သူ့အမည်က Dashrath Manjhi ။ ခွန်အားသုံးပြီး အလုပ်ကြမ်း လုပ်ခဲ့ရသည့် ကျောက်မီးသွေးမိုင်းတွင်း လုပ်သားတစ်ဦးပါ။ အိန္ဒိယနိုင်ငံ ၊ ဘီဟာပြည်နယ် Gehlaur ရွာကလေးမှာ နေပါတယ်။ သူငယ်ရွယ်စဉ်မှာ Falguni Devi ဟူသည့် အမျိုးသမီးနှင့် အိမ်ထောင်ကျပြီး ဘ၀ကို အတူတကွ ရုန်းကန်ခဲ့ကြပါတယ်။
ဒါပေမယ့် Dashrath Manjhi ဘ၀မှာ နာကျည်းစရာ အဖြစ်အပျက် တစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။ သူချစ်ခင်ရတဲ့ ဇနီးဟာ အပြင်းဖျားရောဂါနှင့် သေဆုံးခဲ့ရပါတယ်။ တကယ်တော့ အနီးဆုံး ဆေးရုံကို အပို့ နောက်ကျခဲ့လို့ မသေသင့်ဘဲ သေခဲ့ရတာ ဖြစ်ပါတယ်။ သူနေထိုင်ရာ Gehlaur ရွာမှ အနီးဆုံး Wazirganj ကို ရောက်ရှိဖို့ ၅၅ ကီလိုမီတာ ဝေးပါတယ်။ အကြောင်းကတော့ သူရွာရှေ့ရှိ Gehlour တောင်တန်းကြီး ခံနေသဖြင့် ထိုတောင်တန်းကြီးကို တစ်ကွေ့တစ်ပတ်ကြီး ဖြတ်သွားရလို့ပါ။ ၅၅ ကီလိုမီတာ ဆိုပေမယ့် လမ်းကလည်း လမ်းကြမ်း ဆိုတော့ သွားရေးလာရေး ပိုခက်ခဲစေပါတယ်။
ဒီလို ခရီးလမ်းပန်း ကွေ့ကောက်ခက်ခဲနေလို့ သူ့ဇနီး မသေသင့်ဘဲ သေခဲ့ရတာကို Dashrath Manjhi တစ်ယောက် ယူကြုံးမရ အဖြစ်ဆုံးပါ။ ဒါကြောင့် သူဆုံးဖြတ်ချက် ချလိုက်ပါတယ်။ သူ့ဇနီးကို သေစေခဲ့သည့် ဒီခရီးလမ်းမှ တားဆီးနေတဲ့ တောင်ကြီးကို ဖြိုပြီး လမ်းအသစ်တစ်ခု ဖောက်ဖို့ပါ။ ဒါဆိုရင် သူတို့ရွာလေးကနေ မြို့ကို လွယ်လွယ်ကူကူ ဖြတ်နိုင်ပြီပေါ့။ တစ်ခြားရွာသားတွေအတွက်လည်း အဆင်ပြေမယ်။ နောက်ထပ်လည်း မသေသင့်ဘဲ သေရမယ့်သူတွေ မရှိတော့ဘူးပေါ့။