Saturday, March 18, 2017

ပစိဖိတ်သမုဒ္ဒရာ အောက်တွင် ငါးသရဲကို ပထမဆုံးအကြိမ် ရှာဖွေတွေ့ရှိ

သိပ္ပံပညာရှင်များသည် ပစိဖိတ်သမုဒ္ဒရာ အတွင်းရှိ အနက်ရှိုင်းဆုံး ရေအောက်တွင် နေထိုင်ကျက်စား နေသည့် Aphyonidae မျိုးစိတ် ငါးသရဲကို အသက်ရှင်လျက် ပထမဆုံးအကြိမ် ရှာဖွေ တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်များ အရ သိရသည်။
အရှည် ၄ လက်မရှိပြီး ငါးရှဥ့်နှင့် တူသည့် အဆိုပါ ငါးသရဲသည် အံ့သြဖွယ် အဖြူရောင် အရေပြားနှင့် ဖားလောင်းကဲ့သို့ အမြီးရှိကြောင်း၊ ၎င်း ငါးသရဲကို ပစိဖိတ် သမုဒ္ဒရာ အတွင်း ပင်လယ်ရေအောက် ၈၂ဝဝ ပေအနက်တွင် တွေ့ရှိပြီးနောက် ဓာတ်ပုံရိုက်ယူနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိပ္ပံပညာရှင်များက ပြောကြားသည်။ Aphyonidae မျိုးစိတ်ဝင် ငါးသရဲကို ယခုကဲ့သို့ အသက်ရှင်လျက် ရှာဖွေ တွေ့ရှိခြင်းသည် ပထမဆုံးအကြိမ် ဖြစ်ကြောင်းနှင့် ယင်း ငါးမျိုးကို အရှင်တွေ့ရှိရန် ခဲယဉ်းသော ကြောင့် တစ်မူထူးခြားသော တွေ့ရှိချက်တစ်ခုပင် ဖြစ်ကြောင်း NOAA မှ ငါးလုပ်ငန်းဆိုင်ရာ ဇီဝဗေဒ ပညာရှင် တစ်ဦးဖြစ်သည့် ဘရု့စ်မန်ဒီက ပြောကြားသည်။ ထို့ပြင် ၎င်းတွေ့ရှိချက်သည် ယင်းငါးများက မည်သည့် ရေအတိမ်အနက်တွင် မဆို သို့မဟုတ် သမုဒ္ဒရာ၏ အောက်ခြေပိုင်းတွင်သာ နေထိုင်ကျက်စားခြင်း ရှိမရှိနှင့် ပတ်သက်၍ လေ့လာမှုများ လုပ်ဆောင်ရာတွင် သိပ္ပံပညာရှင်များအား အထောက်အကူ ပေးနိုင်မည် ဖြစ်ကြောင်း မန်ဒီက ဆက်လက် ပြောကြားသည်။ အဆိုပါငါး၏ အရေပြားတွင် အကြေးခွံများ မရှိဘဲ ကျောက်ကျောကဲ့သို့ ပြောင်ချော၍ အကြည်ရောင်ရှိကြောင်း NOAA ကထုတ်ပြန်ချက် တစ်စောင်တွင် ပြောကြားသည်။ ယင်း ငါးသရဲကို Marianas Trench Marine National Monument and the Northern Mariana Islands အဖွဲ့တို့၏ သုတေသန လုပ်ဆောင်မှု တစ်ခုအတွင်း ရှာဖွေ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Credit:မြ၀တီ

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...