Saturday, March 18, 2017

ပီရူး သဲကန္တာရ အောက်မှ ထူးဆန်းပြီး ကြီးမားသည့် လက်သုံးချောင်း အရိုးစုကို တွေ့ရှိ

သိပ္ပံနည်းဖြင့် အဖြေမထုတ်နိုင်သည့် အရာများကို စူးစမ်းရှာဖွေနေသည့် အဖွဲ့တစ်ဖွဲ့သည်   ဂြိုဟ်သား သို့မဟုတ် ရှေးခေတ်လူ၏ အရိုးနှင့် ပုံသဏ္ဌာန်တူသော ထူးဆန်းပြီး ကြီးမားသည့် လက်သုံးချောင်းပါ လက်အရိုးစု တစ်ခုကို ရှာဖွေတွေ့ရှိသည်။
သဘာဝလွန် ဖြစ်ရပ်များကို စိတ်ဝင်စားသည့် အမည်ထုတ်ဖော် ပြောထားခြင်း မရှိသော  အဆိုပါ အဖွဲ့သည် ယင်းအရိုးစုကို ပီရူးနိုင်ငံ ကပ်စ်ကိုမြို့မှ ရှာဖွေတွေ့ရှိခြင်း ဖြစ်ကြောင်း အတည်ပြု ပြောထားသည်။
ထို့ပြင် ရှည်လျားလှသော အဆိုပါ အရိုးစုကို ကပ်စ်ကိုမြို့ သဲကန္တာရ အောက်ရှိ လိုဏ်ခေါင်းများနှင့် ဂူများအတွင်းမှ တွေ့ရှိခြင်း ဖြစ်ကြောင်း ပြောသော်လည်း တည်နေရာ အတိအကျကိုမူ ထုတ်ဖော် ပြောထားခြင်း မရှိပေ။
ထို့နောက် အဆိုပါ အဖွဲ့သည် ယင်းအရိုးစုကို ပီရူးနိုင်ငံတွင် ခရီးသွား ကုမ္ပဏီ ထောင်ထားသည့် ဘရိုင်ယန် ဖိုးစတား အမည်ရှိ သဘာဝလွန် ဖြစ်ရပ်များကို စူးစမ်းရှာဖွေသူ တစ်ဦးထံသို့ လွှဲပြောင်း ပေးအပ်လိုက်သည်။
ဖိုးစတားသည် ယင်းအရိုးစုကို စူးစမ်း စစ်ဆေးပေးရန် အတွက် အမည် ဖော်ပြထားခြင်း မရှိသော ကျွမ်းကျင် ပညာရှင် အဖွဲ့တစ်ဖွဲ့ကို ဖိတ်ခေါ်လိုက်ပြီး စစ်ဆေးမှုများ စတင် ပြုလုပ်သည်။ ယင်းကျွမ်းကျင် ပညာရှင်များ၏ ထုတ်ပြန်ချက်အရ လက်ရှိလူသား များ၏ လက်ချောင်း တစ်ချောင်းတွင် အရိုးငါးခုသာ ပါဝင်သော်လည်း အဆိုပါ အရိုးစုရှိ  လက်ချောင်း တစ်ချောင်းချင်း စီသည် အရိုးခြောက်ခုစီ ပါဝင်ကြောင်း သိရသည်။
ထို့ပြင် အဆိုပါ ကျွမ်းကျင် ပညာရှင်များ၏ ဓာတ်မှန်ရိုက် စစ်ဆေးချက်အရ ယင်းအရိုးစုသည် အရိုးအစစ်များ၊ အရေပြားတစ်သျှူး အစစ်များဖြင့် ပါဝင် ဖွဲ့စည်းထားသည့် စစ်မှန်သော ဇီဝဗေဒ ဆိုင်ရာ ပစ္စည်းတစ်ခု ဖြစ်သည်ဟု ၎င်းတို့က အတည်ပြုထားသည်။
ဆက်လက်ပြီး အဆိုပါ သုတေသန ပညာရှင်များသည် သက်ရှိတို့တွင် ပါရှိသည့် ရေဒီယို သတ္တိကြွမှု ရှိသော ကာဗွန်ဒြပ်စင်နည်း (ရေဒီယို ကာဗွန်နည်း) အပြင် ဒီအင်န်အေ နည်းတို့ဖြင့်ပါ ယင်းအရိုးစုကို စစ်ဆေးမှုများ ပြုလုပ်ရန် စီစဉ်ထားပြီး အဆိုပါ စစ်ဆေးမှုကို ယခုနှစ် အစောပိုင်းတွင် အမေရိကန် ပြည်ထောင်စု၌ ပြုလုပ်သွားဖွယ် ရှိသည်။
Credit:မြ၀တီ

အလင်းရောင်ထွက်သော ကမ္ဘာ့ ပထမဆုံး ဖားမျိုးစိတ်ကို အာဂျင်တီးနားတွင် ရှာဖွေတွေ့ရှိ

မီးချောင်းကဲ့သို့ အလင်းရောင်ထွက်သည့် ကမ္ဘာ့ပထမဆုံး ဖားမျိုးစိတ်သစ် တစ်မျိုးကို အာဂျင်တီးနား နိုင်ငံ ဆန်တာဖီမြို့၌ မတော်တဆ တွေ့ရှိကြောင်း သိရသည်။
တောင်အမေရိက တိုက်တွင်သာမြင်တွေ့ ရလေ့ရှိသော အဆိုပါ ဖားမျိုးစိတ်သည် ခရမ်း လွန်ရောင်ခြည် အလင်းရောင်အောက်တွင် အစိမ်းတောက်တောက် အရောင်ဖြင့် တောက် ပခြင်းဖြစ်သည်။
သေးငယ်သော်လည်း အားမာန်နှင့် ပြည့်ဝသည့် သက်ရှိသတ္တဝါများ အစုအဖွဲ့ကိုပေါင်း စပ်ထားသကဲ့သို့ ဖြစ်တည်နေခြင်းသည် ယင်းဖားငယ်ကို အရောင်တောက်ပစေခြင်း၏ လျှို့ဝှက်ချက်ပင် ဖြစ်နိုင်သည်။ အာဂျင်တီးနားနိုင်ငံ ဘွေနိုဆိုင်းရက်စ်မြို့ ရှိ သဘာဝ သိပ္ပံပြတိုက်မှ သိပ္ပံပညာရှင်များ ပါဝင်သော အဖွဲ့တစ်ဖွဲ့သည် ဖားများ၏အသား အရေတွင် အရောင်ဖြစ်ပေါ်မှုကို စူးစမ်းလေ့လာရာမှ ယင်းဖားမှ အလင်းရောင်များ ထွက်ပေါ်မှုကို မမျှော်လင့်ဘဲ မုတ်ဆိတ် ပျားစွဲသကဲ့ သို့တွေ့ရှိခြင်းဖြစ်သည်။
မြေပေါ်သတ္တဝါများတွင်မူ ထိုကဲ့သို့ အလင်းရောင် ထွက်ရှိမှုကို ကြက်တူရွေးများနှင့် အချို့သော ကင်းမြီးကောက်များ တွင်သာ တွေ့ရလေ့ရှိသည်။ သို့သော် ယင်းသို့အလင်းရောင် ထွက်ရှိမှု၏ ရည်ရွယ်ချက်မှာ မိတ်လိုက်ရန် ဆွဲဆောင်မှု၊ ပုံဖျက်ဖုံးကွယ်မှုနှင့်  ဆက်သွယ်ရန် အစရှိသည့် လုပ်ဆောင်မှုများ အတွက်ဖြစ်သည်မှာ ဟုတ်၊ မဟုတ်ကိုမူ  သိပ္ပံပညာရှင်များက အတိအကျ ဆုံးဖြတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
Credit:မြ၀တီ

ပစိဖိတ်သမုဒ္ဒရာ အောက်တွင် ငါးသရဲကို ပထမဆုံးအကြိမ် ရှာဖွေတွေ့ရှိ

သိပ္ပံပညာရှင်များသည် ပစိဖိတ်သမုဒ္ဒရာ အတွင်းရှိ အနက်ရှိုင်းဆုံး ရေအောက်တွင် နေထိုင်ကျက်စား နေသည့် Aphyonidae မျိုးစိတ် ငါးသရဲကို အသက်ရှင်လျက် ပထမဆုံးအကြိမ် ရှာဖွေ တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်များ အရ သိရသည်။
အရှည် ၄ လက်မရှိပြီး ငါးရှဥ့်နှင့် တူသည့် အဆိုပါ ငါးသရဲသည် အံ့သြဖွယ် အဖြူရောင် အရေပြားနှင့် ဖားလောင်းကဲ့သို့ အမြီးရှိကြောင်း၊ ၎င်း ငါးသရဲကို ပစိဖိတ် သမုဒ္ဒရာ အတွင်း ပင်လယ်ရေအောက် ၈၂ဝဝ ပေအနက်တွင် တွေ့ရှိပြီးနောက် ဓာတ်ပုံရိုက်ယူနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိပ္ပံပညာရှင်များက ပြောကြားသည်။ Aphyonidae မျိုးစိတ်ဝင် ငါးသရဲကို ယခုကဲ့သို့ အသက်ရှင်လျက် ရှာဖွေ တွေ့ရှိခြင်းသည် ပထမဆုံးအကြိမ် ဖြစ်ကြောင်းနှင့် ယင်း ငါးမျိုးကို အရှင်တွေ့ရှိရန် ခဲယဉ်းသော ကြောင့် တစ်မူထူးခြားသော တွေ့ရှိချက်တစ်ခုပင် ဖြစ်ကြောင်း NOAA မှ ငါးလုပ်ငန်းဆိုင်ရာ ဇီဝဗေဒ ပညာရှင် တစ်ဦးဖြစ်သည့် ဘရု့စ်မန်ဒီက ပြောကြားသည်။ ထို့ပြင် ၎င်းတွေ့ရှိချက်သည် ယင်းငါးများက မည်သည့် ရေအတိမ်အနက်တွင် မဆို သို့မဟုတ် သမုဒ္ဒရာ၏ အောက်ခြေပိုင်းတွင်သာ နေထိုင်ကျက်စားခြင်း ရှိမရှိနှင့် ပတ်သက်၍ လေ့လာမှုများ လုပ်ဆောင်ရာတွင် သိပ္ပံပညာရှင်များအား အထောက်အကူ ပေးနိုင်မည် ဖြစ်ကြောင်း မန်ဒီက ဆက်လက် ပြောကြားသည်။ အဆိုပါငါး၏ အရေပြားတွင် အကြေးခွံများ မရှိဘဲ ကျောက်ကျောကဲ့သို့ ပြောင်ချော၍ အကြည်ရောင်ရှိကြောင်း NOAA ကထုတ်ပြန်ချက် တစ်စောင်တွင် ပြောကြားသည်။ ယင်း ငါးသရဲကို Marianas Trench Marine National Monument and the Northern Mariana Islands အဖွဲ့တို့၏ သုတေသန လုပ်ဆောင်မှု တစ်ခုအတွင်း ရှာဖွေ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Credit:မြ၀တီ

Related Posts Plugin for WordPress, Blogger...