Tuesday, December 19, 2017

သဘာဝအလှအပများနှင့် သမိုင်းတန်ဖိုးများ တည်ရှိရာ ရသေ့ပျံလှိုဏ်ဂူကြီး

ကရင်ပြည်နယ်ရှိ လှိုဏ်ဂူများသည် အခြားဒေသမှ လှိုဏ်ဂူများနှင့် မတူညီသည့် အချက်တစ်ခုမှာ သမိုင်းဆိုင်ရာ တန်ဖိုးများပင် ဖြစ်ပါသည်။ ထိုအထဲကမှ ယခုအခါ ခရီးသွားအများ စိတ်ဝင်စား သွားရောက် လည်ပတ်တတ်ကြပြီး ၊ သမိုင်းဆိုင်ရာတန်ဖိုးများနှင့်အတူ သဘာဝအလှအပများပါ ပေါများစွာ တည်ရှိနေသည့် ရသေ့ပျံလှိုဏ်ဂူကြီးအကြောင်း တင်ပြပေးပါမည်။

ရသေ့ပျံလှိုဏ်ဂူသည် သံလွင် မြစ်အနောက်ဖက်ကမ်း သံလွင်တံတားမှ ကော့ဂွန်းဂူသို့ သွားသည့် လမ်းပေါ်တွင် ရသေ့ပျံကျေးရွာအနီး တည်ရှိနေပါသည်။ ဘားအံမြို့နှင့် သံလွင်မြစ်ခြားကာ တစ်ဖက်ကမ်းတွင် တည်ရှိနေပြီး ဘားအံမြို့မှ ၈ မိုင်ခန့်ဝေးပါသည်။ ရသေံပျံဂူ နှင့် ကော့ဂွန်းဂူတို့သည် နီးကပ်လျက် တည်ရှိနေကြပြီး ရသေ့ပျံဂူကို ကျော်ပြီးမှ ကော့ဂွန်းဂူသို့ ရောက်ရှိမည် ဖြစ်ပါသည်။

ပင်လယ်ရေမျက်နှာပြင်အထက် ၁၁၆ ပေ အမြင့်တွင် တည်ရှိနေသည့် ထုံးကျောက်လှိုဏ်ဂူကြီး ဖြစ်ပါသည်။ မြေပြန့်လွင်ပြင်တွင် ထိုးထွက်နေသည့် ကျောက်တောင်များတွင် ဖြစ်ပေါ်နေသော သဘာဝလှိုဏ်ဂူ ဖြစ်သလို လှိုဏ်ဂူအရှည်အားဖြင့် (၄၃၃ မီတာ) ပေ ၁၄၂၀ ခန့် ရှိပါသည်။ တိုင်းတာမှတ်တမ်းတင်ပြီးသော မြန်မာပြည်ရှိ လှိုဏ်ဂူများတွင် နံပါတ် (၃၀) မြောက် အရှည်ဆုံး ဖြစ်ပြီး ၊ ကရင်ပြည်နယ်မှ ဂူများတွင် တတိယမြောက် အရှည်ဆုံး လှိုဏ်ဂူ ဖြစ်ပါသည်။


ရသေ့ပျံဂူသည် အဝေးမှပင် တောင်အလယ်လောက်မှ ဂူပေါက်ဝကို ဘုရားစေတီရုပ်ပွားတော်များနှင့်အတူ တွေ့မြင်ဖူးမျှော်နိုင်ပါသည်။ လှိုဏ်ဂူရှေ့ရှိ ကန်ကြီး၏ အလယ်မှ ဖြတ်ကာ တံတားတည်ဆောက်ထားပြီး ပတ်ဝန်းကျင်မှာ စိမ်းလန်းသာယာလှပါသည်။ တောင်ခြေမှ ရသေ့ပျံ ဂူပေါက်ဝသို့ ရောက်ရန် လှေကားဖြင့် တတ်ရောက်သွားရပါသည်။

ရသေ့ပျံလှိုဏ်ဂူပေါက်ဝသည် (၇၅)ပေ ခန့် ကျယ်ဝန်းပြီး အတွင်း၍ ပေ ၁၅၀ လောက်ကျယ်ဝန်းသော လှိုဏ်ဂူကြီး ဖြစ်ပါသည်။ လှိုဏ်ဂူရှေ့ခန်းတွင် များပြားလှသော စေတီများ ၊ ရုပ်ပွားတော်များကို ဖူးမြင်ကြရပြီး သဘာဝ ကျောက်စက်အလှများကိုလည်း တွေ့မြင်ရမည် ဖြစ်ပါသည်။

ရသေ့ပျံဂူ၏ အရှေ့ဘက်နှင့် အတွင်းပိုင်းနံရံများ တွင် အမြင့်သုံးပေမှ ငါးပေအထိရှိသည့် ဗုဒ္ဓဆင်းတုတော်များကို မြင်တွေ့ရသည်။ ရသေ့ပျံဂူတွင် ရှိနေသည့် ရုပ်ပွားတော်များသည် နေရောင် တိုက်ရိုက်ထိတွေ့ခံရမှု နည်းပါးသဖြင့် မူလအရောင်အသွေးများအတိုင်း ဖူးမြော်ရသည်။ ရသေ့ပျံဂူ အတွင်း၌ ဉာဏ်တော်ငါးပေရှိသည့် ရပ်တော်မူနှင့် ထိုင်တော်မူ နံရံကပ်ဗုဒ္ဓရုပ်ပွားတော် သုံးဆူရှိသည်။ ရသေ့ပျံဂူတွင်ရှိသော ဗုဒ္ဓဆင်းတုတော်များ၏ ထူးခြားချက်မှာ မဏိတော် (ဦးခေါင်း)၏အထက်မှ မီးလျှံများ တက်သွားသည့် အမှတ်လက္ခဏာဖြစ်သည်။ ဂူအတွင်းရှိ ဗုဒ္ဓဆင်းတုတော်အချို့သည် အေဒီ ၁၃ ရာစုက လက်ရာ များဖြစ်ကြောင်း ရသေ့ပျံဂူကျောက်စာတွင် ဖတ်ရှုရသည်။ ရသေ့ပျံဂူကို ရှေးဟောင်း သုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ၁၉၇၅ ခုနှစ်မှစတင်၍ ထိန်းသိမ်းစောင့်ရှောက်ခဲ့သည်။

နံရံအမြင့်တွင် ရှိသော ရှေးဟောင်းအုတ်ခွက်ရုပ်ပွားတော် အနည်းငယ်သာ ကျန်ရှိတော့ပြီး အများစုမှာ ပြုတ်ထွက်လစ်ဟာ နေကြပါသည်။
လိုဏ်ဂူ၏အတွင်းပိုင်း အမြင့်ရှိ စေတီတစ်ဆူ၏ ဂူအမိုးပေါ်တွင် အပေါက်ကြီးတစ်ပေါက်ရှိနေပြီး ထိုအပေါက်မှ အလင်းရောင်များသည် ဂူအတွင်းသို့ ကောင်းစွာ ဝင်ရောက်လျက်ရှိသည်။ လိုဏ်ဂူအတွင်း၌ တရားအားထုတ်ခဲ့သော ရသေ့သည် ထိုအပေါက်မှ ပျံထွက် သွားခဲ့ကြောင်း အစဉ် အဆက် ပြောဆိုခဲ့ကြပြီး ရသေ့ပျံတက်သွားသောကြောင့် ရသေ့ပျံဂူဟု အမည်တွင်ခဲ့သည်ဟု ဆိုကြပေသည်။

ဂူနံရံတစ်နေရာတွင် မုတ္တမနှင့် အင်းဝခေတ်တွင် ထွန်းကားခဲ့သည့် ဂဝံယဉ်ကျေးမှု အကြွင်းအကျန် ဂဝံလက်ရာများကို ပြသထားသည်။ တူးဖော်ရှာဖွေရရှိသည့် အချက်အလက်များကိုလည်း တွေ့မြင်ရမည် ဖြစ်ပါသည်။ ကရင်ပြည်နယ်မှ လှိုဏ်ဂူများသည် ရှေးခေတ်လူသားများလှူဒါန်းထားရှိသည့် ဘုရားစေတီ ရုပ်ပွားတော်များကို ခေတ်အဆက်ဆက် ဖူးမျှော်နိုင်သည်ကပင် ထူးခြားမှုတစ်ခု ဖြစ်ပါသည်။

လှိုဏ်ဂူ ရှေ့အခန်း ညာဘက်တွင် ဂူပေါက်ငယ်ရှိပြီး အတွင်း၍ အဖြူရောင်ထုံးကျောက်ပန်းဆွဲ အလှများနှင့်အတူ ကျောက်စက်ပန်းဆွဲမှ ရေကျဆင်းနေသည့် နတ်ရေကန်တစ်ခုကိုလည်း တွေ့မြင်ရပါသည်။
ရသေ့ပျံလှိုဏ်ဂူ၏ ရှေ့ပိုင်းဂူအတွင်းရှိ ဘုရားစေတီများကို ကျော်ဖြတ်ပြီးနောက် အတွင်းသို့ ၀င်ရောက်သွားလျှင် ထပ်မံတွေ့ရှိရသော လှိုဏ်ဂူကြီးသည် သဘာဝအတိုင်း တည်ရှိနေပြီး လှပဆန်းကြယ်မှုများကို တအံ့တသြ တွေ့မြင်ရမည် ဖြစ်ပါသည်။

အဖြူရောင် တောက်တောက် ပုံသဏ္ဍာန်မျိုးစုံ ၊ အရွယ်မျိုးစုံရှိ ကျောက်စက်ပန်းဆွဲများ ၊ ကျောက်စက်မိုးမျှော်တိုင်ကြီးများကို တွေ့မြင်ကြရပါသည်။ ကြီးမားသော လှိုဏ်ဂူကြီး အတွင်း လူသွားရန်သာ ဖောက်လုပ်ထားသည့် လမ်းကလေးအတိုင်း အနိမ့်အမြင့် အမျိုးမျိုးဖြင့် ဖြတ်သန်း ၀င်ရောက်ရပါမည်။

ရသေ့ပျံလှိုဏ်ဂူကြီးသည် တစ်ဖတ်ပိတ်ဂူအမျိုးအစား မဟုတ်ဘဲ တိုးလျှိုပေါက် ပွင့်နေသည့် လှိုဏ်ဂူမျိုး ဖြစ်ပါသည်။ လှိုဏ်ဂူဝများသည် အားလုံး (၃) ခု ရှိပါသည်။ အတွင်း လှိုဏ်ဂူပေါက်များသည် တောင်အမြင့်တွင် တည်ရှိနေပြီး ထိုဂူပေါက်များမှ တွေ့မြင်ရသော တောင်ပေါ်မှ တွေ့မြင်ရသည့် မြင်ကွင်းသည်လည်း တစ်မူထူးခြား လှပနေပါသည်။

အတွင်းပိုင်းတွင် တတ်နိုင်သလောက် သဘာဝအတိုင်းထားရှိထားသည်ကို တွေ့မြင်ကြရပါသည်။ ကရင်ပြည်နယ်မှ သဘာဝအတိုင်းကျန်ရှိလှပနေသော လှိုဏ်ဂူတစ်ခုအဖြစ် ထင်မှတ်မိပြီး နောက်ပိုင်းလည်း သဘာဝအလှများ မပျောက်အောင် ထိန်းသိမ်းကာကွယ်ဖို့ များစွာလိုအပ်နေပါသည်။

ရသေ့ပျံလှိုဏ်ဂူသမိုင်းသည် ရှည်လျားလှသလို စိတ်ဝင်စားစရာလည်း ကောင်းပါသည်။ သထုံပြည် မနူဟာမင်း သမိုင်း နှင့်အတူ ပုဂံအနော်ရထားဇာတ်ကြောင်းလည်း ပေါင်းစပ်ပါဝင်နေပါသည်။ အနော်ရထာမင်း သထုံကိုသိမ်းယူရာတွင် မနူဟာမင်းနှင့်အတူ ပိဋကတ်သုံးပုံကျမ်းစာများ ၊ အခြားနန်းစဉ်ရတနာများကို ပုဂံသို့ ပင့်ဆောင် သယ်ယူသွားပါသည်။ ထိုအခါ မနူဟာမင်း၏ ဆရာ ဗုဒ္ဓဥာဏရသေ့မှ နန်းဦးမှာ သူရိယစန္ဒာမင်းလက်ထက်ကနေ မနုဟာမင်းလက်ထက်အထိ သထုံမင်းဆက်တွေ မြတ်မြတ်နိုးနိုး ကိုးကွယ်ခဲ့သည့် ဇိနမာရ်အောင် ဆင်းတုတစ်ဆူကို ပင့်ဆောင်သယ်ယူသွားပါသည်။ ထို့နောက် အဆင့်ဆင့် နေရာပြောင်းလာပြီး ယခုရသေ့ပျံဂူ နေရာကိုရောက်လာသည်။ နောက်မှလိုက်လာသော အနော်ရထာမင်း၏ စစ်တပ်လက်မှ လွတ်မြောက်ရန် ရသေ့ပျံဂူအမိုးကို ဖောက်ကာ ကောင်းကင်သို့ ပျံသန်းပျောက်ကွယ်သွားသည်ဟု ဆိုကြပါသည်။ ထို့ကြောင့်ရသေ့ပျံဂူဟု အမည်ရကြောင်း သိရပါသည်။ အနော်ရထာမင်း၏ စစ်တပ်သည် ပုဂံနေပြည်တော်သို့ မပြန်ကြတော့ပဲ ထိုနေရာနားတွင် နေကာ ရုပ်ပွားဆင်းတုတော်များ ထုလုပ်ကိုးကွယ်ခဲ့ကြောင်း ဆိုကြပါသည်။ ယခင်က ရသေ့ပျံဂူအတွင်း၍ ရုပ်ပွားဆင်းတုတော် အကျိုးအပျက်များစွာ ရှိပြီး စုပုံထားကြောင်းဆိုကြပါသည်။ နောက်ပိုင်း အကြောင်းအမျိုးမျိုးဖြင့် ပျောက်ပျက်ကုန်သလို မှောင်ခိုဈေးကွက်သို့လည်း ရောက်ရှိကုန်ပါသည်။ သမိုင်းတန်ဖိုးများ များစွာနစ်နာဆုံးရှုံးမှု ဖြစ်ရပါသည်။

ရသေ့ပျံဂူနှင့် ပတ်သတ်သည့် ထူးခြား တွေ့ရှိမှုများ
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
၁။ မြို့ရိုးသဖွယ်ရှိနေတဲ့ မိုးပျံကျောက်ဖျာလိုဏ်ဂူကြီး = မိုးတွင်းကာလ ကျလာတဲ့ကျောက် စက်၊ ကျောက်ခက်၊ ကျောက်နွယ်တွေကြောင့် ကာလကြာလာရင် ကျောက်ဖျာကြီး ကွယ်သွား နိုင်ပါတယ်။ ၁၃၆၂-ခုက အဲဒီအပေါ် ငြမ်းဆင်တက်တဲ့အခါ ပကတိကျောက်ဖျာလို ချောမွေ့နေ ပေမယ့် ခုတော့ ဆင်ခြေလျှောသဏ္ဍာန် ဖြစ်နေလို့ အရင်ကထက် ပိုခက်လာမယ်ထင်ပါတယ်။
၂။ဂူအပေါ်က ကျောက်အမိုးပေါက်တစ်ခု = ရသေ့ထွက်သွားတဲ့နေရာဖြစ်ပြီး စေတီရဲ့ အပေါ် တည့်တည့်ဖြစ်ပါတယ်။ အဲဒီနေရာကလည်း ကျောက်စက်ရေတွေကြောင့် နောင်အခါ အပေါက်ပိတ် လို့ အလင်းရောင် ကွယ်နိုင်တဲ့အနေထားနဲ့ ကြုံလာနိုင်ပါတယ်။
၃။ရသေ့ဆေးထောင်းတဲ့ ကျောက်ဆုံတစ်ခု = လိုဏ်ရဲ့မြောက်ဘက် ဂူထဲဝင်ဝင်ချင်း ခုနစ်ဆူ ဘုရားညာဘက်အနိမ့်ပိုင်းမှာ ရှိပါတယ်။ ဘုရားဖူးတွေက ရောဂါပျောက်တယ်လို့ ယုံကြည်ပြီး ပွတ်သတ်သွားကြလေ့ရှိပါတယ်။
၎။ရသေ့မှောက်ထားခဲ့တဲ့ ဆေးသွေးကျောက်ဖျာကြီးတစ်ချပ် = ရသေ့သမီးဂူဝကနေ ညာဘက်လူသွားလမ်းကျဉ်းကိုဖြတ်ပြီး ပေ ၂၀-ခန့်မှာ ၁၅-ပေခန့်ကျယ်တဲ့ လိုဏ်ခန်းငယ်တစ်ခု ရှိပါတယ်။ အဲဒီမှာ ကျောက်ထိုင်ခုံတစ်ခုနဲ့ ဆေးသွေးကျောက်ပြင်ရှိပါတယ်။ ကျောက်ပြင်ရဲ့ အလယ်ကကျောက်ခွက်ကိုလည်း ယုံကြည်သူတွေက ပွတ်သတ်သွားကြလေ့ရှိပါတယ်။
၅။ရသေ့သမီးဂူ (ခ) အိုက်သိုက်ပျော် = ဂူထဲကချောက်ကမ်းပါးကိုဖြတ်ပြီး ကိုက် ၁၀၀-ကျော်ခန့်မှာ ရှိပါတယ်။ ရုပ်ပွားဆင်းတုတွေကို မတွေ့ရပဲ ကျောက်ပြင်ကြီးတစ်ချပ်ပဲ တွေ့ရပါတယ်။ တောင်ခြေကနေ ပေ ၂၀၀-ခန့်မှာရှိပြီး ပေ ၁၀၀-ခန့် ကျယ်ပါတယ်။ ၁၂၅၄-ခုနှစ်ခန့်ကနေစပြီး ရဟန်းတော်ဦးဆံဖြူ နေထိုင်ခဲ့တဲ့ ဂူဝဖြစ်ပါတယ်။ ဦးဆံဖြူဟာ သူ့ရဲ့ကျောင်းသားတစ်ယောက်နဲ့ အတူ ငွေဒင်္ဂါးလုပ်ခဲ့ဖူးတယ်လို့ ရှေးလူကြီးတွေ ဆိုကြပါသည်။

ရသေ့ပျံဂူအတွင်းတွင် ဂူအောင်းလင်းနို့များ များစွာရှိကြပါသည်။ လင်းနို့မျိုးစိတ်အားဖြင့် အမျိုးအစား (၇) မျိုးအထိတွေပရပြီး ၊ ကျောရိုးမဲ့သတ္တ၀ါမျိုးစိတ် (၁၅) မျိုးတွေ့ရပါသည်။ အထူးသဖြင့် ကမ္ဘာ့ရှားပါးစာရင်းဝင် အသေးဆုံးနို့တိုက်သတ္တ၀ါ လင်းနို့မျိုးစိတ် Craseonycteristhonglongyai လင်းနို့မျိုး ရှိနေပါသည်။ လင်းနို့မျိုးစိတ် ၇ မျိုးတွင် Minopterusmagnater လင်းနို့များသည် ကောင်ရေ ၅ သောင်းခန့် နေထိုင်ပြီး အများဆုံး ဖြစ်ပါသည်။ ထို့ကြောင့် ထုံးကျောက် လှိုဏ်ဂူဂေဟစနစ် မပျက်စီးစေရန် စနစ်တကျ ထိန်းသိမ်းသင့်သည့် နေရာတစ်နေရာ ဖြစ်ပါသည်။


ရသေ့ပျံလှိုဏ်ဂူအတွင်းမှ ကျောက်စက်ပန်းဆွဲများ

ရသေ့ပျံလှိုဏ်ဂူအတွင်းမှ ကျောက်စက်ပန်းဆွဲများ  

ရသေ့ပျံလှိုဏ်ဂူအတွင်းမှ ကျောက်စက်ပန်းဆွဲများ  

ရသေ့ပျံလှိုဏ်ဂူအတွင်းမှ ကျောက်စက်ပန်းဆွဲများ  

ရသေ့ပျံလှိုဏ်ဂူအတွင်းမှ ကျောက်စက်ပန်းဆွဲများ  



ရသေ့ပျံဂူ၏ ဂူပေါက်သုံးပေါက်မှ ဒုတိယဂူပေါက်မှ မြင်ရသော ရှု့ခင်း
 
ရသေ့ပျံလှိုဏ်ဂူအတွင်းမှ ကျောက်စက်ပန်းဆွဲများ  
 
ရသေ့ပျံလှိုဏ်ဂူအတွင်းမှ ကျောက်စက်ပန်းဆွဲများ  
 


ရသေ့ပျံဂူ၏ ဂူပေါက်သုံးပေါက်မှ တတိယဂူပေါက်တွင် မြင်ရသော ရသေ့ကြီးမှောက်ထားသော ကျောက်ပြင်ချပ်ကြီးနေရာ
 
ရသေ့ပျံဂူ၏ ဂူပေါက်သုံးပေါက်မှ တတိယဂူပေါက်မှ မြင်ရသော ရှု့ခင်း
 
ရသေ့ပျံလှိုဏ်ဂူအတွင်းမှ ကျောက်စက်ပန်းဆွဲများ  
 




ရသေ့ပျံလှိုဏ်ဂူ ၀င်ပေါက်မှ တွေ့မြင်ရသော ဇွဲကပင်တောင်နှင့် ကရင်ပြည်နယ်မှ တောင်တန်းများ
 
ယခုအခါ ရသေ့ပျံလှိုဏ်ဂူမှ တည်ဆောက်ပေးထားသည့် ရှု့ခင်းကြည့် တောင်ပတ်လမ်း
 
တောင်ခြေတွင် တွေပမြင်ရသော သဘာဝအတိုင်းလွှတ်ထားသည့် မျောက်ကလေးများ
 
ရသေ့ပျံဂူသို့ သွားရာလမ်းရှိ ပတ်ဝန်းကျင်ဒေသ
 


ထို့ကြောင့် ကရင်ပြည်နယ်ရှိ ရသေ့ပျံလှိုဏ်ဂူကြီးသည် သမိုင်းဆိုင်ရာ တန်ဖိုးများနှင့်အတူ သဘာဝအလှအပများ ပေါများစွာ တည်ရှိနေသော လှိုဏ်ဂူကြီးတစ်ခု ဖြစ်ပါသည်။ ယခုအခါ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး ခရီးသွားအများ လာရောက်နေကြသလို သဘာဝ အလှအပများ ရေရှည်တည်ရှိနေရအောင် ထိန်သိမ်းကာကွယ်သင့်သည့် တန်ဖိုးကြီး သဘာဝအမွေအနှစ် လှိုဏ်ဂူကြီးဖြစ်ကြောင်း တင်ပြအပ်ပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...