ကမ္ဘာသမိုင်းတွင် စစ်ရေး ၊ စီးပွားရေးနှင့် နိုင်ငံရေးတို့တွင်ပါ အရေးပါလှသည့် တူးမြောင်းကြီးတစ်ခုမှာ စူးအက်တူးမြောင်းကြီး (Suez Canal) ဖြစ်ပါသည်။ စူးအက်တူးမြောင်းကြီးသည် အီဂျစ်နိုင်ငံ အရှေ့မြောက်ဘက်တွင် တည်ရှိနေပြီး လူသားတို့တူးဖော်ထားသည့် ကမ္ဘာကျော် ရှေးဟောင်းတူးမြောင်းကြီးတစ်စင်း ဖြစ်ပါသည်။ ယခင်က ဥရောပတိုက် နှင့် အာရှတိုက်ကို ရေလမ်းခရီးဖြင့် သွားလာလိုပါက အာဖရိကတိုက် တစ်တိုက်လုံးကို ကွေ့ပတ်ကာ တောင်အတ္တလန်တိတ် သမုဒ္ဒရာ နှင့် တောင်ဘက်စွန်း အိန္ဒိယသမုဒ္ဒရာတို့ကို ဖြတ်သန်းသွားရပါသည်။ တူးမြောင်းကြီး ဖောက်လုပ်ပြီးစီးသဖြင့် ထိုနေရာများကို ဖြတ်သန်းစရာမလိုအပ်တော့ဘဲ မြောက်အတ္တလန်တိတ်သမုဒ္ဒရာမှ မြောက်ဘက်စွန်းအိန္ဒိယသမုဒ္ဒရာတို့ကို တိုက်ရိုက်လမ်းပေါက်ခဲ့ပါသည်။

စူးအက်တူးမြောင်းကြောင့် ယခင်ရေလမ်းခရီးမှ မိုင်ပေါင်း ၄၃၀၀ ခန့် (၇၀၀၀ ကီလိုမီတာခန့်) အထိ လျော့ချနိုင်ကာ ခရီးတိုခဲ့ပါသည်။ စူးအက်တူးမြောင်းကြီး၏ အရှည်သည် မိုင် ၁၂၀.၁၁ မိုင် (193.30 km) ရှိပါသည်။ တူးမြောင်းကြီးသည် မြေထဲပင်လယ် နှင့် ပင်လယ်နီကို ဆက်သွယ်ဖောက်လုပ်ထားပြီး ထိုပင်လယ်နှစ်ခု၏ ပင်လယ်ရေမျက်နှာပြင်အမြင့် တူညီမှုရှိသောကြောင့် သီးခြားရေတံခါးထားရခြင်း မရှိပါ။

စူးအက်တူးမြောင်းသည် အကျယ် ၁၉၇ ပေရှိကာ ရေစူး ၁၆ မီတာ ရှိ သင်္ဘောများ ၊ တန်ချိန် ၁ သိန်း ခွဲရှိ သင်္ဘောများဖြတ်သန်းနိုင်ပါသည်။ တူးမြောင်းကြီးစတင်ဖောက်လုပ်ချိန်က ရေလမ်းကြောင်းတစ်လမ်းသာ ရှိသော်လည်း ယခုအခါ နှစ်လမ်းသွားရေလမ်းများနှင့် ရေကန်ကြီးများကြားတွင် လမ်းခွဲများလည်း ရှိပါသည်။ တူးမြောင်းကြီးသည် သဲကန္တာရကို ဖြတ်သန်းသွားရသလို Manzilah ၊ Timsāh နှင့် Bitter အမည်ရှိ ရေကန် ၃ ကန်ကိုလည်း ဖြတ်သန်းသွားရပါသည်။