ကရင်ပြည်နယ်သို့ လာရောက်လည်ပတ်ကြသူတိုင်း မဖြစ်မနေ၀င်ရောက်တတ်သည့် နေရာတစ်နေရာမှာ ဘုရင့်ညီလှိုဏ်ဂူပင် ဖြစ်ပါသည်။ ဘုရင့်ညီလှိုဏ်ဂူ၏ ထူးခြားမှုတစ်ခုမှာ လှိုဏ်ဂူရှေ့တွင်ရှိသည့် သဘာဝရေပူစမ်းပင် ဖြစ်ပါသည်။ လာရောက်လည်ပတ်ကြသူများအနေဖြင့် လှိုဏ်ဂူအတွင်းမှ ဗုဒ္ဓရုပ်ပွားတော်စေတီများနှင့် သဘာဝအလှအပများကို ဖူးမျှော်လေ့လာရင်း ကိုယ်စိတ်ပင်ပန်းသမျှ ရေပူစမ်းတွင် အပန်းဖြေရေကူးလေ့ ရှိကြပါသည်။

ဘုရင့်ညီဂူသည် သံလွင်မြစ်နှင့် ဒုံသမိမြစ်တို့အကြား မြေပြန့်ပေါ်တွင် ထီးထီးကြီး ထိုးထွက်နေသော ကျောက်တောင်ကြီး၏ အတွင်းပိုင်းတွင် ရှိနေပါသည်။ဘုရင့်ညီဂူသည် သထုံ၊မြိုင်ကလေး သွားရာလမ်းတွင် တည်ရှိပြီး မွန်ပြည်နယ် သထုံမြို့ နှင့်လည်းနီးကပ် စွာတည်ရှိပါသည်။ ဘားအံမြို့မှ ၁၂ မိုင်ခန့်အကွာတွင် တည်ရှိနေပါသည်။

ဘုရင့်ညီလှိုဏ်ဂူ၏ ရှေ့တွင် ရေကန်ကြီးများရှိပြီး အလယ်မှလှိုဏ်ဂူအတက်လမ်းသို့ တံတားထိုးထားပါသည်။ ထိုရေကန်ကြီးများသည် သဘာဝရေပူစမ်း ထွက်ပေါက်များ ဖြစ်ပြီး အမျိုးသား၊ အမျိုးသမီး ရေကူးရန်နေရာများကို ခွဲခြားပေးထားပါသည်။ ရေကန်သည် တစ်ဖက်တွင် ရေပူဖြစ်သော်လည်း အခြားတစ်ဖက်သည် ရေအေးဖြစ်နေပါသည်။လာရောက်လည်ပတ်သူများ အနေဖြင့် ရေကူးအပန်းဖြေကြသူများလည်း ရှိကြပါသည်။