ဘာပေါ်တွင် သွားလာရခက်ခဲသလို အန္တရာယ်များလွန်းလှတဲ့ တောင်တက်လမ်းအဖြစ် သတ်မှတ်ကြပါတယ်။ ကျဉ်းမြောင်းမတ်စောက်တဲ့ တောင်တက်လမ်းများနှင့်အတူ တောင်ကမ်းပါးယံကို ခက်ခက်ခဲခဲ ဖြတ်သန်းကြရသဖြင့် တက်ဖို့မပြောနဲ့ တွေ့မြင်ရယုံနှင့်ပင် အသဲတယားယား ရင်တဖိုဖို ဖြစ်ကြရပါတယ်။ ထို့ပြင် တောင်ကမ်းပါးယံများပေါ်တွင် ခက်ခက်ခဲခဲ တည်ဆောက်ထားကြတဲ့ နှစ်ထောင်ချီသက်တမ်းရှိ ဘုရားကျောင်းများကြောင့်လည်း နာမည်ကျော်ကြားလှပါတယ်။ ထိုတောင်တက်လမ်းသည် တရုတ်နိုင်ငံ၊ Shaanxi ပြည်နယ်ရှိ ဟွာရှန်းတောင် (Mt. Huashan) မှ ဘုရားဖူး ခရီးစဉ် တစ်ခုပင် ဖြစ်ပါတယ်။

ဟွာရှန်းတောင်သည် တရုတ်နိုင်ငံ ယဉ်ကျေးမှုရဲ့ဦးဆောင်ဒေသအဖြစ် စံတင်ရသည့် နေရာတစ်ခုဖြစ်သလို တရုတ်နိုင်ငံရဲ့ အကျော်ကြားဆုံးနှင့် အရေးအပါဆုံး တောင်ငါးလုံးတွင် တစ်ခုအပါအ၀င် ဖြစ်ပါတယ်။ ပေ ၇၀၀၀ ကျော် (2,160 m) မြင့်သော တောင်တက်ခရီးစဉ် တစ်ခုဖြစ်ပြီး ခက်ခဲလှတဲ့ တောင်တက်လမ်းများကို ဖြတ်သန်းကြရမည် ဖြစ်ပါတယ်။ ကမ္ဘာ့ အန္တရာယ်အများဆုံး တောင်တက်လမ်းဖြစ်ပေမယ့် လမ်းတစ်လျောက် သာယာလှပလှတဲ့ ရှုခင်းများ ၊ ရှေးဟောင်း ဘုရားကျောင်းဆောင်များ ၊ သမိုင်းဝင် ဇာတ်လမ်းများနဲ့ မမေ့နိုင်တဲ့ ခရီးစဉ်တစ်ခု ဖြစ်စေမှာပါ။

ဟွာရှန်းတောင်ဟာ တောင်ထွတ် ၅ခုရှိပြီး ပန်းပွင့်ပုံသဏ္ဍာန်အဖြစ် တည်နေပါတယ်။ တောင်ထိပ်တစ်ခုစီမှာ ဘာသာရေးကျောင်းဆောင် တစ်ခုစီတည်ထားပြီး တစ်ခုနဲ့တစ်ခု ကူးသန်းသွားရောက်ဖို့ လမ်းတွေဖောက်ထားခြင်း ဖြစ်ပါတယ်။ ခက်ခဲပြီး ကြောက်မက်ဖွယ် တောင်တက်လမ်းပိုင်းများ တည်ရှိနေပေမယ့် တောင်တက်ဝါသနာပါသူများအနေနဲ့ လာရောက်လည်ပတ်တတ်တဲ့ နေရာတစ်နေရာ ဖြစ်ပါတယ်။

Wednesday, February 20, 2019

ကမ္ဘာ့ အကျော်ကြားဆုံ နာရီစင်ကြီးများ

နိုင်ငံတိုင်းတွင် အထိမ်းအမှတ်သဘောအဖြစ် ထားကြသော နာရီစင်ကြီးများ ရှိကြပါသည်။ ထိုနာရီစင်ကြီးများသည် တစ်ချိန်က အချိန်ကြည့်ရန် တည်ဆောက်ထားကြပေမယ့် ယခုခေတ်တွင်မူ နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်ယူစရာ အထိမ်းအမှတ်တစ်ခုအဖြစ် ဆက်လက်တည်ရှိ ထိန်းသိမ်းထားကြပါသည်။ ယခုတင်ပြမှာကတော့ ကမ္ဘာပေါ်တွင် အကျော်ကြားဆုံးနှင့် လူသိအများဆုံး နာရီစင်ကြီးများအကြောင်း ဖြစ်ပါသည်။

1. Big Ben (Elizabeth Tower), London, England

နာရီစင်ဆိုသည်နှင့် အင်္ဂလန်၊ လန်ဒန်မြို့တော်မှ Big Ben နာရီစင်ကြီးကို ပြေးမြင်မိကြပါသည်။ ထိုနာရီစင်ကြီးသည် ကြီးမားခြင်း ၊ လှပခန့်ညားခြင်း ၊ ရှေးကျခြင်း ၊ နိုင်ငံ၏ အထိမ်းအမှတ်နေရာတစ်ခုအဖြစ် တည်ရှိနေခြင်း စသည့်ဂုဏ်ပုဒ်များဖြင့် ပြည့်စုံနေပါသည်။ ၁၈၅၈ ခုနှစ်ကတည်းက တည်ဆောက်ပြီးစီးခဲ့သည့် ရှေးဟောင်းနာရီစင်ကြီး ဖြစ်ပါသည်။ Big Ben နာရီစင်ကြီးသည် ကမ္ဘာပေါ်ရှိ သီးခြားတည်ဆောက်ထားသည့် နာရီစင်များတွင် တတိယ အမြင့်ဆုံး နာရီစင်ကြီး ဖြစ်ပါသည်။ အင်္ဂလန်နှင့် လန်ဒန်မြို့၏ အထိမ်းအမှတ် တစ်ခုအဖြစ် တည်ရှိနေယုံသာမက ဥရောပ၏ အကျော်ကြားဆုံး နေရာတစ်နေရာအဖြစ်လည်း သတ်မှတ်ထားကြပါသည်။ ယခုအခါ Big Ben နာရီစင်ကြီးကို Elizabeth ဘုရင်မကြီးအား ဂုဏ်ပြုသောအားဖြင့် Elizabeth Tower ဟု တရာဝင် အမည်ပေးထားပါသည်။ နာရီစင်ကြီးသည် နှစ်ကာလကြာမြင့်လာပြီးဖြစ်သဖြင့် အနည်းငယ် တိမ်းစောင်းလာနေကြောင်း သိရပါသည်။

Wednesday, January 30, 2019

ဆန်းသစ်သော အပြင်အဆင်များနှင့် တန်ဆာဆင်ထားသည့် စာအုပ်ဆိုင်

စာအုပ်အရောင်းဆိုင် တစ်ခုလုံးကို လှပဆန်းသစ်တဲ့ အပြင်အဆင်များနဲ့ ဒီဇိုင်းဆင်ထားသည့် စာအုပ်ဆိုင် ဖြစ်ပါတယ်။ တရုတ်နိုင်ငံ၊ Guizhou ရှိ ထိုစာအုပ်ဆိုင်ကို လှိုဏ်ဂူသဖွယ် စာအုပ်များဖြင့် အပြည့် ဆင်ယင်ထားပြီး လာရောက်သူများအနေနဲ့ လှပဆန်းသစ်မှုနှင့် ခန့်ညားမှုကိုပါ တွေ့မြင်ကြရမှာပါ။ ဒီလိုဏ်ဂူပုံစံစာအုပ်ဆိုင်က ၂၄၇၅၆ စတုရန်းပေကျယ်ဝန်းပြီး စာအုပ်ပေါင်း ၁၀၀၀၀၀ ခန့်ကို ဆိုင်မှာတင်ထားပြီး ရောင်းချနေတာပါ။ သူရဲ့အပြင်အဆင်နဲ့ ဆွဲဆောင်မှုကြောင့် စာပေချစ်သူများအကြား နာမည်ကြီးလာတဲ့ ဆိုင်တစ်ဆိုင် ဖြစ်လာခဲ့ပါတယ်။

Monday, January 14, 2019

အမေရိက၏ ထူးခြားသော ပုံရိပ်များ

ရေဘဝဲသစ်ပင် (Oregon)

အမေရိကန်ပြည်ထောင်စု၊ အော်ရီဂွန်အရပ်ရှိ ထင်းရှူးပင်ကြီးတစ်ပင်သည် ထူးခြားစွာဖြင့် ရေဘဝဲကြီးတစ်ကောင်လို ပေါက်နေသည်။ ပင်စည်ကြီးတစ်ခုမှ အကိုင်းအခက်များ ထူးခြားစွာ ဖြန့်ထွက်နေခြင်းကြောင့်လည်း ရေဘဝဲကြီးဟု တင်စားခေါ်ဝေါ်ကြခြင်းဖြစ်သည်။

ထိုအပင်ကြီးသည် ယခင်အမေရိကတိုက်တွင် နေထိုင်ခဲ့သည့် ရှေးဟောင်းလူမျိုးစုများနှင့် ဆက်စပ်ခဲ့သည်ဟု ဆိုသည်။ Tillamook ဆိုသည့် ကမ်းရိုးတန်းနေ မျိုးနွယ်စုများသည် ထိုအပင်ကြီးတွင် အခမ်းအနားများ၊ ဘာသာရေးဆိုင်ရာ အခမ်းအနားပွဲများ လုပ်ခဲ့ကြောင်း သိရသည်။

အမေရိကမှ ရှေးဦးမျိုးနွယ်စုတို့သည် ကနူးလှေများလုပ်ရာတွင် ဤအပင်ကြီးမှ အသားကို အဆောင်အဖြစ် တစ်နေရာတွင် ထည့်သုံးလေ့ရှိကြသည်။ ရိုးရာဓလေ့အတွက် ထိုအပင်ကြီးသည် အရေးအပါဆုံးဟူ၍လည်း သတ်မှတ်ထားကြသည်။ ထိုအပင်ကြီးသက်တမ်းက နှစ်ပေါင်းရာကျော်ခန့်ရှိပြီဖြစ်သည်။ “အတိုင်ပင်ခံ အပင်” ဟူ၍လည်း ထိုအပင်ကိုခေါ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ရှေးဟောင်းလူမျိုးစုများသည် အရေးကြီးသည့် ဆုံးဖြတ်ချက်များကို ဤနေရာတွင် လာလုပ်ကြသောကြောင့်ဖြစ်သည်။

Shopping Mall ပေါ်မှ အားကစားကွင်းကြီး

တရုတ်နိုင်ငံရှိ Shopping Mall တစ်ခုရဲ့ ခေါင်မိုးပေါ်တွင် အားကစားကွင်းကြီးတစ်ခုကို တည်ဆောက်ထားပါတယ်။ အကျယ်အဝန်းအားဖြင့် ၁၇၀၀၀ စတုရန်းမီတာထိရှိပြီး စိမ်လန်းစိုပြေသော လေဟာပြင် ကစားကွင်းပုံစံ တည်ဆောက်ပေးထားပါတယ်။
ထိုအားကစားကွင်းကြီးတွင် စားပွဲတင် တင်းနစ်ကွင်း ၄ခု၊ ဘတ်စကက်ဘောကွင်း ၁ခု ကြက်တောင်ရိုက်ကွင်းများနဲ့ ရှည်လျားလှတဲ့ အပြေးပြိုင်လမ်း ၁ခုလည်း ပါဝင်နေပါတယ်။ ထို့ပြင် အပန်းဖြေ အနားယူရန်အတွက် နေရာတစ်ခုကိုလည်း ထည့်သွင်းတည်ဆောက်ထားပါတယ်။
ဈေးဝယ်ရင်း အားကစားလှုပ်ရှားမှုများ ပြုလုပ်နိုင်သလို စိတ်လက်အပန်းပြေစေရန်လည်း အနားယူနိုင်စေပါတယ်။

Sunday, December 30, 2018

ကမ္ဘာ့အကြီးဆုံးဆားပြင်ကြီးပေါ်မှ ထူးထူးဆန်းဆန်းဆားဟော်တယ်

ဒီတစ်ခါတော့ ဘိုလီဗီးယားနိုင်ငံ က ဆားဟော်တယ်ကိုတင်ဆက်ပေးပါ့မယ်။ စပိန်လို Palacio de Sal လို့ခေါ်ကြပြီး ဆားနန်းတော် လို့ အဓိပ္ပါယ်ရသည့် ထိုအဆောက်အဦမှာ ဆားတုံးဆားခဲများဖြင့် တည်ဆောက်ထားသော အပန်းဖြေတည်းခိုစရာ ဟော်တယ် တစ်ခုပါ။

ထို ဆားဟော်တယ်သည် ကမ္ဘာ့အကြီးဆုံး ဆားပြင်ကြီး ပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ ထိုကမ္ဘာ့အကြီးဆုံးဆားပြင်ကြီးသည် ဘိုလီဗီးယား နိုင်ငံ၏ အနောက်တောင်ဘက်တွင် တည်ရှိပြီး La Paz မြို့၏ တောင်ဘက် 350 km(220 mi) အကွာတွင်တည်ရှိပြီး Salar de Uyuni ဟုအမည်ရပါသည်။

ထိုကမ္ဘာ့အကြီးဆုံးဆားပြင်ကြီးသို့ စိတ်ဝင်တစားလာရောက်လည်ပတ်ကြသော ခရီးသွားများသည် အနားယူအပန်းဖြေစရာ နေရာကောင်းတစ်ခုကို အလိုရှိခဲ့ကြပါသည်။ ထို့ကြောင့် လာရောက်လည်ပတ်သူများအတွက် အပန်းဖြေစရာ ၊ တည်းခိုစရာနေရာတစ်ခုတည်ဆောက်ရန် စီစဉ်ခဲ့ကြပါသည်။ ထိုအပန်းဖြေဟော်တယ်ကိုလည်း ထိုဒေသ၏ သဘာဝနှင့် လိုက်လျောညီထွေ ရှိစေရန် ဆားတုံးဆားခဲများကိုအခြေခံ တည်ဆောက်ရန် စိတ်ကူးပုံဖော်ခဲ့ကြပါသည်။

Thursday, November 29, 2018

ကာတွန်းကမ္ဘာထဲမှ ကော်ဖီဆိုင်လေး

ကော်ဖီဆိုင်လေးများကို ချစ်စဖွယ် ပြင်ဆင်ထားတက်တာကို တွေ့မြင်ဖူးကြမှာပါ။ ဒါပေမယ့် အခုဆိုင်လေးကတော့ ကာတွန်းကမ္ဘာထဲကို သင်ကိုယ်တိုင် ရောက်ရှိသွားသလိုမျိုး ခံစားရစေမှာ ဖြစ်ပါတယ်။ တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့မှ ကော်ဖီဆိုင်လေး တစ်ဆိုင်ဟာ တစ်ဆိုင်လုံးရဲ့ ခင်းကျင်းပြင်ဆင်မှုများကို ကာတွန်းကောက်ကြောင်းများအတိုင်း ဆေးခြယ်ထားခဲ့ပါတယ်။ အရောင်အားဖြင့် အဖြူအမဲကို အများဆုံးအခြေခံပြီး စိတ်ကူးကောင်းကောင်းဖြင့် တစ်ဆိုင်လုံးကို ပြင်ဆင်ထားခဲ့ပါတယ်။ နံရံ၊ မျက်နှာကျက်၊ ကြမ်းပြင်များသာမက စားပွဲထိုင်ခုံများ ၊ အသုံးအဆောင် ပစ္စည်းများကိုပါ ကာတွန်းကောက်ကြောင်းများကဲ့သို့ ဒီဇိုင်းဆင်ထားခဲ့ပါတယ်။ ချစ်စဖွယ် ကော်ဖီဆိုင်လေးရဲ့ ပုံလေးများကို ကြည့်လိုက်ရအောင်နော်…..

ကမ္ဘာ့ပေါ်ရှိ ခမ်းနားလှပဆုံးသော စာကြည့်တိုက်ကြီးများ

နိုင်ငံတစ်နိုင်ငံ ၊ လူမျိုးတစ်မျိုး၏ ပညာရည်မြင့်မားမှုကို ဆုံးဖြတ်ကြရာတွင် ပြည့်စုံကောင်းမွန်သော တက္ကသိုလ်ကောလိပ်များ ၊ နိုင်ငံသားများ၏ စာတတ်မြောက်မှု နှင့်အတူ စာဖတ်ကြသော ပမာဏကိုပါ ထည့်သွင်းတွက်ချက်တတ်ကြပါသည်။ စာတတ်သူ ၊ စာဖတ်သူ များသည်နှင့်အညီ ထိုနိုင်ငံတွင်ရှိသော ပြည့်စုံကောင်းမွန်သော စာကြည့်တိုက်အရည်အသွေးကိုပါ မှတ်ကျောက်တင်လေ့ရှိပါသည်။ သို့သော် စာကြည့်တိုက်များ ဘယ်လောက်ပင်ကောင်းကောင်း ၊ စာအုပ်တွေ ဘယ်လောက်စုံစုံ ၊ စာဖတ်ဝါသနာပါသူ စာပေ၀ါသနာရှင်များသည်သာ အဓိကကျပါသည်။
တိုးတတ်ထွန်းကားသော နိုင်ငံများတွင် တူညီမှုများ များစွာရှိကြပါသည်။ ထိုအထဲတွင် ခေတ်မှီလှပပြီး စာဖတ်ခြင်စိတ် ပေါ်လာလောက်အောင် ခမ်းနားလှပ ပြည့်စုံကြသည့် စာကြည့်တိုက်ကြီးများ အများအပြား ရှိတတ်ကြခြင်းမှာလည်း တစ်ခုအပါအ၀င် ဖြစ်ပါသည်။ ထိုကဲ့သို့ ခမ်းနားလှသည့် စာကြည့်တိုက်ကြီးများတွင် လာရောက်လေ့လာဖတ်ရှု့သူများလည်း များပြားစည်ကားလှပါသည်။ယခု နေခရမ်းတင်ပြမည့် အကြောင်းအရာကတော့ ကမ္ဘာ့နိုင်ငံအသီးသီးရှိ ခမ်းနားလှပပြီး ပြည့်စုံကောင်းမွန်သော စာအုပ်များ များစွာရှိသည့် စာကြည့်တိုက်ကြီးတွေ အကြောင်းပါ။ ဘယ်လောက်ခမ်းနားလှပတဲ့ စာကြည့်တိုက်များလည်းဆိုတာ ကြည့်လိုက်ရအောင်နော်…

Saturday, November 17, 2018

ကမ်းလွန် ရေနံတူးစင်ကြီးများ တည်ဆောက်ထားကြပုံများ

ပင်လယ်သမုဒ္ဒရာများအထဲတွင် ကမ်းလွန်ရေနံတူးစင်များ တည်ဆောက်ထားကြပုံများပါ။ အပေါ်ကကြည့်လျှင် ထုထည်သေးပေမယ့် လေဒဏ်၊ ရေဒဏ် စသည့် သဘာဝဘေးအန္တရာယ်များကို ခံနိုင်စေရန် အေက်ခြေထုထည် ခိုင့်ခံ့ကြီးမားစွာ တည်ဆောက်ထားရခြင်း ဖြစ်ပါသည်။

တိုက်နံရံပေါ်မှ ညစာစားပွဲကြီး

တိုက်နံရံများကို လှပကြည့်ပျော်မှု ရှိစေရန် အမျိုးမျိုး ပုံဖော်မှုရှိတတ်ကြပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံမှာ ရှိတဲ့ ယခုတိုက်နံရံပေါ် ပုံဖော်ထားမှုမျိုးကတော့ တွေ့ရခဲမှာ အမှန်ပါ။
တိုက်နံရံ ပေါ်တွင် ညစာစားပွဲ စားပွဲဝိုင်းကြီးကဲ့သို့ ဖန်တီးပြထားခြင်း ဖြစ်ပြီး ဆေးဖြင့် ပုံရေးဆွဲထားခြင်းမျိုးလည်း မဟုတ်ပါ။ တကယ်အစစ် စားပွဲဝိုင်းကဲ့သို့ နံရံပေါ်မှာ ဒေါင်လိုက်ရှိနေတာပါ။
စားသောက်စရာ အစုံအလင်နှင့် စားပွဲ၊ ကုလားထိုင်များပါ ပါဝင်နေပြီး ကြီးမားခန့်ထည်မှုနှင့်အတူ လက်ရာမြောက်အောင် ဖန်တီးထားမှုပင် ဖြစ်ပါတယ်။
ကဲ... ဒီစားပွဲဝိုင်းမှာ ထိုင်စားနိုင်ဖို့ဆိုတာ လူကောင်အကြီးကြီး ဖြစ်ဖို့လိုသလို ဒေါင်လိုက်ကန့်လန့် စားတတ်ဖို့လည်း လိုတာပေါ့နော် ☺☺☺

Saturday, September 29, 2018

ကမ္ဘာတစ်လွှား ထူးခြားစွာတည်ဆောက်ထားသော ဘုရားကျောင်းများ

အခုတင်ပေးမယ့်ပိုစ့်က နေခရမ်း စိတ်ကူးဖြင့်စုစည်းထားခြင်းမဟုတ်ပါဘူး။ အင်တာနက် ဆိုဒ်များမှာ တွေ့မြင့်ရတဲ့ Breathtaking Monasteries ၊ Magnificent Monasteries ၊ Amazing Monasteries ဆိုတဲ့ခေါင်းစဉ်များနှင့် ပိုစ့်များကို ပြန်လည်စုစည်းတင်ပြပေးမှာပါ။ ဆိုဒ်တစ်ခုနှင့် တစ်ခု သတ်မှတ်ဖေါ်ပြချက် ကွဲလွဲမှု အနည်းငယ်စီ ရှိကြပေမယ့် အများအားဖြင့် တော့တူညီကြပါတယ်။ သူငယ်ချင်းတို့ဆက်လက်အားပေးကြပါအုံးနော်...

၁။ Tiger's Nest Monastery (Bhutan)

ဘူတန်နိုင်ငံမှာတည်ရှိတဲ့ တောင် အလယ် ချောက်ကမ်းပါးဘေး ၊ ကျောက်နံရံမှာကပ်ပြီး တည်ဆောက်ထားတာပါ။ ဘူတန်နိုင်ငံ Paroတောင်ကြားချိုင့်ဝှမ်းမှ အထက် 700 meters (2,300 ပေ) အမြင့်မှာတည်ရှိပါတယ်။တရားဝင် မှတ်သားမှုအရ 1692 ခုနှစ်မှာ စတင်တည်ဆောက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီဘုရားကျောင်းအကြောင်းအရာကို နေခရမ်းဆိုဒ်မှာ တင်ပေးဖူးပါတယ်။

၂။Madonna del Sasso Monastery (Switzerland)

ဆွတ်ဇာလန်နိုင်ငံမှာတည်ရှိ ပြီး ၁၇ ရာစု ကတည်းက တည်ဆောက်ပြီးစီးခဲ့ပါတယ်။

Thursday, September 13, 2018

ကတ်ထူစက္ကူပုံးကြီးများနှင့် ဆောက်ထားသော ရဲတိုက်ကြီးများ

ပစ္စည်းများ ထုပ်ပိုးရာတွင် သုံးသည့် ကတ်ထူစက္ကူပုံးကြီးများကို အသုံးပြုကာ ရဲတိုက်ပုံစံ အဆောက်အဦကြီးများကို ဗြိတိန်နိုင်ငံ၊ လစ်ဗာပူးမြို့တွင် တည်ဆောက်ပြသခဲ့ပါသည်။ ပြင်သစ်အနုပညာရှင် Olivier မှ လစ်ဗာပူးမြို့၏ Williamson Square တွင် ၁၃ ရာစုအစောပိုင်း မှ ၁၈ ရာစုအစောပိုင်း ကာလအတွင်း တည်ဆောက်ခဲ့ကြသည့် ရဲတိုက်အဆောက်အဦများ ပုံစံအတိုင်း တည်ဆောက်ပြသခဲ့ခြင်းပါ။ ထို ရဲတိုက်အဆောက်အဦပေါင်း ၆ ခုကို ကတ်ထူစက္ကူပုံး အလွတ်များနှင့် တိပ်ပြားများကိုသာ အသုံးပြု၍ ဆက်စပ်တည်ဆောက်ပြသခဲ့ခြင်း ဖြစ်ပါသည်။

Saturday, August 25, 2018

စွန့်ပစ်ပစ္စည်းများနှင့် ဖန်တီးထားသည့်ရေပေါ်ဥယျာဉ် ရော့တာဒမ်မြို့တွင် ဖွင့်လှစ်

နယ်သာလန်နိုင်ငံ၊ ရော့တာဒမ်မြို့မှာလာရောက်လည်ပတ်သူတွေ အတွက်စွန့်ပစ်ပလတ်စတစ်ပစ္စည်းတွေကိုအသုံးပြုဖန်တီးထားတဲ့ ရေပေါ်ဥယျာဉ်တစ်ခုကိုပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ဖွင့်လှစ်လိုက်ပါတယ်။

ဒီဥယျာန်ကိုကျွန်းစုများပြန်လည်အသုံးချရေးဖောင်ဒေးရှင်းနဲ့အော်ဒီ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဖောင်ဒေးရှင်းတို့ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ဖောင်ဒေးရှင်းတွေဟာနယူးမြူ့စ်မြစ်ထဲမှာရှိတဲ့စွန့်ပစ်ပလတ်စတစ် ပစ္စည်းတွေကိုမြစ်ကြောင်းတစ်လျောက်တပ်ဆင်ထားတဲ့အမှိုက်စစ် ဇလားတွေကိုရေပေါ်ကျွန်းလေးတွေအဖြစ်လုပ်ဆောင်ဖို့ခွဲခြား စုဆောင်းခဲ့ပါတယ်။

Wednesday, August 15, 2018

တောင်ကမ်းပါးယံမှ ဈေးဆိုင်လေး

မြေပြင်ကနေ ပေ ၆၀၀၀ ကျော်အမြင့် ၊ မက်စောက်လှတဲ့ တောင်ကမ်းပါးယံထိပ်ပိုင်းတွင် ဖွင့်ထားတဲ့ ဒီဈေးဆိုင်လေးဟာ ဈေးဝယ်သူတွေ အနည်းပါးဆုံး ဈေးဆိုင်လေးတစ်ဆိုင်ဆိုလည်း မမှားပါဘူး။ ဒီဆိုင်လေးမှာ နို့နဲ့ ပေါင်မုန်းကဲ့သို့ အပေါ့စား အစားအစာများကို ၀ယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ ဈေးလာဝယ်တဲ့သူတွေကတော့ ဒီမက်စောက်လှတဲ့ တောင်ကမ်းပါးယံပေါ်ကို စွန့်စားတက်ရောက်ကြသူများပဲ ဖြစ်ပါတယ်။
ဒီဆိုင်လေးဟာ အမေရိကန်နိုင်ငံ Eldorado ချောက်ကမ်းပါးများတွင် တည်ရှိနေပြီး ခက်ခက်ခဲခဲ စွန့်စားတောင်တက်သူများ လာရောက်တက်ကြတဲ့ နေရာပါ။ ဒါကြောင့်လည်း ခက်ခဲစွာ တောင်ကမ်းပါးယံတစ်လျောက် တက်ရောက်လာကြသူများအနေနဲ့ ခေတ္တအနားယူရန်၊ ကိုယ်ခန္ဓာ နွေးထွေးအားပြည့်ပြီး တောင်ထိပ်အရောက် တက်ရောက်နိုင်စေရန် ရည်ရွယ်ကာ ဖွင့်လှစ်ထားခြင်း ဖြစ်ပါတယ်။

Tuesday, August 14, 2018

ရွှေရောင်တောက်ပနေသည့် ကမ္ဘာ့အမြင့်ဆုံးဟော်တယ်ကြီး

ကမ္ဘာ့အမြင့်ဆုံး ဟော်တယ်ကြီးအဖြစ် Dubai မှ Gevora ဟော်တယ်ကြီးကို သတ်မှတ်ခဲ့ကြပါတယ်။ ထိုဟော်တယ်ကြီးသည် အမြင့်ပေ 356.33 m (1,169 ပေ) ရှိကာ၂၀၁၈ ခု ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး လက်ရှိ ကမ္ဘာ့အမြင့်ဆုံး ဟော်တယ်ကြီးအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

အထပ်အားဖြင့် ၇၅ ထပ်ရှိပြီး ဟော်တယ်အခန်းပေါင်း ၅၂၈ ခန်းရှိပါတယ်။ ဟော်တယ်ကြီးကို ရွှေရောင်တောက်ပနေသော ပုံစံမျိုး ဒီဇိုင်းဖန်တီးတည်ဆောက်ထားပြီး စားသောက်ဆိုင်ခန်း ၄ ခု ၊ ကျန်းမာရေးဆိုင်ရာ လေ့ကျင့်ခန်းများ ၊ အမိုးဖွင့်ရေကူးကန်ကြီး နှင့် ဇိမ်ကျကျနေနိုင်သည့် spa ခန်းများလည်း ပါဝင်ပါတယ်။

ထိုဟော်တယ်မြင့်ကြီးမှနေ၍ Dubai မြို့ရဲ့ မြင်ကွင်းများကို အပေါ်စီးမှ ကြည့်ရှု့အနားယူနိုင်မည် ဖြစ်ပြီး တစ်ညတည်းခိုခ (£134/$191) ကျသင့်မည် ဖြစ်ပါတယ်။

Saturday, May 19, 2018

ဂျပန်နိုင်ငံမှ ပုံစံဆန်းပြား Toilet လေးများ

ဂျပန်နိုင်ငံဟာ ခေတ်မှီတိုးတက်ပြီး တီထွင်ဆန်းသစ်တတ်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်သလို ထူးထူးခြားခြား တီထွင်မှုများကိုလည်း ပြုလုပ်တတ်တာ အားလုံးအသိပါ။ ယခုလည်း အများပြည်သူသုံး Toilet(သန့်စင်ခန်း) လေးများကို ပုံစံဒီဇိုင်း ဆန်းဆန်းလေးများနဲ့ ဖန်တီးထားပုံလေးများကို တင်ပြပေးလိုက်ပါတယ်။ ဒီပုံများကို ဂျပန်ဓာတ်ပုံပညာရှင် H.Nakamura မှစုစည်း ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။ သန့်ရှင်းသပ်ရပ်ပြီး တွေ့မြင်နေကျပုံစံမျိုး မဟုတ်တဲ့ ဒီဇိုင်းဆန်းဆန်း Toilet လေးများကို ကြည့်လိုက်ရအောင်နော်...

Sunday, April 29, 2018

ကမ္ဘာတစ်လွှား အလှပဆုံး ပြဇာတ်ရုံကြီးများ

သူငယ်ချင်းတို့ကို ကမ္ဘာတစ်လွှားမှ ခမ်းနားလှပလွန်းတဲ့ ပြဇာတ်ရုံကြီးများကို တင်ပြပေးပါမယ်။ ကြီးမားကျယ်ပြန့်ရုံသာမက ပြဇာတ်ရုံထဲဝင်လိုက်သည်နှင့် ငေးမောအံ့သြဖွယ်ကောင်းလှအောင် ဆွဲဆောင်နိုင်တဲ့ ပြဇာတ်ရုံကြီးများ ဖြစ်ပါတယ်။

ရုရှနိုင်ငံ စိန့်ပီတာစဘက်မြို့ကြီးမှ Mariinsky ပြဇာတ်ရုံကြီး

တရုတ်နိုင်ငံ ၊ ဟာဘင်းရှိ ပြဇာတ်ရုံကြီး

Friday, February 16, 2018

တရုတ်နိုင်ငံမှ ရေခဲဟော်တယ်

ထူးထူးခြားခြားတည်းခိုခြင်သူများအတွက် ရေခဲဟော်တယ်တစ်ခုကို တရုတ်နိုင်ငံမြောက်ပိုင်း အတွင်းမွန်ဂိုနီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ရှိ Hulunbuir တွင်ဖွင့်လှစ်ပေးခဲ့ပါသည်။ အကျယ်အ၀န်း ၁၀၀၀ စတုရန်းမီတာအထိရှိပြီး ရေခဲတန်ချိန်ပေါင်း ၁၅၀၀ တန်အထိ အသုံးပြုတည်ဆောက်ထားပါသည်။ ကမ္ဘာပေါ်ရှိ အလွန်အေးသော တိုင်းပြည်များတွင် ရေခဲဟော်တယ်များ ရှိခဲ့ကြသည့်နည်းတူ ယခုတရုတ်နိုင်ငံမှ ရေခဲဟော်တယ်သည်လည်း နွေးထွေစွာအိပ်စက်နိုင်မည့် အိပ်ယာများကို စီစဉ်ပေးထားပါသည်။ ထို့ပြင် လာရောက်တည်းခိုသူများ အနေဖြင့် နှင်းကိုက်နာကဲ့သို့ ရောဂါများ မဖြစ်ပွားရအောင် စီစဉ်ပေးထားသလို သတိပေးနှိုးဆော်ခြင်းကဲ့သို့ ၀န်ဆောင်မှုများကိုလည်း ပေးထားပါသည်။ ရေခဲဟော်တယ်ဆိုသည်နှင့်အညီ နွေးထွေးသောလများတွင် ရေခဲများအရည်ပျော်သွားတတ်ပြီး ရေခဲစေသည့် လများတွင် တစ်နှစ်တစ်ကြိမ် ပြန်လည်တည်ဆောက်ရပါသည်။

Related Posts Plugin for WordPress, Blogger...