ကမ္ဘာပေါ်တွင် အောက်ခြေဧရိယာ အကျယ်ပြန့်ဆုံး နှင့် အကြီးဆုံးအဆောက်အဦကြီးမှာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ချန်ဒူးမြို့တွင် တည်ရှိပါသည်။ New Century Global Center ဟုအမည်ရသည့် ထိုအဆောက်အဦကြီးသည် အမေရိကန်နိုင်ငံမှ ပင်တဂွန် စစ်ဌာနချုပ်ထက် သုံးဆကြီးပါသည်။ ထို့အပြင် Sydney Opera Houses ကဲ့သို့ အဆောက်အဦးပေါင်း ၂၀ တိတိ အတွင်း၌ တည်ဆောက်နိုင်အောင် ကြီးမားကျယ်ပြန့်လှပါသည်။

ထိုအဆောက်အဦကြီးသည် အမျိုးအစားစုံသော အရာများ ပေါင်းစုပါဝင် တည်ဆောက်ထားခြင်း ဖြစ်ပြီး အတွင်း၌ ရုပ်ရှင်ရုံ ၊ ဟိုတယ် ၊ စီးပွားရေး စင်တာများ ၊ တက္ကသိုလ် အဆောက်အအုံ တစ်ခု၊ အစည်းအဝေး ခန်းမများ၊ ရုံးခန်းများ ၊ ဈေးဝယ် စင်တာများ ရှိသည့်အပြင် အနားယူ အပန်းဖြေနိုင်ရန် ကမ်းခြေအတု၊ ရေပန်းဥယျာဉ်၊ ရေတံခွန်များနှင့် ရေကြောင်းဆိုင်ရာ ပြတိုက်များ နှင့် နှင်းလျောစကိတ်စီးကွင်း ကိုပါထည့်သွင်း တည်ဆောက်ထားပါသည်။

ထို အဆောက်အဦးကြီးသည် အမြင့် ၁၀၀ မီတာ (၃၃၀ ပေ) ရှိပြီး ၊ အရှည် မီတာ ၅၀၀ (၁၆၀၀ ပေ) နှင့် အကျယ် ၄၀၀ မီတာ (၁၃၀၀ ပေ) အထိ ရှိပါသည်။ ကြမ်းခင်း ဧရိယာစုစုပေါင်း အကျယ်မှာ ၁ ၇၀၀ ၀၀၀ စတုရန်းမီတာ (၁၈ ၀၀၀ ၀၀၀ စတုရန်းပေ) အထိ ရှိပါသည်။ ၂၀၁၀ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၃ ခု ဇူလိုင်လ ၁ ရက်နေ့တွင် ဖွင့်လှစ်နိုင်ခဲ့ပါသည်။