Monday, October 16, 2017

တစ်နေ့ကို ဆယ်လ်ဖီအကြိမ်(၂၀၀) ရိုက်သူ


    အမေရိကန်ပြည်ထောင်စု၊ ဗာဂျီနီးယား ပြည်နယ်တွင် နေထိုင်သည့် အမျိုးသမီး တစ်ဦးသည် ဆယ်လ်ဖီ စွဲလမ်းနေခြင်းကြောင့် လူမှုဘ၀ကို ထိခိုက်လာခဲ့သည်။ အသက် (၂၃)နှစ်အရွယ်ရှိ ချာလော့တီသည် အချိန်တိုင်း ဆယ်လ်ဖီရိုက်ကူးရန် စိတ်ဆန္ဒ ပြင်းထန်လွန်းသောကြောင့် အခြားအရာများကို အနှောင့်အယှက် ဖြစ်လာခဲ့သည်။ ချစ်သူနှင့် စကားပြောချိန်တွင်လည်း ဆယ်လ်ဖီ ရိုက်ရန်သာ အာရုံစိုက်နေခဲ့သည်။ နောက်ဆုံးတွင် ချစ်သူဖြစ်သူက စွန့်လွှတ်သွားခဲ့သည်။ ဆယ်လ်ဖီကို တစ်နေ့အကြိမ် (၂၀၀) ခန့် ရိုက်ကူးခဲ့သည်။ ယင်းနောက် ရိုက်ကူးထားသော ဓာတ်ပုံများကို ပြန်လည်တည်းဖြတ်မှု ပြုလုပ်ပြီး အင်စတာဂရမ်တွင် တင်လေ့ရှိသည်။ ပုံများကို ရွေးချယ်တည်းဖြတ်ရန် တစ်နေ့ကို  (၅)နာရီခန့် အချိန်ယူပြီး နံနက်  (၃)နာရီမှ အိပ်ရာဝင်လေ့ ရှိသည်။
      ချာလော့တီသည် နံနက် (၇)နာရီတွင် အိပ်ရာထပြီး ကျောင်းသွားရန် ပြင်ဆင်သည်။ ယင်းနောက် ဆယ်လ်ဖီ ရိုက်ကူးရာတွင် ချောမောလှပဖို့ အလှပြင်ဆင်မှု ပြုလုပ်သည်။ နံနက်လင်းကတည်းက ဆယ်လ်ဖီဓာတ်ပုံ ရိုက်ကူးရန် ကြိုးစားခဲ့ပြီး စာသင်နေစဉ်တွင် လည်းကောင်း၊ အိမ်သာသွားစဉ် လည်းကောင်း စသည်ဖြင့် ဘာလုပ်လုပ် ဆယ်လ်ဖီ ရိုက်ကူးခဲ့သည်။ ရိုက်ကူးပြီးသည် ဆယ်လ်ဖီများကို  ည(၁၀)နာရီတွင် စတင်တည်းဖြတ်သည်။ ထို့နောက် ပုံများကို ရွေးချယ်ပြီး အကောင်းပုံကို အင်စတာဂရမ်တွင် တင်ရှိခဲ့သည်။ အားလုံးပြီးချိန်တွင် နံနက်(၃)နာရီ ရှိနေပြီ ဖြစ်သည်။ ချာလော့တီကတော့ ယင်း၏အပြုအမူ အတွက် ကာကွယ်ပြောဆိုမှု ပြုလုပ်ခဲ့ပြီး ရောဂါတစ်ခုလို စွဲကပ်နေခြင်းမျိုး မရှိကြောင်း ပြောကြားခဲ့သည်။
Credit : messengernewsjournal.com 

အသက် (၁၄)နှစ် ဆိုပေမယ့် သူဟာအဘိုးအို


    အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့တွင် နေထိုင်သည့် အသက်(၁၄) နှစ်အရွယ် ကောင်ကလေးတစ်ဦးသည် အသက်ကြီး ရောဂါကြောင့် အဘိုးကြီးတစ်ဦးပုံစံ ပေါက်နေကြောင်း သိရသည်။ နီဟာဘီတလာသည် အခြားဆယ်ကျော်သက်များ ကဲ့သို့ ကွန်ပျူတာဂိမ်း ကစားခြင်းကို ၀ါသနာပါသည်။ ဘီတလာသည် တောက်ပသောမျက်ဝန်းတစ်စုံ ရှိနေသော်လည်း သူ၏ပုံစံက တစ်မျိုး ထူးခြားနေသည်။ ဦခေါင်းတွင်  ဆံပင်မရှိဘဲ အရေပြားများက အသက်ကြီးသူများ၏ ပုံစံမျိုးဖြစ်နေသည်။ အသက်(၁၄) နှစ် ရှိပြီဖြစ်သော်လည်း ကိုယ်အလေးချိန်က (၂၈) ပေါင်ထက် လျော့နည်းနေသည်။ လမ်းကိုတဖြည်းဖြည်း လျှောက်နေရသည်။ ဘီတလာသည် အသက်ကြီးရောဂါ ခံစားနေရခြင်း ဖြစ်သည်။ ယင်းရောဂါကို Hutchinson-Girlford Progeria Syndrome (HGPS) ဟု ခေါ်ဆိုသည်။ ပုံမှန်မဟုတ်သည့် မျိုးရိုးဗီဇကြောင့် ဖြစ်သည့် ရောဂါမျိုးဖြစ်သည်။ ယင်းရောဂါ ရရှိသူသည် သာမန်ထက် အသက်ရှစ်ဆ ပိုကြီးနေသည်ဟု ထင်ရမည် ဖြစ်သည်။ ယင်းရောဂါ ခံစားရသူသည် နှလုံးရောဂါပါ ပူးတွဲခံစားရလေ့ရှိပြီး၊ အသက် (၁၄)နှစ် ခန့်သာ နေရလေ့ ရှိကြောင်း သိရသည်။ လက်ရှိအချိန်တွင် ဘီတလာသည် ဆော့ကစားနေသော်လည်း နေရမည့် ရက်များက သိပ်မကျန်တော့ပေ။ ဘီတလာသည် ကျောင်းမှ ထွက်လိုက်သည်မှာ ငါးနှစ်ရှိသွာပြီး အိမ်တွင် ပန်းချီဆွဲခြင်း၊ အင်တာနက် အသုံးပြုခြင်းတို့ဖြင့် အချိန်ကုန်ဆုံးလေ့ ရှိသည်။
Credit : messengernewsjournal.com 

ကျယ်လောင်သော အသံများ မကြာမကြာ ကြားနေရသူများ နှလုံးရောဂါ ဖြစ်နိုင်ခြေပိုများ


     အလုပ်ခွင်ထဲမှာသော် လည်းကောင်း၊ ရပ်ကွက်ထဲမှာ သော်လည်းကောင်း ကျယ်လောင်သော စက်သံများ၊ လော်စပီကာသံများ မကြာမကြာ ကြားနေရသူများသည် နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေ ပိုများကြောင်း အမေရိကန် လေ့လာမှု စစ်တမ်းတစ်ရပ်က သတိပေးလိုက်သည်။
      လေ့လာသုတေသနကို လက်ဆင်တန်မြို့ရှိ ကန်တာကီ တက္ကသိုလ်ရှိ ပြည်သူ့ ကျန်းမာရေး ကောလိပ်မှ ဒေါက်တာ ၀မ်ချီဂန်နှင့် အဖွဲ့က ပြုလုပ်ထားခြင်း ဖြစ်ပြီး၊ အလုပ်အကိုင်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဆေးပညာဂျာနယ် Occupational and Environment Medicine တွင် ဖော်ပြထားသည်။ အမေရိကန် ကျန်းမာရေး သန်းခေါင်စာရင်းထဲမှ လူပေါင်း(၅၂၂၃) ဦးကို ရွေးထုတ်ကာ သုတေသန ပြုထားခြင်း ဖြစ်သည်။ စာရင်းများသည် ၁၉၉၉ မှ ၂၀၀၄ ခုနှစ်ကြား အချက်အလက်များ ဖြစ်ပြီး၊ ပါဝင်သူများသည် အသက်(၂၀)မှ (၆၉) ကြားများ ဖြစ်သည်။
      ကျယ်လောင်သော အသံများကြောင့် နားနှစ်ဖက်လုံး အကြားအာရုံ ချို့ယွင်းရသူများသည် တစ်ဖက် ချို့ယွင်းရသူများ ထက်လည်း နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေ နှစ်ဆပိုများကြောင်း တွေ့ရှိခဲ့ရသည်။ အထူးသဖြင့် အလုပ်ခွင်ထဲတွင် ကျယ်လောင်သော အသံများနဲ့ ထိတွေ့မှု အများဆုံး ဖြစ်သည့် အသက်(၅၀) အောက် လူများသည် နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေ လေးဆထိ ပိုများကြောင်း သိရသည်။
      ဆူညံသော ၀န်းကျင်မျိုးတွင် အလုပ် လုပ်ကိုင်ရသူများ အနေဖြင့် နားကာများ၊ အစွပ်များ တပ်ဆင်ထားခြင်းဖြင့် နားထိခိုက်နှုန်းကို လျှော့ချနိုင်ကြောင်း ဒေါက်တာဂန်က အကြံပြုထားသည်။
Source: Reuters
Credit : messengernewsjournal.com

ချစ်စရာကောင်းခြင်း၏ နောက်ကွယ်က အကြောင်းအရင်းကို တွေ့ရှိ


မျက်လုံးဝိုင်းဝိုင်း၊ အမွေးပွပွနှင့် ကြောင်ကလေးများ၊ ခွေးကလေးများ၊ သိုးငယ်လေးများနှင့် ပင်ဂွင်းလေးများကို မြင်သည့်အခါတွင် ချစ်စရာ ကောင်းသည်ဟု မပြောဘဲ မနေနိုင် ဖြစ်ကြရသည်။
          ယင်းတိရစ္ဆာန်လေးများ လူသားများ၏ နှလုံးသားကို အရည်ပျော်အောင် မည်သည့်နည်းဖြင့် လုပ်နိုင်သည်ကို How It Works မဂ္ဂဇင်းက လေ့လာပြီး တွေ့ရှိချက်များကို ဖော်ထုတ်တင်ပြလိုက်ပြီ ဖြစ်သည်။
          နို့တိုက် သတ္တ၀ါလေးများတွင် ချစ်စရာ ကောင်းသည် ဆိုသည့် လက္ခဏာလေးများ ရှိတတ်ကြသည်။ မျက်လုံးဝိုင်းဝိုင်း၊ ခေါင်းကြီးကြီး၊ ၀၀ဖိုင့်ဖိုင့်၊ အသားပျော့ပျော့လေး များမှာ ချစ်မွေးရှိသည် ထင်တတ်ကြသည့် လက္ခဏာများ ဖြစ်ကြကြောင်း မဂ္ဂဇင်းက ဆိုသည်။ ချစ်စရာ ကောင်းသည်ဆိုသည့် အရာတစ်ခုခုကို မြင်တွေ့ပြီးနောက်တွင် ယင်း အရာသည် လူ့ဦးနှောက်ရှိ မဲဆိုကော်တီ ကိုလမ်ဘစ်စနစ်ကို လှုံ့ဆော် ပေးတတ်သည်။ ယင်းနေရာသည် လှုံ့ဆော်မှုနှင့် ဆက်စပ်သော နေရာတစ်ခုဖြစ်သည်။
          ကလေးငယ်တစ်ဦးကို မြင်တွေ့ရပါက ဦးနှောက်သည် ကိုယ်ငယ်စဉ်ဘ၀က ပုံစံလေးကို သတိရစေကာ ဦးနှောက်တွင်းရှိ ဒိုဖာမင်း ဓာတ်ကို ထုတ်ပေးတတ်သည်။ ၄င်းဓာတ်မှာ ချစ်ကျွမ်းဝင်ရာတွင်လည်း ထုတ်ပေးတတ်သည့် ဓာတ်ဖြစ်ကာ ကောင်းမွန်သော ခံစားချက်ကို ဖြစ်စေပါသည်။
          ချစ်စရာကောင်းမှု အပေါ် သာယာခြင်းမှာ ဦးနှောက်တွင်းရှိ ဒိုဖာမင်းနှင့် အောက်ဇီတိုဆင်ဓာတ် ထွက်ရှိမှုနှင့်ဆိုင်ပြီး မဂ္ဂဇင်းအယ်ဒီတာ ဂျိုဒီတိုင်လေက ပြောဆိုခဲ့သည်။ ၄င်းဓာတ်များသည် လူမှုဆက်ဆံရေး၊ လူလူချင်းရင်းနှီးမှုနှင့် လိင်ဆက်ဆံမှု များအထိ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်။
Source:DM
Credit: messengernewsjournal.com
Related Posts Plugin for WordPress, Blogger...