Saturday, June 29, 2013

ကမ္ဘာအနှံ့ ကီလိုမီတာ ၄ဝဝဝဝ ရှိသော ခရီး အကွာအဝေးကို တွန်းလှည်း တစ်စီးဖြင့် ဂျပန် အမျိုးသား တစ်ဦး ခြေကျင် သွားလာခဲ့


ရှန်ဟိုင်း ဇွန် ၁ဝ
ဂျပန်နိုင်ငံ ပင်လယ် ကမ်းရိုးတန်း ဒေသရှိ တော့တိုရီမြို့မှ အသက် ၃၂ နှစ် အရွယ်ရှိ  မာဆာဟီ တိုယိုရှီဒါဆိုသူ အမျိုးသားတစ်ဦးသည် နှစ်ဘီးတပ် တွန်းလှည်းတစ်စီးဖြင့် ကမ္ဘာအနှံ့ ကီလိုမီတာ ၄ဝဝဝဝ ရှိသော
ခရီးအကွာအဝေးကို လွန်ခဲ့သော လေးနှစ်ခွဲခန့်က ခရီးစတင် ထွက်ခွာခဲ့ရာ ဇွန် ၉ ရက်တွင် ရှန်ဟိုင်းမြို့သို့ အောင်မြင်စွာ ပြန်လည် ရောက်ရှိလာခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။ ယိုရှီဒါသည် ၎င်း၏ တွန်းလှည်းပေါ်တွင် အိပ်ရာလိပ် အပါအဝင် ၅ဝ ကီလိုဂရမ် အလေးချိန်ရှိသော   ခရီးဆောင် အိတ်များကို တင်ဆောင်လျက် ၂ဝဝ၉ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ရှန်ဟိုင်းမြို့မှ စတင် ထွက်ခွာခဲ့ခြင်း ဖြစ်သည်။

ယိုရှီဒါသည် ဗဟိုအာရှမှ ပေါ်တူဂီ နိုင်ငံ ကိပ်ရိုကာခရိုင် အနောက်ဘက် အစွန်းထိ ကီလိုမီတာ ၁၆ဝဝဝ ဝန်းကျင်ရှိသော ခရီးအကွာအဝေးကို တစ်နှစ်နှင့် ရှစ်လကြာ အချိန်ယူ၍ သွား ရောက်ခဲ့သည်။ ၎င်းသည် အစ္စတန်ဘူလ်မြို့မှ တစ်ဆင့် ပေါ်တူဂီ နိုင်ငံသို့ ၂ဝ၁ဝ ပြည့်နှစ် သြဂုတ်လတွင် ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ယိုရှီဒါသည် အမေရိကန် ပြည်ထောင်စု အရှေ့ဘက် ကမ်းရိုးတန်းသို့ လေကြောင်း ခရီးဖြင့် သွားလာခဲ့ပြီး နယူး ဂျာဇီပြည်နယ် အတ္တလန္တိတ် စီးတီးမှ ကီလိုမီတာ ၆ဝဝဝ ခရီးကို ခြေကျင် သွားလာခဲ့ပြီး ၂ဝ၁၁ ခုနှစ် အောက်တိုဘာလတွင် ကနေဒါနိုင်ငံ ဗန်ကူးဗာမြို့သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
၎င်းအပြင် သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ တောင်ဘက်မှ မြောက်ဘက်ဒါဝင် မြို့သို့ ကီလိုမီတာ ၅ဝဝဝ ရှိသော ခရီးအကွာအဝေးကို ရှစ်လကြာ ခြေကျင် ခရီးသွားလာခဲ့ပြီး ၂ဝ၁၂ ခုနှစ် ဇွန်လတွင် ဒါဝင်မြို့သို့ ရောက်ရှိခဲ့သည်။ ယိုရှီဒါသည် အရှေ့တောင် အာရှနိုင်ငံများဖြစ် သည့် စင်ကာပူနှင့် ဗီယက်နမ်သို့ ရောက်ရှိလာခဲ့ပြီး ဗီယက်နမ် နိုင်ငံတွင် အပူလှိုင်းဒဏ် ခံစားခဲ့ရပြီးနောက် တရုတ်နိုင်ငံသို့ ဆက်လက် ခရီးထွက်ခဲ့သည်။ ယိုရှီဒါသည် ၎င်း၏ နေ့စဉ် လိုအပ်သော အစားအစာများကို ဖြည့်တင်းနိုင်ရန် အတွက် ကနေဒါနှင့် သြစတြေးလျ နိုင်ငံတို့၌  အချိန်ပိုင်း အလုပ်လုပ်ကိုင် ခဲ့ရကြောင်း သိရသည်။
ထို့အပြင် ၎င်းအနေဖြင့် ဂျပန်နိုင်ငံ သို့မပြန်မီ တရုတ်(တိုင်ပေ)တွင် ခရီး အကွာအဝေး ကီလိုမီတာ ၅ဝဝ ကို ထပ်မံ ခြေကျင်လျှောက်ရန် စီစဉ်ထားသည်ဟု သိရသည်။  ဂျပန်နိုင်ငံသို့
ပြန်ရောက်ပြီး နောက်ပိုင်းတွင် ထိုနိုင်ငံရှိ ကလေးငယ်များအား ၎င်း၏ အတွေ့အကြုံများကို ပြန်လည် ပြောပြရန် မျှော်မှန်းထားကြောင်း ယိုရှီဒါက ပြောကြားထားသည်။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...