Thursday, November 28, 2013

အံ့ဩစရာကောင်းလောက်အောင် အသိမြန်၊ အတတ်မြန်လွန်းသည့် ကလေးငယ်


ကလေးငယ်တစ်ယောက် အတတ်မြန်၊ အသိမြန်သည့်အခါ "လူဖြစ်မြန်လိုက်တာ"ဟု အများက ချီးကျူးကြသည်။
ဂျိုနသန်သော့ပ်ကမူ လူဖြစ်အမြန်တကာ့ အမြန်ဆုံး ကလေးငယ် တစ်ဦးအဖြစ် တင်စားနိုင်မည် ဖြစ်သည်။
ဂျိုနသန်သည် လူ့လောကထဲ ရောက်ချိန်ကိုပင် ခပ်မြန်မြန် အစပြုခဲ့သူ ဖြစ်သည်။ ဂျိုနသန်ကို
မွေးဖွားရာတွင် ချောမောလွယ်ကူလွန်းပြီး မွေးဖွားချိန် (၅)မိနစ်သာ ကြာခဲ့ကြောင်း ၎င်း၏မိခင်
ဟီသာသော့ပ်က ဆိုသည်။ ထို့နောက်တွင်လည်း ဂျိုနသန် အနေဖြင့် အရာရာ အတတ်မြန်၊ အသိမြန်စွာ
ကြီးပြင်းလာခဲ့သည်။ ဂျိုနသန်၏ ဉာဏ်ရည် ဖွံ့ဖြိုးမှုသည် အခြားရွယ်တူ ကလေးငယ်များထက် သိသိသာသာရှေ့ပြေးနေကြောင်းလည်း သိရသည်။
မိသားစုနှင့် အပေါင်းအသင်းများက ဂျိုနသန်ကို ဆတ်ဆတ်ကြဲကလေးဟု နာမည်ပေးထားသည်။ ဂျိုနသန်သည်မွေးဖွားချိန် (၅)မိနစ်ဖြင့် ဘဝကို အစပြုခဲ့သည့်နောက် အသက်(၇)လသား အရွယ်တွင် လမ်းစလျှောက်သည်။

မျက်ခွံပေါ်မှ ထူးထူးခြားခြား မိတ်ကပ် ဆေးရေးပန်းချီ


ထူးချွန်သည့် ပန်းချီပညာရှင် တစ်ဦးအတွက် နေရာတိုင်းသည် ပိတ်ကားတစ်ချပ် ဖြစ်နိုင်ကြောင်း အစ္စရေး မိတ်ကပ်ပညာရှင် တစ်ဦးက လက်တွေ့ပြသလိုက်သည်။ Blogger တစ်ဦးလည်းဖြစ်သည့် တယ်လ်ပီလက်သည် ကိုယ်တိုင်ဖန်တီးထားသည့် မျက်ခွံအလှခြယ် ပုံရိပ်များကို အင်တာနက်တွင် လွှင့်တင်ပြသခဲ့ရာ လူအများ တအံ့တဩ ချီးကျူးခဲ့ရသည်။ သူမသည် မျက်ခွံနှင့် မျက်လုံးကြား နေရာများတွင် အလွန်ဆန်းကျယ်သည့် အနုစိတ် ပန်းချီပုံလေးများကို ဖက်ရှင်တစ်ခုအဖြစ် ခြယ်သ ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့စံချိန်တင် မီးလုံးအရေအတွက်ဖြင့် အလှဆင်ထားသည့် နေအိမ်


ဩစတြေးလျမှ မိသားစု တစ်ခုသည် ခရစ္စမတ် ကာလအတွက် ရည်စူးကာ ကမ္ဘာ့စံချိန်တင် မီးလုံးအရေအတွက်ဖြင့် နေအိမ်ကို အလှဆင်ခဲ့ကြောင်း သိရှိရသည်။ ကန်ဘာရာရှိ ဒေးဗစ်ရစ်ချတ်တို့ မိသားစုသည် မီးလုံးပေါင်း (၅၀၂၁၆၅)လုံးကို အသုံးပြုကာ ခရစ္စမတ် ကာလအတွက် နေအိမ်အလှဆင်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ၎င်းတို့သည် ဂင်းနစ် ကမ္ဘာ့မှတ်တမ်း စံချိန်အဖွဲ့၏ နေအိမ်ကို မီးလုံးအရေအတွက် အများဆုံး အလှဆင်နိုင်သည့် စံချိန်သစ်အဖြစ် အသိအမှတ်ပြုခြင်းကို ခံခဲ့ရသည်။ ဒေးဗစ်တို့ မိသားစုသည် (၂၀၁၁)ခုနှစ်က မီးလုံးပေါင်း (၃၃၁၀၃၈)လုံးဖြင့် အဆိုပါ ကမ္ဘာ့စံချိန်ကို စတင်ရရှိခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မှ မိသားစုတစ်ခုက မီးလုံးအရေအတွက် (၃၄၆၂၈၃)လုံးဖြင့် ၎င်းတို့၏ စံချိန်ကို ကျော်ဖြတ်သွားသည်။

ဗုဒ္ဓ၏ သမိုင်းကြောင်းနှင့် စပ်လျဉ်းသည့် အစောဆုံး အထောက်အထား တွေ့ရှိ

ဗုဒ္ဓ၏ သမိုင်းကြောင်းနှင့် စပ်လျဉ်းသည့် အစောဆုံး အထောက်အထား တွေ့ရှိ
ဗုဒ္ဓမြတ်စွာဘုရား၏ သမိုင်းကြောင်းကို ယခုထက် ပိုမို၍ ထဲထဲဝင်ဝင် အထောက်အထား ရှာဖွေနိုင်မည့် သာသနိက အထိမ်းအမှတ် အဆောက်အအုံ တစ်ခုကို သုတေသီများက တူးဖော် တွေ့ရှိခဲ့ကြောင်း သိရှိရသည်။ နီပေါနိုင်ငံ၊ လုမ္ဗဏီ ဥယျာဉ်အတွင်း၌ သစ်သားဖြင့် ဆောက်လုပ်ထားသည့် ဗိမာန်နေရာဟောင်း တစ်ခုကို ရှေးဟောင်းသုတေသန ပညာရှင်များက တူးဖော်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အဆောက်အအုံသည် သစ်ပင်တစ်ပင်ကို ကာကွယ်ဆောက်လုပ်ထားသည့် အခြေအနေဟု ယူဆရသည်။ ဗုဒ္ဓဝင် မှတ်တမ်းများအရ ဗုဒ္ဓ၏ မယ်တော်ဖြစ်သော မာယာဒေဝီသည် သစ်ကိုင်းတစ်ခက်ကို လက်ဖြင့်ဆွဲလျှက် ဗုဒ္ဓအလောင်းအလျာ မင်းသားကို ဖွားမြင်ခဲ့ကြောင်း သိရှိရသည်။ လုမ္ဗဏီရှိ မာယာဒေဝီ ဘုရားကျောင်း နေရာတွင် တူးဖော်တွေ့ရှိသည့် ယခုဗိမာန်ဟောင်းသည် အဆိုပါ ဖြစ်စဉ်နှင့် ဆက်စပ်နေဖွယ် ရှိကြောင်း ပညာရှင်များက ယုံကြည်နေသည်။
 
Related Posts Plugin for WordPress, Blogger...