Saturday, June 29, 2013

၁၅၈ မီတာအမြင့်ရှိ မိုးမျှော်တိုက် နှစ်တိုက်အကြား ကြိုးတန်းပေါ် လမ်းလျှောက်၍ သြစတြီးယား အမျိုးသားတစ်ဦး စံချိန်သစ် တင်နိုင်ရန် ကြိုးပမ်းခဲ့


ဘာလင်  မေ    ၂၇
သြစတြီးယား နိုင်ငံမှ ရိန်းဟာ့ဒ် ကလိန်းဒယ်လ်ဆိုသူ အမျိုးသား တစ်ဦးသည် ၁၅၈ မီတာအမြင့်ရှိ မိုးမျှော်တိုက် နှစ်ခုကို ကြိုးဖြင့် ချိတ်ဆက်ပြီး ၎င်းကြိုး ပေါ်မှ လမ်းလျှောက်ပြကာ ကမ္ဘာ့စံချိန်သစ် တင်နိုင်ရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။
ကလိန်းဒယ်လ်သည် ဂျာမနီနိုင်ငံ ဖရန်ဖာ့ထ်မြို့၌ ပုံသဏ္ဌာန်ရှိ မိုးမျှော်တိုက် နှစ်ခုကို  ပေ ၃ဝ မီတာအရှည်ရှိ ပေါ်လီ အက်စတာကြိုးဖြင့် ချိတ်ဆက်ကာ သူ၏လက်ကိုသာ ဟန်ချက်ညီအောင် အသုံးပြု၍ လမ်းလျှောက် ပြခဲ့ရာ ရာပေါင်းများစွာသော ပရိသတ်များက အောက်မှနေ၍ အားပေးကြည့် ရှုခဲ့ကြသည်။

ဖိလစ်ပိုင် နိုင်ငံမှ ကမ္ဘာ့ စံချိန်တင် မီးအိမ် လွှတ်ပွဲကြီး


မနီလာ   မေ    ၂၇
ဖိလစ်ပိုင်နိုင်ငံ မီအာအိုမြို့တွင် မေ၂၄ ရက် ညနေက ကောင်းကင်သို့ လက်ဆွဲ မီးအိမ် ထောင်ပေါင်းများစွာကို လွှတ်တင်၍ ကမ္ဘာ့ ဂင်းနစ်စံချိန် တင်ခဲ့ကြောင်း သိရသည်။
Visayas တက္ကသိုလ်တွင် ပြုလုပ်သော   အဆိုပါ မီးအိမ် လွှတ်တင်မှုသည် "World Peace through Inner Peace" တောင်းဆိုမှု တစ်ရပ်အတွက် ပြုလုပ် ခဲ့ခြင်းဖြစ်ပြီး လက်ဆွဲမီးအိမ် လွှတ်တင်မှုကို    ထိုင်းနှင့်ဖိလစ်ပိုင် နိုင်ငံသားများက ဦးဆောင်ပြုလုပ် ခဲ့ခြင်းဖြစ်သည်။
ပါဝင်ဆောင်ရွက်သူ ထောင်ပေါင်း များစွာသည် UP-Visayas (UPV) တက္ကသိုလ် ဘောလုံးကွင်းမှ နေ၍ လက်ဆွဲ မီးအိမ်ပေါင်း ၁၅၁၈၅ ခုကို လွှတ်တင်ခဲ့ခြင်း ဖြစ်ကြောင်း ဂင်းနစ်မှတ်တမ်း အဖွဲ့မှ တာဝန်ရှိသူ ကိုယ်စားလှယ်များနှင့် အကဲဖြတ် ဒိုင်လူကြီး ဆေးဒါဆူ ဘာဆီဂီမီဆီက ပြောကြားသည်။
ယခု တင်နိုင်ခဲ့သည့်  ကမ္ဘာ့စံချိန်သည် ရိုမေးနီးယား နိုင်ငံသားများက ၂ဝ၁၂ ခုနှစ်  ဇွန်လက လက်ဆွဲမီးအိမ် ၁၂၇၄ဝ လွှတ်တင်ခဲ့သည့် စံချိန်ကို ချိုးဖျက် နိုင်ခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ သက်တမ်းအရင့်ဆုံး ကျမ်းစာတစ်စောင်ကို အီတလီ တက္ကသိုလ်၌ တွေ့ရှိ


ရောမ မေ    ၂၉
အီတလီနိုင်ငံ ဘိုလော့ဂ်နာ တက္ကသိုလ်၌ တွေ့ရှိခဲ့သော Torah အမည်ရှိ ကမ္ဘာ့သက်တမ်း အရင့်ဆုံး ကျမ်းစာသည် ဂျူးဘာသာ၏ အရေးကြီးဆုံး ကျမ်းစာ ဖြစ်နိုင်ခြေရှိကြောင်း ၎င်းတက္ကသိုလ်မှ ပြောကြားခဲ့သည်။
အဆိုပါ တက္ကသိုလ်တွင် ၁၈၈၉ ခုနှစ်က စာကြည့်တိုက်မှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ လီယိုနယ်လို မိုဒိုနာသည် ယင်းကျမ်းစာကို စစ်ဆေးခဲ့ပြီးနောက် ၁၇ရာစုနှစ်က ရေးသား ပြုစုထားခြင်း အဖြစ် မှားယွင်းစွာ သတ်မှတ်ခဲ့သည်ဟု သိရသည်။
သို့ရာတွင် တက္ကသိုလ် အာဏာပိုင်များက ယင်းကျမ်းစာကို ကာဗွန်ဖြင့် သက်တမ်း ရှာဖွေခဲ့ရာ ၎င်းကျမ်းစာသည် နှစ်ပေါင်း ၈၅ဝ ကျော်ခန့်က ရေးသား ပြုစုထားသည့် ကျမ်းစာ ဖြစ်နိုင်ကြောင်းနှင့် ၎င်းကို တန်ဖိုးမဖြတ်နိုင်သော ရှေးဟောင်း အမွေအနှစ်တစ်ခု အဖြစ် ဆက်လက် ထိန်းသိမ်းသွားရန်  ဆောင်ရွက်သွားမည်ဟု  ဟီးဘရူး တက္ကသိုလ်မှ ပါမောက္ခ တစ်ဦးဖြစ်သူ မာရူယို ပီရာနီက ပြောကြားခဲ့သည်။ ထို့ပြင် ပီရာနီသည် ယင်းကျမ်းစာကို မကြာသေးမီက ပြန်လည် စစ်ဆေးမှု ပြုလုပ်ခဲ့ရာ အရှေ့တိုင်း ဘေဘီလုံ လူမျိုးများ၏ ရိုးရာကို မှီငြမ်းထားသော ကျမ်းစာဟု ယူဆရကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရှေးအီဂျစ် လူမျိုးများ ဝတ်ဆင်ခဲ့သော သံလည်ဆွဲ များသည် နှစ်ပေါင်း ၅ဝဝဝ သက်တမ်းရှိ ဥက္ကာခဲများ ဖြစ်နေ




ကိုင်ရို   မေ   ၃၁
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ တောင်ပိုင်း မှ ၇ဝ ကီလိုမီတာအကွာရှိ ဂါဇက် သင်္ချိုင်းတွင် ၁၉၁၁ ခုနှစ်အတွင်း သိပ္ပံ ပညာရှင်များက တူးဖော်တွေ့ ရှိခဲ့သော သံလည်ဆွဲ များသည် နှစ် ပေါင်း ၅ဝဝဝ ခန့်  သက်တမ်းရှိသော ဥက္ကာခဲများမှ ပြုလုပ် ထားခြင်း ဖြစ်ကြောင်းကို တွေ့ရှိခဲ့ ကြသည်ဟု   အင်တာနက် သတင်း တစ်ပုဒ် အရ သိရသည်။
၁၉၁၁ ခုနှစ်က တူးဖော် တွေ့ရှိခဲ့ သည့် အဆိုပါ သံလည်ဆွဲ များသည် သက်တမ်းအားဖြင့် ဘီစီ ၃၃၅ဝ မှ ၃၆ဝဝ ကြားတွင် ရှိကြောင်း သုတေသီ များ အနေဖြင့် ယခင်က ယူဆခဲ့ကြပြီး ၎င်းလည်ဆွဲများ၏ သက်တမ်း အတိအကျကို ဖော်ထုတ်နိုင်ရန် အခက်အခဲ များစွာ ကြုံတွေ့ ခဲ့ရသည်ဟု သိရသည်။  အဘယ့်ကြောင့် ဆိုသော် သံလည်ဆွဲ များ၏ သက်တမ်းမှာ အီဂျစ် နိုင်ငံ၏ သံခေတ်ထက် နှစ်ပေါင်းများစွာ သက်တမ်း ရင့်နေခြင်းကြောင့် ဖြစ်သည်။

နှစ်ဝက်အတွင်း စာအုပ်ပေါင်း ၇၅ အုပ်ကို ငါးနှစ်အရွယ် မူလတန်း ကျောင်းသူ ဆိုဖီယာမော့စ် ဖတ်ရှုနိုင်ခဲ့


လိတ်ခ်ချားဂ်စ် ဇွန် ၎
အမေရိကန် ပြည်ထောင်စု လူဝီစီယားနား ပြည်နယ် လိတ်ခ်ချားစ်မြို့ရှိ T.S.Cooley မူလတန်းကျောင်းမှ အသက်ငါးနှစ်အရွယ် ကျောင်းသူလေး တစ်ဦးသည် ယခုနှစ်ဝက်အတွင်း စာအုပ်ပေါင်း
၈၇၅ အုပ်ကို ဖတ်နိုင်ခဲ့ကြောင်း အင်တာနက် သတင်းတစ်ပုဒ်အရ သိရသည်။
အဆိုပါ မူလတန်း ကျောင်းသူလေး၏ အမည်မှာ ဆိုဖီယာမော့စ် ဖြစ်ပြီးသူမသည် စာဖတ်ခြင်းကို အထူး ဝါသနာပါပြီး အားလပ်ချိန်တိုင်းတွင် စာအုပ်များကို ဖတ်ခြင်းဖြင့် ပျော်မွေ့နေသောကြောင့် T.S.Cooley မူလတန်းကျောင်း၏ ကျောင်းစာကြည့်တိုက် အတွက် စာအုပ်များ ထပ်မံမှာယူ ရလိမ့်မည် ဖြစ်ကြောင်း ကျောင်းစာကြည့် တိုက်မှူး မေရီလာနီယာက ပြောကြားသည်။ ဆိုဖီယာသည် သူမအသက် နှစ်နှစ်ခွဲ အရွယ်မှ စတင်၍ Elmo စာအုပ်များကို ဖတ်ရှုခဲ့ကြောင်း၊ အသက်ငါးနှစ် အရွယ်နှင့် ခြောက်လအတွင်း စာအုပ်ပေါင်း ၈၇၅ အုပ်ကို ဖတ်နိုင်ခဲ့သည့် သမီးငယ်သည် ဘာသာစကားများ သင်ယူခြင်းနှင့် LeapFrog စာအုပ်များကို ဖတ်ရှုရာတွင် မြန်မြန်ဆန်ဆန်ဖြင့် ဖတ်ရှုသင်ယူနိုင်ကြောင်း ဆိုဖီယာ၏ ဖခင်ဖြစ်သူက ပြောကြားသည်။

တိရစ္ဆာန် ဖြစ်သော်လည်း ကြင်နာစိတ်ရှိသည့် ခွေးကလေး Pui


ဗန်ကောက် ဇွန် ၉
တိရစ္ဆာန်ပင် ဖြစ်သော်လည်း သနား ကြင်နာတတ်သူ  ခွေးကလေးတစ်ကောင်၏  ကယ်တင်မှုကြောင့် မွေးကင်းစ ကလေးငယ် တစ်ဦးသည် အသက် ဘေးအန္တရာယ်မှ လွတ်မြောက် ခဲ့ရသည်ဟု
အင်တာနက် သတင်းတစ်ပုဒ်၏ ဖော်ပြချက်အရ သိရသည်။ ဖြစ်စဉ်မှာ Pui အမည်ရှိ အိမ်မွေး ခွေးကလေး တစ်ကောင်သည် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ အမှိုက်ပုံ တစ်ခု၌ ပလတ်စတစ်အိတ် အတွင်း ထည့်သွင်း စွန့်ပစ်ထားသည့် မွေးကင်းစ ကလေး ငယ်တစ်ဦးကို တွေ့ရှိခဲ့သည်။ ကလေးငယ်အား ထည့်ထားသည့် အိတ်ကို  တွေ့မြင်ရချိန်တွင် ခွေးကလေး Pui သည် ၎င်း၏သွားဖြင့် အိတ်ကိုကိုက် ချီ၍ သခင်ဖြစ်သူ ၏ နေအိမ်သို့ သယ်ဆောင်လာခဲ့ပြီး သခင်ဖြစ်သူ သတိထား မိစေရန် ကျယ်လောင်သော အသံဖြင့် ဟောင်၍ သတိပေးခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာအနှံ့ ကီလိုမီတာ ၄ဝဝဝဝ ရှိသော ခရီး အကွာအဝေးကို တွန်းလှည်း တစ်စီးဖြင့် ဂျပန် အမျိုးသား တစ်ဦး ခြေကျင် သွားလာခဲ့


ရှန်ဟိုင်း ဇွန် ၁ဝ
ဂျပန်နိုင်ငံ ပင်လယ် ကမ်းရိုးတန်း ဒေသရှိ တော့တိုရီမြို့မှ အသက် ၃၂ နှစ် အရွယ်ရှိ  မာဆာဟီ တိုယိုရှီဒါဆိုသူ အမျိုးသားတစ်ဦးသည် နှစ်ဘီးတပ် တွန်းလှည်းတစ်စီးဖြင့် ကမ္ဘာအနှံ့ ကီလိုမီတာ ၄ဝဝဝဝ ရှိသော
ခရီးအကွာအဝေးကို လွန်ခဲ့သော လေးနှစ်ခွဲခန့်က ခရီးစတင် ထွက်ခွာခဲ့ရာ ဇွန် ၉ ရက်တွင် ရှန်ဟိုင်းမြို့သို့ အောင်မြင်စွာ ပြန်လည် ရောက်ရှိလာခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။ ယိုရှီဒါသည် ၎င်း၏ တွန်းလှည်းပေါ်တွင် အိပ်ရာလိပ် အပါအဝင် ၅ဝ ကီလိုဂရမ် အလေးချိန်ရှိသော   ခရီးဆောင် အိတ်များကို တင်ဆောင်လျက် ၂ဝဝ၉ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ရှန်ဟိုင်းမြို့မှ စတင် ထွက်ခွာခဲ့ခြင်း ဖြစ်သည်။

ကြောင်လိမ် လှေကားသဖွယ် ဖန်တီးထားသည့် ကမ္ဘာအမြင့်ဆုံး ကေယမ် မျှော်စင်အား ယူအေအီး၌ ဖွင့်လှစ်


ဒူဘိုင်း   ဇွန်   ၁၃
နှစ်ပေါင်းများစွာ ကြာအောင် အံ့ချီးဖွယ် တိတ်ဆိတ်နေခဲ့သော ကြောင်လိမ်လှေကား သဏ္ဌာန်ရှိ ဒူဘိုင်းမာရီနာ မျှော်စင်ကို ယခု သီတင်းပတ် အတွင်းက နာမည်သစ် တစ်မျိုးဖြင့် ကြီးမားသော
မီးရှူးမီးပန်း များ ဖောက်ကာ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ နှစ်ပေါင်း ခုနစ်နှစ်ကြာ တည်ဆောက်ခဲ့သော ၎င်းအဆောက်အအုံကို ရှေးယခင်က အဆုံးမရှိ မျှော်စင်ဟု ခေါ်ဆိုခဲ့ ကြသော်လည်း ယခုအခါ ကေယမ်မျှော်စင်ဟု အမည်သစ် ပေးထားသည်။၎င်း မျှော်စင်ကြီး၏ ခမ်းနားထည်ဝါမှုသည် ဂုဏ်ယူဖွယ်ဖြစ်ကြောင်း၊ မျှော်စင်အား  တယုတယ မွမ်းမံ ဖန်တီးထားခြင်း ဖြစ်ကြောင်း ကေယမ်မျှော်စင် တည်ဆောက်ရေး အဖွဲ့မှ ဥက္ကဋ္ဌ အာမက်အယ်ဟတ်တီက ပြောကြားထားသည်။

အရွယ်နှင့် မမျှအောင် သန်စွမ်း၍ ဂင်းနစ် မှတ်တမ်း တင်ခံရသည့် အသက် ၉၁ နှစ်အရွယ် အလေးမ အားကစား သမားကြီး


ဖီးနစ်   ဇွန်   ၁၆
အမေရိကန် ပြည်ထောင်စု အရီဇိုးနားပြည်နယ်မှ အသက် ၉၁ နှစ်အရွယ်ရှိ ဆီပဲလီစ်ဆိုသူ အမျိုးသားကြီးသည် အရွယ်နှင့် မမျှအောင် အလေးချိန် ၁၈၇ ဒသမ ၂ ပေါင်ရှိ အလေးမတုံးကို မပြ၍ ဂင်းနစ်စံချိန် တင်နိုင်ခဲ့ကြောင်း သိရသည်။
ပဲလီစ်သည် ၂ဝဝ၅ ခုနှစ်မှ စ၍ ဖီးနစ်မြို့တွင် ကျင်းပသည့် အမျိုးသားအား ကစားပြိုင်ပွဲ၌ အလေးချိန် ၁၃၅ ပေါင်ရှိ  အလေးမတုံးကို  မပြနိုင်ခဲ့သည်။ ယင်းပြိုင်ပွဲတွင် အသက် ၉ဝ ပတ်ဝန်းကျင် အရွယ်ရှိ ပြိုင်ပွဲဝင်သူ စာရင်း၌ ၎င်းတစ်ဦးတည်းသာ ပါဝင်ကြောင်း ပြိုင်ပွဲမှ တာဝန်ရှိသူများက ပြောကြားသည်။

Computer လောက သိမှတ်စရာများ

၁) ပထမဆုံး register လုပ်ခဲ့တဲ့ Domain Name က Symbolics.com ဖြစ်ပါတယ်...

၂) Tim Berners-Lee ဟာ World Wide Web ဆိုတဲ့ ဝေါဟာရအသုံးအနှုန်းကို ၁၉၉၀ မှာစတင်တီထွင်အသုံးပြုခဲ့ပါတယ်...

၃) Google ဟာ ခန့်မှန်းအားဖြင့် တစ်နှစ်ကို ၁၅ ဘီလီယံ ကီလိုဝပ်နာရီရှိတဲ့ လျှပ်စစ်ဓာတ်အားကို အသုံးပြုပါတယ်... ဒီပမာဏဟာ နိုင်ငံအများစုမှာသုံးစွဲနေတဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲမှုထက်များပါတယ်... လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားတွေကို Google ဟာ solar panels တွေကနေ ကိုယ်တိုင်ထုတ်ယူသုံးစွဲပါတယ်....

၎) Bill Gates ရဲ့ အိမ်ကို Apple ရဲ့ Macintosh ကွန်ပျူတာနဲ့ ဒီဇိုင်းရေးဆွဲခဲ့တာဖြစ်ပါတယ်...

၅) အင်တာနက်ကိုချိတ်ဆက်အသုံးပြုသူ သန်းထောင်ပေါင်း ၁.၈ မှာ အင်္ဂလိပ်စကားပြောတဲ့သူက ၄၅၀ သန်းပဲရှိပါတယ်...

၆) ဆွီဒင်ဟာ အင်တာနက်အသုံးပြုသူ ရာနှုန်းအများဆုံးနိုင်ငံဖြစ်ပြီး လူဦးရေရဲ့ ၇၅ ရာခိုင်နှုန်းရှိပါတယ်...

၇) ၁၉၉၅ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့မတိုင်ခင်အထိ Domain registration ကို အခမဲ့လုပ်နိုင်ပါတယ်....

၈) ပုံမှန် web-page တစ်ခုရှိတိုင်းမှာ အညှီအဟောက် (porn) page ငါးခုလောက်ရှိနေမှာဖြစ်ပါတယ်..

၉) Google ရဲ့ home page မှာ ပြောင်ရှင်းနေရတဲ့ အဓိကအကြောင်းရင်းကတော့ စတင်တည်ထောင်သူတွေဟာ HTML ကို မသိဘဲ interface တစ်ခုကို အမြန်တည်ဆောက်ချင်ခဲ့တာကြောင့် ဖြစ်ပါတယ်...

၁၀) ခန့်မှန်းအားဖြင့် လူဦးရေ 1,319,872,109 ယောက်ဟာ အင်တာနက်ကို အသုံးပြုကြပါတယ်...

၁၁) ပထမဆုံး Apple ကွန်ပျူတာကို Steve Jobs နဲ့ Steve Wozniak တို့ဟာ သူတို့အလုပ်ကနေ အလကားရတဲ့ ပစ္စည်းအစိတ်အပိုင်းတွေကနေ တည်ဆောက်ခဲ့တာဖြစ်ပါတယ်...

၁၂) Rother J လို့အမည်ရတဲ့ program ဟာ ပထမဆုံး ကွန်ပျူတာ ဗိုင်းရပ်စ်ဖြစ်ပြီး သူ့ကိုရေးသားထားတဲ့ ကွန်ပျူတာမှာမဟုတ်ဘဲ တခြား ကွန်ပျူတာမှာ စပြီးအလုပ်လုပ်ခဲ့တဲ့ ဗိုင်းရပ်စ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်...

၁၃) Mosaic ဟာ ပထမဆုံး နာမည်ကြီး web browser ဖြစ်ပြီး ၁၉၉၃ ခုနှစ်မှာ ဖြန့်ချိခဲ့ပါတယ်...

၁၄) နေ့စဉ်နေ့တိုင်း ၂၄၇ ဘီလီယံရှိတဲ့ အီးမေးလ်တွေပေးပို့ကြပြီး အဲ့ဒီအထဲက ၈၁ % ဟာ spam တွေဖြစ်ပါတယ်....
----------------------------------------------------------------
Ref: Computer Freaks
https://www.facebook.com/hnaingyintnway
 

မက္ကဆီကို နိုင်ငံတွင် ရှေးဟောင်း မာယာမြို့ကြီး တစ်မြို့သုတေသီများ ရှာဖွေတွေ့ရှိ


မက္ကဆီကိုစီးတီး ဇွန် ၂၁
ရှေးဟောင်း သုတေသန ပညာရှင်များသည် မက္ကဆီကို နိုင်ငံရှိ တောအတွင်း၌ အထိမ်းအမှတ် အဆောက်အအုံနှင့် ပန်းပုလက်ရာများ ပါဝင်သော ရှေးဟောင်း မာယာမြို့ကြီး တစ်မြို့ကို ရှာဖွေတွေ့ရှိ ခဲ့ကြောင်း သိရသည်။
အဆိုပါ မြို့ကို မက္ကဆီကို နိုင်ငံအရှေ့တောင်ပိုင်း ကမ်ပီချီ ဒေသတွင် တွေ့ရှိ ခဲ့ခြင်းဖြစ်ပြီး ယင်းဒေသသည် ယူနက် စကိုအဖွဲ့က ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် နေရာတစ်ခု အဖြစ် သတ်မှတ်ထားသော ကာလက်စ်မူလ် ရှေးဟောင်း မြို့ အပါအဝင် မာယာ အဆောက်အအုံ ဒါဇင်ပေါင်း များစွာရှိရာ နေရာတစ်ခုဖြစ်သည်။

ကောက်ရခဲ့သည့် ကျောက်တုံးကြီး နှစ် ဘီလီယံ ပေါင်းများစွာ သက်တမ်း ရှိသည့် ရှားပါး ဥက္ကာခဲ တစ်ခုဖြစ်


အာလင်တန်   ဇွန်  ၂၄
အမေရိကန် ပြည်ထောင်စု မင်နီဆို တာပြည်နယ် အာလင်တန်မြို့မှ ဘရူ့စ်   လေလန်ဟယ် အမည်ရှိ  လယ်သမားတစ်ဦးသည်  လွန်ခဲ့သည့် နှစ်နှစ်ခန့်က ကောက်ရခဲ့သော ကျောက်တုံးအား  
မည်သည့် အရာ ဝတ္ထုမှန်း နားမလည်သည့်အတွက် မင်နီဆိုတာ တက္ကသိုလ်မှ   ဥက္ကာခဲ ပြတိုက်မှူးထံသို့ သွားရောက် ပြသခဲ့သည်။
နှစ်ပေါင်းများစွာကြာ လေ၊ ရေနှင့် ရာသီဥတုဒဏ်ကို ခံထားရသည့် ယင်းဥက္ကာခဲကို ဘရူ့စ်သည် ဇနီးဖြစ်သူနှင့် အတူ ၎င်း၏ လယ်မြေအတွင်းမှ တွေ့ရှိ ခဲ့ခြင်းဖြစ်သည်။ ကနဦးတွင် ၎င်းကျောက်တုံးကြီးမှာ မည်သည့်အရာဖြစ်ကြောင်း နားမလည်ခဲ့သော်လည်း  ဥက္ကာခဲတစ်ခုဟု ထင်မြင် ယူဆသည့်အတွက် ဥက္ကာခဲဆိုင်ရာ ကျွမ်းကျင်သူ ကေဗင် အလက်ဇန္ဒားထံ သို့ သွားရောက် ပြသခဲ့သည်။

ပြင်သစ်နိုင်ငံတွင် သမီးဖြစ်သူ ကိုယ်စား အင်္ဂလိပ် စာမေးပွဲ ဖြေဆိုခဲ့သော မိခင် ဖမ်းဆီးခံရ


ပဲရစ်   ဇွန်  ၂၂
ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ဆယ်ကျော်သက် အရွယ် သမီးဖြစ်သူ ကိုယ်စား အင်္ဂလိပ် စာမေးပွဲ ဝင်ရောက် ဖြေဆိုခဲ့သော အသက် ၅၂ နှစ်အရွယ် ရှိ မိခင်ဖြစ်သူအား ရဲတပ်ဖွဲ့က ဖမ်းဆီး ခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသမီးသည် ဂျင်းဘောင်း ဘီတိုနှင့် ဘွတ်ဖိနပ်များ ဝတ်ဆင်၍ အသက် ၁၉ နှစ်အရွယ်ရှိ သမီးဖြစ်သူ လီတီတီဘာအဖြစ် ဟန်ဆောင်ကာ အင်္ဂလိပ် စာမေးပွဲ ဖြေဆိုရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။
အင်္ဂလိပ် စာမေးပွဲ မဖြေခင် နှစ်ရက်က ဒဿနိကဗေဒ စာမေးပွဲ ဖြေစဉ် အချိန်တွင် သမီးဖြစ်သူကို  မြင်တွေ့ဖူးသော စာမေးပွဲ စောင့်သူက ၄င်းအား သတိပြု မိသွားခဲ့သော်လည်း အခြား ကျောင်းသားများကို စိတ်အနှောင့်အယှက် မဖြစ်လိုသည့် အတွက် စာမေးပွဲခန်း အတွင်းမှ မောင်းထုတ်ခဲ့ခြင်း မရှိကြောင်း သိရသည်။

ထူးထူးခြားခြားမှတ်သားစရာများ


၁) ပန်းပွင့်တွေဟာ ဂီတသံတွေကြားရရင် ပိုပြီးမြန်မြန်ကြီးလာပါတယ်...

၂) အင်းဆက်ပိုးကောင်တွေကိုဖမ်းယူစားသောက်တဲ့ Venus fly trap အပင်တစ်ပင်ဟာ Cheeseburger တစ်လုံးကို တောင် အစာချေချက်နိုင်ပါတယ်...

၃) ဆင်တွေရဲ့ ကိုယ်ဝန်ဆောင်ချိန်ဟာ ၂ နှစ်ရှိပါတယ်...

၎) ငှက်ပျောသီးဟာ ရေဒီယိုသတ္တုကြွတဲ့ အသီးဖြစ်ပါတယ်...

၅) ခဲဖျက်တွေမပေါ်ခင်က ခဲတံနဲ့ ရေးသားထားတာတွေကို ဖျက်ဖို့ ပေါင်မုန့်ကို အသုံးပြုခဲ့ကြပါတယ်...

၆) အမျိုးသမီးတွေဟာ အမျိုးသားတွေထက် နှလုံးခုန်နှုန်းမြန်ပါတယ်...

၇) ငှက်ပျောသီးစားထားတဲ့သူတွေနားကို ခြင်တွေပိုလာပါတယ်...

၈) အနီရောင်ဟာ သင့်ကိုဆာလောင်စေပါတယ်...

၉) ကြွက်ကိုကလိထိုးရင် ကြွက်တွေရယ်ပါတယ်...

၁၀) ပျားထီးတွေဟာ မျိုးပွားပြီး (လိင်ဆက်ဆံပြီး) ရင် သေပါတယ်...

၁၁) ဂျွန်လင်နွန်ရဲ့ သက်ရှိထင်ရှားရိုက်ထားတဲ့ နောက်ဆုံး ဓာတ်ပုံဟာ သူ့ကိုသတ်ခဲ့တဲ့ Mark Chapman နဲ့အတူပါရှိတဲ့ပုံဖြစ်ပါတယ်...

၁၂) ဝက်တွေဟာ အရက်စွဲနိုင်ပါတယ်...

၁၃) ဆင်တွေဟာ သူတို့မိတ်ဆွေတွေသေဆုံးခဲ့တဲ့နေရာတွေကို ဝမ်းနည်းပူဆွေးငိုကြွေးဖို့ ပြန်သွားတတ်ပါတယ်...

၁၄) ပျားတွေရဲ့ အကြိုက်ဆုံးအရောင်က ခရမ်းရောင်ဖြစ်ပါတယ်...

၁၅) သစ်ကုလားအုတ်ရဲ့လျှာဟာ အမည်းရောင်ဖြစ်ပါတယ်...

၁၆) ဂျက်ကီချမ်းဟာ သူ့မိခင်ရဲ့ ဝမ်းဗိုက်ထဲမှာ ၁၂ လအထိ နေခဲ့ရပါတယ်...

၁၇) ကျီးကန်းတွေဟာ ငှက်တွေအားလုံးထဲမှာ ဥာဏ်ရည်အမြင့်ဆုံးဖြစ်ပါတယ်...

၁၈) ဧဝရတ်တောင်ထိပ်မှာ သေဆုံးခဲ့ရသူ အယောက် ၂၀ လောက်ရှိပါတယ်...

၁၉) ကမ္ဘာ့နာနတ်သီးထုတ်လုပ်မှုရဲ့ သုံးပုံတစ်ပုံကို ဟာဝိုင်အီကျွန်းက ထုတ်လုပ်ပါတယ်...

၂၀) ငှက်ပျောသီးဟာ ဘယ်ရီသီးအမျိုးအစားဖြစ်ပြီး စတော်ဘယ်ရီကတော့ ဘယ်ရီသီးမဟုတ်ပါဘူး...

၂၁) ဟစ်တလာကို နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် တစ်ကြိမ်အဆိုပြုခံရဖူးပါတယ်..

----------------------------------------------------------------
Ref: eyespopping.com
https://www.facebook.com/hnaingyintnway

သောကြာဂြိုဟ်ပေါ်က လျှို့ဝှက်ဆန်းကြယ်မှု


မကြာသေးမီ အချိန်များက သောကြာဂြိုဟ် ပေါ်တွင် အရှိန်ပြင်း လေမုန်တိုင်းကြောင့် လေပြင်းများ တဝေါဝေါ တိုက်ခတ်လျက် ရှိသည်ကို တွေ့ရ၍ သိပ္ပံပညာရှင်များ အနေဖြင့် အဘယ်ကြောင့် ထိုသို့ဖြစ် နေရကြောင်း သေသေချာချာ အဖြေရှာ မတွေ့နိုင် ကြသေးပေ။
ဥရောပ၏ သောကြာဂြိုဟ် စူးစမ်းလေ့လာရေး ဂြိုဟ်တု Venus Express ၏ အကဲခတ် လေ့လာမှု ပြုလုပ်ချက်များအရ သောကြာဂြိုဟ် ပေါ်ရှိ တိမ်တိုက် အထက်တွင် ရှိသောလေ၏ အရှိန်သည် တစ်နာရီလျှင် ၁၈၆ မိုင် (၃ဝဝ ကီလိုမီတာ)မှ တစ်နာရီလျှင်၂၄၉ မိုင်(၄ဝဝ ကီလို မီတာ)သို့  ခုန်တက် ကျော်လွှားသွားနေကြောင်း တွေ့ရသည်။
''ပတ်ဝန်းကျင် လေထုအတွင်း လေပြင်း တိုက်နှုန်းကို သိရှိထားပေမဲ့ ခုဟာကတော့ ဧရာမတိုးမြင့် လာတာဖြစ်ပါတယ်'' ဟု မော်စကိုမြို့ရှိ အာကာသ သုတေသနအဖွဲ့ (Space Research Institute) အစ်ဂေါခါ တွန်စက်ဖ် (Igor Khatunsev)က ပြောကြားခဲ့သည်။ ''သောကြာဂြိုဟ် ပေါ်မှာ ဒီလိုကြီးမားတဲ့ မူကွဲ အပြောင်းအလဲကို တစ်ခါမှ မမြင်ဖူးသေးပါဘူး။ နောက်ပြီးတော့ အဲဒီလိုဘာကြောင့် ဖြစ်ရတယ် ဆိုတာကို ကျွန်တော်တို့ နားမလည်နိုင် သေးပါဘူး။''

ဂျပန်နိုင်ငံမှ ဖူဂျီတောင်အား ရှေးဟောင်း အမွေအနှစ် အဖြစ် UNESCO က သတ်မှတ်


ကုလ သမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ UNESCO ၏ (၃၇) ကြိမ်မြောက် အစည်းအဝေးတွင် ဂျပန်နိုင်ငံရှိ ဖူဂျီတောင်ကို ရှေးဟောင်း ယဉ်ကျေးမှု   အမွေအနှစ် တစ်ခုအဖြစ် ယင်းအဖွဲ့ကြီးက   ဇွန် ၂၁ ရက်တွင် မှတ်တမ်း တင်ခဲ့သည်ဟု သိရသည်။
ဖူဂျီတောင်သည် ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် စာရင်းတွင် (၁၇) ကြိမ်မြောက် မှတ်တမ်း တင်ခံရသည့် ဂျပန်နိုင်ငံ၏ ယဉ်ကျေးမှု အမွေအနှစ်တစ်ခု ဖြစ်သည်။ ယင်းကဲ့သို့ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် စာရင်းတွင် ဖူဂျီတောင်ကို ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် တစ်ခုအဖြစ် ကမ္ပည်းမှတ်တမ်း တင်ခံရသည့် အတွက် ဝမ်းမြောက် ဂုဏ်ယူမိကြောင်း ကမ္ဘောဒီးယားနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် စော့ခ်အန်က အစည်းအဝေး ကျင်းပစဉ်အတွင်း ပြောကြားခဲ့သည်။
ယာမာနာရှီနှင့် ရှီဇူအိုကာ စီရင်စုရှိ ဖူဂျီတောင်သည် ၃၇၇၆ မီတာ အမြင့်ရှိပြီး မြေဧရိယာ ၇ဝဝဝဝ ဟက်တာ အကျယ်အဝန်း ရှိကြောင်း ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် ကော်မတီမှ အကြံပေး ပုဂ္ဂိုလ်တစ်ဦး ၏ ပြောကြားချက်အရ သိရသည်။
ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် ကော်မတီ၏ (၃၇) ကြိမ်မြောက် အစည်းအဝေးကို ဖနောင်ပင်မြို့တွင် ကျင်းပလျက် ရှိပြီး ဇွန် ၂၇ ရက်တွင် ပြီးဆုံးမည် ဖြစ်သည်။

ကမ္ဘာကျော် Grand Canyon ချောက်ကမ်းပါးအား ကြိုးတန်းပေါ်တွင် အောင်မြင်စွာ လမ်းလျှောက် ပြနိုင်ခဲ့သည့် နစ်ဝေါ လန်ဒါ


ဝါရှင်တန် ဇွန် ၂၄
နစ်ဝေါလန်ဒါ အမည်ရှိ ကျွမ်းဘား ကစားသမား တစ်ဦးသည် ဇွန် ၂၃ ရက်က အမေရိကန် ပြည်ထောင်စုရှိ  နာမည်ကျော် Grand Canyon ချောက်အပေါ်မှ အန္တရာယ် ကင်းရှင်းရေး အထောက်အကူပြု ပစ္စည်းများ မပါဘဲ ကြိုးတန်းပေါ်တွင် အောင်မြင်စွာ လမ်းလျှောက် ပြနိုင်ခဲ့ကြောင်း သိရသည်။
ကောင်းကင်လမ်းလျှောက်သမားဟု ၎င်းကိုယ်၎င်း အမည်ပေးထားသော နစ်ဝေါလန်ဒါသည် အကွာအဝေး ၄၂၆ ဒသမ ၇မီတာရှိသော Little Colorado မြစ်ကိုဖြတ်၍ ကြိုးတန်းပေါ်မှ လမ်းလျှောက် ပြသ ခဲ့ခြင်းဖြစ်ပြီး ၎င်း၏ ရင်သပ် ရှုမောဖွယ် ပြကွက်အား တစ်ကမ္ဘာလုံးမှ ပရိသတ်များ ကြည့်ရှုနိုင်ရန်အတွက် Discovery ရုပ်သံလိုင်းက တိုက်ရိုက်ထုတ်လွှင့် ပြသ ခဲ့သည်။
Grand Canyon ချောက်ကို လမ်းလျှောက်ပြသရာတွင် ၅ စင်တီမီတာ အထူရှိ ကေဘယ်လ် ကြိုးအား အသုံးပြုခဲ့သော် လည်း  ဘေးအန္တရာယ် ကင်းရှင်းစေရန် သိုင်းကြိုးကိုမူ  ဝတ်ဆင်ခဲ့ခြင်း မရှိဟု သိ ရသည်။
ဝေါလန်ဒါသည် Flying Wallendas ကျွမ်းဘား မိသားစုမှ သတ္တမမြောက် မျိုးဆက်ဖြစ်ပြီး အသက်နှစ်နှစ် အရွယ်မှ စတင်၍ ၂ ပေ အမြင့်ရှိ ကြိုးတန်းပေါ် တွင် စတင်လမ်းလျှောက် ခဲ့သည်ဟု သိရ သည်။

ဦးခေါင်း အနီရောင်ရှိသည့် ငှက်မျိုးစိတ် သစ်တစ်မျိုး ဖနောင်ပင် မြို့တွင် တွေ့ရှိ


ဖနောင်ပင်  ဇွန်  ၂၆
ဦးခေါင်း အနီရောင်ရှိပြီး အသံကျယ်လောင်စွာ အော်တတ်သည့် ငှက်မျိုးစိတ် သစ်တစ်မျိုးကို လူနေ ခေါင်းပါးလှသည့် တောနက်ထဲတွင် သာမက လူများစွာ နေထိုင်သည့် ဖနောင်ပင် မြို့တော်တွင်း၌
လည်း တွေ့ရှိခဲ့ရကြောင်း ကမ္ဘောဒီးယား နိုင်ငံ၏ တောရိုင်း တိရစ္ဆာန်များ   ထိန်းသိမ်းရေး အဖွဲ့ (WCS) က ဇွန် ၂၆ ရက်တွင် ပြောကြားသည်။
ထင်ရှားသည့် အမွေးအတောင် ပါရှိပြီး Orthotomus Chaktomuk အမည်ရှိ အဆိုပါ   ငှက်မျိုးစိတ် သစ်များသည် အရွယ်အစားအားဖြင့် နှံစုတ်ငှက်၏ အရွယ်အစား မျှသာရှိပြီး အနက်ရောင် လည်ပင်းရှိသော ငှက်မျိုးစိတ် တစ်မျိုးဖြစ်သည်။ ၎င်းငှက်မျိုးစိတ်သည် ကမ္ဘောဒီးယား နိုင်ငံ၌သာ တွေ့မြင်ရသည့် ငှက်မျိုးစိတ် နှစ်ခုအနက်မှ တစ်ခု ဖြစ်သည်ဟု သိရသည်။ ယခုကဲ့သို့ ငှက်မျိုးစိတ်သစ်ကို တောနက်ထဲတွင် သာမက လူနေထူထပ်သည့် နေရာ၌လည်း တွေ့မြင်ရခြင်းသည် မိမိတို့ ရင်းနှီး ကျွမ်းဝင်သည့် နေရာများနှင့် မမျှော်လင့်သည့် နေရာများတွင် ငှက်မျိုးစိတ် သစ်များစွာကို တွေ့ရှိနိုင်ကြောင်း ပြသ နေသည်ဟု (WCS) အဖွဲ့မှ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ရှီမွန်မာဟွတ်ဒ်က ပြောကြားခဲ့သည်။

ချီလီမှ အမျိုးသမီး တစ်ဦး ငိုကြွေးရာမှ သွေးမျက်ရည်များ ကျဆင်း


ဆန်တီယာဂို ဇွန်   ၂၈
ချီလီနိုင်ငံမှ ဟာရစ်တ်ဇာ အမည်ရှိ အသက် ၂ဝ အရွယ် အမျိုးသမီးငယ် တစ်ဦးသည် ယခုလ အစောပိုင်းတွင် ထူးခြား ဆန်းကျယ်သော အခြေအနေ တစ်ရပ်ကြောင့် စိတ်ဖိစီးမှု ဝေဒနာကို ခံစားရပြီး နောက်တစ်ရက်တွင် ငိုကြွေး လိုက်သည့် အကြိမ်တိုင်း  သူမမျက်နှာ ပေါ်တွင်  သွေးမျက်ရည်များ စီးကျလာကြောင်း  အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။
ထို့ကြောင့် ယင်းအမျိုးသမီးသည် သူမ၏ မျက်လုံးအိမ်အား စစ်ဆေးမှုများ ခံယူရန်အတွက် ဒေသတွင်းရှိ ဆေးရုံသို့ သွားရောက် ခဲ့ကြောင်း သိရသည်။

ဟိုင်းဝေးလမ်း ဖောက်ထားသော တာဝါ


ဂျပန်နိုင်ငံ၊ အိုစကာမြို့ မှာ တည်ရှိတဲ့ ၁၆ ထပ်တိုက်ဖြစ်ပြီး Gate Tower Building လို့ အမည်ပေးထားပါတယ်။
၁၉၉၂ ခုနှစ်က ဆောက်လုပ်ပြီးစီးခဲ့တာ ဖြစ်ပြီး ၅ထပ်၊ ၆ထပ်၊ ၇ထပ် စတဲ့ အထပ် သုံးထပ်ကို ဟိုင်းဝေးကားလမ်းဖောက်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဓာတ်လှေကားစီးရင် ယင်းအထပ်တွေကို အလိုအလျောက် ကျော် သွားပါတယ်။ ခေါင်မိုးမှာ ရဟတ်ယာဉ် ကွင်းလည်း ထားရှိထားပါတယ်။ ဟိုင်းဝေးလမ်း ကြောင့် တိုက်တုန်ခါမှု၊ အသံဆူညံမှု မဖြစ်အောင် အထပ်ပေါင်း များစွာ ခံထားပါတယ်။ ပြီးတော့ တိုက်တစ်ခုလုံးကိုလည်း double core -နှစ်ထပ် ပြုလုပ် တည်ဆောက်ထားတာ ဖြစ်ပါတယ်။
Related Posts Plugin for WordPress, Blogger...