Monday, May 6, 2013

ကွေးညွတ်နိုင်သော ဖန်သားပြင်ဖြင့် ပြုလုပ်ထားသည့် ကမ္ဘာ့ ပထမဆုံး OLED TV စတင်ရောင်းချ


ဆိုးလ် မေ ၎
တောင်ကိုရီးယား နိုင်ငံ၏ လျှပ်စစ်ပစ္စည်း ထုတ်လုပ်သော ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် LG ကုမ္ပဏီသည် ကမ္ဘာ့ ပထမဆုံး ကွေးညွတ်နိုင်သော ဖန်သားပြင်ဖြင့် ပြုလုပ်ထားသည့် Organic Light-emitting diode (OLED)TV အမျိုးအစားသစ် တစ်မျိုးကို စတင် ရောင်းချခဲ့ကြောင်း ၎င်းကုမ္ပဏီမှ တာဝန်ရှိသူ များက ပြောကြားခဲ့သည်။

ပထမဆုံး စက်ရုပ်လက်တုနှင့် ဗြိတိန်ဆယ်ကျောက်သက်


ဗြိတိန်နိုင်ငံတွင် ဆယ်ကျော်သက် လူငယ်လေး တစ်ဦးအား ပထမဆုံးအကြိမ်အဖြစ် စက်ရုပ် လက်တုတစ်ခု အောင်မြင်စွာ တပ်ဆင်ပေးလိုက်ပြီ ဖြစ်သည်။ အဆိုပါ လက်တုမှာ အလွန်ခေတ်မီပြီး စမတ်ဖုန်း တစ်ခုကို အသုံးပြုပြီးလည်း ထိန်းချုပ်နိုင်စွမ်း ရှိသည်။ အသက်(၁၆)နှစ်သာ ရှိသေးသည့် ပက်ထရစ်ကိန်းသည် ကလေးဘဝ ကတည်းက ခြေတစ်ဖက်နှင့် လက်တစ်ဖက်ကို ဆုံးရှုံးခဲ့ရသူ ဖြစ်သည်။
ယခုအခါတွင်မူ i-limbဟု အမည်ပေးထားသည့် ခေတ်မီ စက်ရုပ်လက်တု တစ်ခုက ၎င်းအတွက် ဘဝသစ် တစ်ခုကို မွေးဖွားပေးနိုင်ခဲ့သည်။ အလွန်အနုစိတ်သော လုပ်ငန်းများကိုပါ ဆောင်ရွက်နိုင်အောင် စီစဉ်ထားသည့် လက်တုသည် အသုံးပြုသူကို ကိုယ်တိုင် ဖိနပ်ကြိုးချည်နိုင်သည်အထိ လုပ်ဆောင်စေနိုင်သည်။

လွန်ခဲ့သောနှစ်ပေါင်း ၁၂ဝဝ ခန့်က မြေထဲပင်လယ်အတွင်း နစ်မြုပ်သွားခဲ့သည့် အီဂျစ်မြို့


လန်ဒန်   ဧပြီ    ၂၉
လွန်ခဲ့သော နှစ်ပေါင်း ၁၂ဝဝ ခန့်က မြေထဲပင်လယ် ကြမ်းပြင်သို့ နစ်မြုပ်သွားခဲ့သည့် Heracleion မြို့ကို သိပ္ပံပညာ ရှင်များက 3 D နည်းပညာ၏ အကူအညီဖြင့် ပြန်လည်ပုံဖော် နိုင်ခဲ့သည်ဟု အင်တာနက် သတင်း တစ်ပုဒ် အရ သိရသည်။
Heracleion မြို့သည် ကလီယိုပါထရာ မင်းသမီး ဘိသိက်ခံယူခဲ့သည့် ဘုရားကျောင်း တည်ရှိရာ မြို့တစ်မြို့ ဖြစ်ပြီး  ပင်လယ်ကြမ်းပြင်သို့  မနစ်မြုပ်မီက မြေထဲပင်လယ် ဒေသတွင် အဓိက အချက်အချာ ကျသော  ကုန်သွယ်ရေး မြို့ တစ်မြို့ ဖြစ်ခဲ့သည်။ ယင်းမြို့ကို တူးဖော်ရေး ပညာရှင်များက ဆယ်စုနှစ် တစ်ခုကျော်ကြာ ပြုလုပ်ပြီး နောက်၂ဝဝ၁ ခုနှစ်တွင် ပြန်လည် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ကောင်းကင် ကျွမ်းဘားမယ် တစ်ဦး ရင်သပ် ရှုမောဖွယ် ကျွမ်းဘား ပြကွက်ကို ပြသ


ပဲရစ် မေ ၁
ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ ရော့စ်နီဆူဘွား အရပ်မှ ကောင်းကင် ကျွမ်းဘားမယ် တစ်ဦးဖြစ်သူ ရော့ဇ်အိန်း ဂီလီယန်သည် လေထီး ခုန်ချသူနှင့် အတူ လိုက်ပါ၍ ဝေဟင်အမြင့် မီတာ ၆၀၀ ခန့်၌ လေထီး ကြိုးပေါ်တွင် ကြည့်ရှုသူ ပရိသတ်များ အံ့အား သင့်စေမည့် ရင်သပ် ရှုမောဖွယ် ကျွမ်းဘား ထိုးခြင်းကို အန္တရာယ် ကင်းစွာဖြင့် ပြသ နိုင်ခဲ့သည်ဟု သိရသည်။
အဆိုပါ ပြကွက်ကို ပြင်သစ်နိုင်ငံ အတွင်းရှိ Annecy ရေကန်ကို လေထီးဖြင့် ဖြတ်သန်း နေချိန်၌ ပြသခဲ့ခြင်း ဖြစ်သည်။ ပြကွက်ကို ပြသခဲ့ ချိန်တွင် ဂီလီယန်သည် ဦးထုပ်ကိုပင် မဆောင်းဘဲ လေထီးခုန်သူ ဂီးလ်စကီနီဒါ၏ ၃ ဒသမ ၅ မီတာ အရှည်ရှိသော ကြိုးပေါ်၌ သူမ၏ ကိုယ်ခန္ဓာကို တွဲလောင်းချ၍ ပြသခဲ့ခြင်း ဖြစ်သည်။
ref:မြ၀တီ

နှစ်ပေါင်း ၄ဝဝ ကျော်ကြာ ကျင်းပ လာခဲ့သည့် ဂျပန်နိုင်ငံမှ ကလေးအငို ပြိုင်ပွဲကြီး


တိုကျို မေ ၂
ဂျပန် နိုင်ငံတွင် နွေဦးရာသီ ရောက်တိုင်း ရိုးရာယဉ်ကျေးမှု အဖြစ် နှစ်စဉ် ကျင်းပလေ့ရှိသည့် Nakizumo Festival  ဟုအမည် ပေးထားသော ကလေးအငို ပြိုင်ပွဲကြီးကို ဧပြီ ၂၉ ရက်က  ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ပွဲတော်ကြီးတွင် မိဘများသည် ၄င်းတို့၏ ရင်သွေးငယ်များကို ဆူမို နပန်းသမားများ လက်အတွင်းသို့ ပေး အပ်ရ ကြောင်းနှင့်  ဆူမို နပန်း သမားများသည် ၄င်းတို့ထံသို့ ရောက်ရှိလာသည့် ကလေးငယ်များကို ငိုအောင်ပြုလုပ်ရ ကြောင်း၊ ၄င်းပွဲတော်ကြီးကို ကျင်းပလာ ခဲ့သည်မှာ နှစ်ပေါင်း ၄ဝဝ ရှိခဲ့ပြီဖြစ် ကြောင်းနှင့်  ပွဲတော်ကြီးကို နွေဦး ရာသီ၏ အထိမ်းအမှတ် ပွဲတော်တစ်ခု အဖြစ် ဂျပန်နိုင်ငံမှ ယူဆ သတ်မှတ်ထားကြောင်း သိရသည်။

ကမ္ဘာ့ ရှေးအကျဆုံး မီးရထား ဥမင်လိုဏ်ခေါင်း တစ်ခု အင်္ဂလန် နိုင်ငံတွင် ရှာဖွေ တွေ့ရှိ


လန်ဒန် မေ ၂
ရှေးဟောင်း သုတေသန ပညာရှင်များသည် ကမ္ဘာ့ ရှေးအကျဆုံးဟု ယူဆရသော နှစ်ပေါင်း ၂၂ဝ သက်တမ်းရှိ မီးရထား ဥမင်လိုဏ်ခေါင်းတစ်ခုကို အင်္ဂလန်နိုင်ငံ ဒါဘီ ရှိုင်းယားပြည်နယ် ခရစ်ခ်ျဒေသရှိ ကျောက်ပုံ ဥယျာဉ်၏   မြေအောက် အနက် ၁ဝ ပေတွင် ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။
Fritchley Tunnel အမည်ရှိ အဆိုပါ သမိုင်းဝင် ဥမင်လိုဏ် ခေါင်းသည် ၁၇၉၃ ခုနှစ် အတွင်းက တည်ဆောက် ခဲ့ဖွယ်ရှိပြီး ယခင်က မှတ်တမ်းတင်သော ကမ္ဘာ့ ရှေးအကျဆုံး ဥမင်လိုဏ်ခေါင်းထက် နှစ်နှစ် စောကြောင်းနှင့် အဆိုပါ ဥမင်လိုဏ်ခေါင်းကို မီးရထားလမ်းနှင့် ချိတ်ဆက်၍ သံထည် အလုပ်ရုံသို့ ထုံးကျောက်များ ပို့ဆောင်ရာတွင် စက်မှုလုပ်ငန်း ရှင်များက အသုံးပြုခဲ့သည်။

အင်းဆက် တစ်ကောင်ကဲ့သို့ ပျံသန်းနိုင်သော ကမ္ဘာ့ အသေးဆုံး စက်ရုပ်


ဝါရှင်တန် မေ ၅
အမေရိကန် သုတေသန ပညာရှင် များသည် နေရာ တကာတွင် တွေ့ရသော အင်းဆက်များ ကဲ့သို့ လုပ်ဆောင်နိုင်စွမ်း ရှိသော ယင်ကောင် တစ်ကောင်ခန့် အရွယ်အစား ရှိပြီး  ပျံသန်းနိုင်သည့် ကမ္ဘာ့ အသေးဆုံး စက်ရုပ် အင်းဆက်ကို မေ ၂ ရက်က ထုတ်ဖော်ပြသ ခဲ့ကြောင်း သိရသည်။
ပထမဆုံး အကြိမ်အဖြစ် ထုတ်လုပ်ထားသော အဆိုပါ စက်ရုပ် အင်းဆက်သည်    သုတေသန ပညာရှင် များအား အသေးစား အင်းဆက်များ၏ ပျံသန်းမှုကို လေ့လာရန် အတွက်  နည်းလမ်းသစ် များကို ထောက်ပံ့လျက် ရှိကြောင်း သိပ္ပံ ပညာရပ် ဂျာနယ်တွင် ဖော်ပြထားသော လေ့လာမှု အရ သိရသည်။
Related Posts Plugin for WordPress, Blogger...