
ဩစတြေးလျမှ မိသားစု တစ်ခုသည် ခရစ္စမတ် ကာလအတွက် ရည်စူးကာ ကမ္ဘာ့စံချိန်တင် မီးလုံးအရေအတွက်ဖြင့် နေအိမ်ကို အလှဆင်ခဲ့ကြောင်း သိရှိရသည်။ ကန်ဘာရာရှိ ဒေးဗစ်ရစ်ချတ်တို့ မိသားစုသည် မီးလုံးပေါင်း (၅၀၂၁၆၅)လုံးကို အသုံးပြုကာ ခရစ္စမတ် ကာလအတွက် နေအိမ်အလှဆင်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ၎င်းတို့သည် ဂင်းနစ် ကမ္ဘာ့မှတ်တမ်း စံချိန်အဖွဲ့၏ နေအိမ်ကို မီးလုံးအရေအတွက် အများဆုံး အလှဆင်နိုင်သည့် စံချိန်သစ်အဖြစ် အသိအမှတ်ပြုခြင်းကို ခံခဲ့ရသည်။ ဒေးဗစ်တို့ မိသားစုသည် (၂၀၁၁)ခုနှစ်က မီးလုံးပေါင်း (၃၃၁၀၃၈)လုံးဖြင့် အဆိုပါ ကမ္ဘာ့စံချိန်ကို စတင်ရရှိခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မှ မိသားစုတစ်ခုက မီးလုံးအရေအတွက် (၃၄၆၂၈၃)လုံးဖြင့် ၎င်းတို့၏ စံချိန်ကို ကျော်ဖြတ်သွားသည်။


ထို့ကြောင့်လည်း အဆိုပါ စံချိန်ကောင်းကို ပြန်လည်ရရှိရန်အတွက် ယခုနှစ် ခရစ္စမတ်အမီ ပြန်လည် ပြင်ဆင်ခဲ့ကြသည်။ ရလဒ်အရ မီးလုံးအရေအတွက် (၅၀၂၁၆၅)လုံးဖြင့် ဂင်းနစ်မှတ်တမ်းအဖွဲ့၏ ကမ္ဘာ့စံချိန်ကို ဒေးဗစ်တို့ ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်သည်။ ဒေးဗစ်တို့ မိသားစုသည် အဆိုပါ မီးလုံးများကို တပ်ဆင်ရန် ဝါယာကြိုးအရှည် (၃၁)မိုင် အသုံးပြုခဲ့ရသည်။ မီးလုံးများကို ရိန်းဒီးယား သမင်ကြီးများအသွင်၊ ခရစ္စမတ် သစ်ပင်ကြီးများအပြင် ပုံဖော်ထားကြသည်။ မီးလုံးများ ထွန်းညှိထားသလို သီချင်းကျယ်ကျယ်များလည်း ဖွင့်ထားရာ ပတ်ဝန်းကျင်ရှိ အိမ်နီးချင်း အချို့က အနှောင့်အယှက် ဖြစ်ရကြောင်းပင် ဝေဖန်ခဲ့ကြသေးသည်။


ညဘက်ဆိုလျှင် ဒေးဗစ်တို့နေအိမ်ကို မိုင်နှင့်ချီ ကွာဝေးသော အရပ်မှပင် တွေ့မြင်နိုင်မည် ဖြစ်သည်။ ဒေးဗစ်တို့သည် (၂၀၁၁)ခုနှစ်က ပထမအကြိမ် ကမ္ဘာ့စံချိန် မတင်မီက အိမ်နီးနားချင်း အချို့၏ မုန်းတီးမှုဖြင့် အပြောအဆို မလုပ်ဘဲ ဥပေက္ခာ ပြုခြင်းကိုပင် ခံခဲ့ရသည်။ သို့သော်လည်း နောက်ပိုင်းတွင် ၎င်းတို့၏ ထူးခြားသော စိတ်ကူးလက်ရာကို ဂင်းနစ်အဖွဲ့က အသိအမှတ် ပြုလာသည့်နောက် ပတ်ဝန်းကျင်မှ ဝိုင်းဝန်းအားပေး ကူညီမှုများပြင် ရှိလာကြောင်း သိရသည်။ ယခုစံချိန်သစ်အတွက် မီးလုံးများ တပ်ဆင်ရာတွင်လည်း အိမ်နီးချင်းများက လုပ်အားပေး အားဖြည့်ခဲ့ကြသည်။

ဒေးဗစ်တို့၏ နေအိမ်ကို မီးထွန်းညှိသည့် စရိတ်မှာ တစ်လလျှင် ပေါင်စတာလင် (၁၄၀၀)မျှထိ ကုန်ကျသည်။ သို့သော်လည်း ယင်းကို ဒေသတွင်း စွမ်းအင်ကုမ္ပဏီ တစ်ခုက စပွန်ဆာပေး ထောက်ပံ့ထားကြောင်း သိရသည်။ ထို့အပြင် နေအိမ်ကို အများလည်ပတ်စရာ နေရာတစ်ခုအဖြစ် ဖွင့်လှစ်ထားပြီး အလှူငွေများ ကောက်ခံကာ ကလေးသူငယ် ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု ရန်ပုံငွေအဖွဲ့များထံ လှူဒါန်းသွားမည်ဟုလည်း ကလေး(၃)ဦး၏ ဖခင်ဖြစ်သော ဒေးဗစ်က ပြောကြားထားသည်။ (၂၀၁၁)ခုနှစ်က လူပေါင်း(၇၀၀၀၀)ကျော် လာရောက်လည်ပတ်ခဲ့ပြီး ပေါင်စတာလင် (၄၄၀၀၀)မျှထိ ရရှိခဲ့သည်။ ဒေးဗစ်သည် ယခုနှစ် ခရစ္စမတ်တွင်မူ ရန်ပုံငွေ ပေါင်စတာလင် (၅၆၀၀၀)မျှထိ ရရှိလာရန် မျှော်လင့်နေကြောင်းလည်း သိရှိရသည်။
ref: planet.com.mm

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။