Thursday, October 26, 2017

အံ့သြလောက်ဖွယ် ပြောင်းလဲနေသော ကမ္ဘာကြီး

ကျွန်တော်တို့ သက်ရှိ ၊ သက်မဲ့ မှန်သမျှဟာ အချိန်နဲ့လိုက်ပြီး ပြောင်းလဲနေကြတာ သဘာဝပါ။ ဒါပေမယ့် ကောင်းသော ပြောင်းလဲခြင်း(တိုးတက်ခြင်း) နှင့် ဆိုးသော ပြောင်းလဲခြင်း (ပျက်စီးခြင်း) ဟူ၍ နှစ်မျိုးရှိရာ ကမ္ဘာမြေကြီါ်အတွက်ကတော့ ဆိုးသော ပြောင်းလဲခြင်းတွေသာ ဖြစ်ပေါ်နေကြပါတယ်။ တကယ်တော့ ကျွန်တော်တို့ လူသားများအတွက် လိုအပ်သောအရာများကို ကမ္ဘာမြေကြီးဆီကပဲ အမြဲရယူနေကြရတာပါ။  သို့သော် စည်းကမ်းမရှိ အလွန်အကျွံထုတ်ယူသုံးစွဲကြပြီး တန်ဖိုးမထားတတ်တော့ ယခုအခါ သဘာဝဘေးအန္တရာယ်များ ထပ်ကာ ထပ်ကာ ဖြစ်ပွားလာနေကြပါပြီ။ ယခုတင်ပြမယ့် NASA မှရိုက်ကူးထုတ်ပြန်ထားသော ဓာတ်ပုံများသည် ကမ္ဘာကြီး ဘယ်လောက်သိသိသာသာ ပျက်စီးပြောင်းလဲနေတယ်ဆိုတာ တွေ့မြင်ရမှာပါ။ ကိုယ်နေထိုင်ရာ အိမ်ကို ကိုယ်ပြန်ဖျက်နေတဲ့ လူသားများ ဖြစ်လို့နေပါပြီ။

ကမ္ဘာ့အလှဆုံး မြစ်ကြီးများ

ယခင်က ကမ္ဘာ့အရှည်ဆုံး မြစ်ကြီးများအကြောင်းကို တင်ပြပေးဖူးပါသည်။ ယခုတင်ပြမည့် အကြောင်းအရာကတော့ ကမ္ဘာကျော် တယ်လီဂရက် website တွင် ဖော်ပြထားသည့် ကမ္ဘာ့ အလှဆုံး မြစ်ကြီးများကို (၁) မှ (၁၇) အထိ ရှာဖွေတင်ပေးလိုက်ပါတယ်။ ကမ္ဘာ့အလှဆုံး မြစ်ကြီးများသည် ရှည်လျားခြင်းအပေါ် မူတည်ရွေးချယ်ခြင်း မဟုတ်ဘဲ မြစ်ကြီးများတစ်လျောက် မြို့ရွာများ၏ တည်နေပုံများ ၊ မြစ်ကြောင်းတစ်လျောက် ရှု့ခင်းများ ၊ ရှည်လျားခိုင်မာသည့် သမိုင်းဆိုင်ရာ အချက်အလက် တန်ဖိုးများကို မူတည်ရွေးချယ်ထားခြင်းပါ။ ကမ္ဘာ့ယဉ်ကျေးမှု နှင့် လူသားသမိုင်း တိုးတက်ထွန်းကားမှုကို မြစ်ကြီးများ ယဉ်ကျေးမှုဟု တင်စားရလောက်အောင် ရှည်လျားကြီးမားသော မြစ်ကြီးများကြောင့် အကျိုးကျေးဇူး များခဲ့ရပါသည်။ အလှဆုံး မြစ်များ စာရင်းတွင် မြန်မာပြည်မှ ဧရာဝတီမြစ်ကို နံပါတ်(၁) ပေးထားပြီး ကျန်သည့် မြစ်ကြီးများကိုလည်း ရွေးချယ်ဖော်ပြပေးထားပါသည်။ ကဲ … ကမ္ဘာ့အလှဆုံး မြစ်ကြီးများ အကြောင်းကို ကြည့်လိုက်ရအောင်ဗျာ…

(၁) ဧရာဝတီ - မြန်မာ

ဧရာဝတီမြစ်ကြီးသည် မြန်မာပြည်တွင်းမှာပင် မြစ်ဖျားခံပြီး မြန်မာပြည် အလယ်ပိုင်းကို ဖြတ်သန်းစီးဆင်းကာ မြန်မာ့ပင်လယ်တွင်းသို့ စီးဝင်သွားသော အထူးအရေးပါသည့် မြစ်ကြီးတစ်စင်း ဖြစ်ပါသည်။ မြန်မာပြည် မြောက်ပိုင်း ကချင်ပြည်နယ်မှ မေခ ၊ မလိခ မြစ်နှစ်သွယ် ပေါင်းစပ် ဖြစ်ပေါ်လာသော ဧရာဝတီမြစ်ကြီးသည် ၁၃၄၈ မိုင် (၂၁၇၀ ကီလိုမီတာ) အထိ ရှည်လျားပါသည်။ မြန်မာပြည်အတွင်း ဖြတ်သန်းစီးဆင်းသော မြစ်များတွင် အရှည်ဆုံး မြစ်ကြီး ဖြစ်ပြီး ကမ္ဘာ့ အရှည်လျားဆုံး မြစ်ကြီးများစာရင်းတွင်တော့ (၅၅) ခုမြောက် ဖြစ်ပါသည်။ မြန်မာနိုင်ငံ ၏ သမိုင်းစဉ်တစ်လျောက် ဧရာဝတီမြစ်ကြီးသည် အရေးပါသော အခန်းကဏ္ဍမှ အမြဲပါဝင်နေပါသည်။ မှတ်တမ်းများအရ ရှေးဌာနေလူသားများအတွက် စိုက်ပျိုးမွေးမြူရေး နှင့် ကုန်စည်ကူးသန်းရောင်းဝယ်ရာ ပင်မ အခြေခံကြီး ဖြစ်ခဲ့သလို မြန်မာနိုင်ငံ အလယ်ပိုင်းမှ ပင်လယ်ထွက်ပေါက်အထိ အသုံးဝင်သော မြစ်ကြီးဖြစ်ကာ ကျေးဇူးကြီးလှပါသည်။ ၆ ရာစုလောက်ကတည်းက ကုန်စည် ထုတ်လုပ် တင်ပို့ရောင်းချရာတွင် အသုံးဝင်ခဲ့ကြောင်း ကမ္ဘာ့မှတ်တမ်းများတွင် ဖော်ပြထားပါသည်။ ခေတ်အဆက်ဆက် အသုံးဝင် ကျေးဇူးကြီးလှသော မြစ်ကြီး ဖြစ်သည်နှင့်အညီ ရှေးမြန်မာတို့၏ ကျော်ကြားထင်ရှားသော နန်းမြို့များသည်လည်း ဧရာဝတီမြစ်ကြောင်းတစ်လျောက် တွေ့မြင်ကြရပါသည်။ ရှည်လျားသော မြစ်ကြောင်းတစ်လျောက် သဘာဝအလှအပ အမျိုးမျိုး နှင့် ရှားပါးသော ရေနေသတ္တ၀ါများပါ တည်ရှိနေပါသည်။ နာမည်ကျော် ဧရာဝတီလင်းပိုင်းများလည်း တည်ရှိနေပြီး ကမ္ဘာကျော် နေ၀င်ချိန်မြစ်ပြင်အလှများကိုလည်း ခံစားနိုင်ပါသည်။ သက်တမ်းကြာရှည်ခြင်း ၊ လူသားတို့၏ အဆင်ခြင်မဲ့ မိုက်မဲသော အသုံးပြုမှုများကြောင့် အိုမင်း ပျက်စီးလာပေမယ့် ဧရာဝတီမြစ်ကြီး၏ အလှများကတော့ လှပနိုင်သလောက် လှပနေမြဲ ၊ သူနိုင်သလောက် အစွမ်းကုန် အကျိုးပြုနေမြဲပင် ဖြစ်ပါသည်။
Related Posts Plugin for WordPress, Blogger...