Friday, August 31, 2018

မှတ်ဖွယ်စုံရာ သုတပဒေသာ (၂၈)


ကမ္ဘာ့အသေးဆုံး တိရိစ္ဆာန်လေးများ

ကျွန်တော်တို့အနေဖြင့် တွေ့မြင်နေကျအရွယ်အစား မဟုတ်တဲ့ အကောင်းသေးသေးလေးတွေကို (၁) မှ (၂၃) အထိတင်ပြပေးပါ့မယ်။ တစ်ချို့အကောင်လေးများမှာ ရှိမယ်လို့ မထင်ရလောက်အောင် အလွန်သေးငယ်တဲ့ အရွယ်အစားဖြင့် ရှိနေကြတာပါ။ ကမ္ဘာပေါ်တွင် တိရိစ္ဆာန်မျိုးစိတ်ပေါင်းများစွာ ရှိတဲ့အထဲမှ ထူးထူးကဲကဲ သေးကွေးနေကြတဲ့ အကောင်မျိုးစိတ်များကို ကြည့်လိုက်ရအောင်နော်…

(၁) Dwarf Three-Toed Jerboa

သာမာန်ကြည့်လိုက်လျှင် ယုန်ပေါက်စလေးလိုလိုထင်စရာ ရှိတဲ့ ယခုအကောင်လေးများဟာ Dwarf Three-Toed Jerboa ဟုအမည်ရပါတယ်။ ဒီအကောင်လေးများဟာ ခန္ဓာကိုယ်နှင့်စာလျှင် ကြီးမားတဲ့ ခြေထောက်တစ်စုံနှင့်အတူ အမြီးရှည်ရှည်လည်း ရှိတတ်ကြပါတယ်။ ကမ္ဘာ့အသေးဆုံး ကိုက်ဖြတ်စားသောက်တတ်တဲ့ တိရိစ္ဆာန်လေးဖြစ်ပြီး အရွယ်အစားအားဖြင့် ၁.၇ လက်မ (4 cm) သာအရှည်ရှိပါတယ်။ အလေးချိန်ကတော့ တစ်အောင်စအောက်သာ ရှိပါတယ်။ ဒီအကောင်လေးတွေကို အိမ်မွေးတိရိစ္ဆာန်အဖြစ် မွေးလျှင်တော့ မပျောက်အောင်ဘဲ သေချာဂရုစိုက်ရမှာ အမှန်ပါ။

(၂) Long-Tailed Planigale

ကြွက်သေးသေးလို ပုံစံရှိတဲ့ Long-Tailed Planigale အကောင်လေးများဟာ သားငယ်ကိုမိခင်ဗိုက်တွင် အိတ်ဖြင့်သယ်ဆောင်သော သားပိုက်ကောင်ကဲ့သို့ နို့တိုက်သတ္တဝါမျိုးများတွင်ပါဝင်နေပြီး ကမ္ဘာ့အသေးဆုံးမျိုးစိတ်လည်း ဖြစ်ပါတယ်။ နှစ်လက်မခန့် (5.5 cm) သာ အရှည်ရှိတတ်ပြီး နာမည်လိုက်လိုက်အောင် အမြီးရှည်ရှည် ရှိကြပါတယ်။ သူတို့အမြီးဟာ သူတို့ခန္ဓာကိုယ်အရှည်ရဲ့ တန်းတူ (သို့) ခန္ဓာကိုယ်ထက် ပိုပြီးတောင် ရှည်ကြပါသေးတယ်။ ဒီအကောင်လေးများကို သြစတြေးလျ မြောက်ဘက်စွန်း မြက်ခင်းလွင်ပြင်ဒေသတွေမှာ တွေ့မြင်နိုင်ပါတယ်။

အမြင်ဆန်းတဲ့ ဘရာခြံစည်းရိုး

နိုင်ငံခြားတိုင်းပြည်တွေမှာကတော့ ထူးထူးခြားခြားမြင်ကွင်းတွေ အမြဲတွေ့မြင်ရတတ်ပါတယ်။ ယခုလည်း နယူးဇီလန်နိုင်ငံက လမ်းမကြီးနဘေးတွင် အမျိုးသမီးဝတ်ဘရာဇီယာ အမျိုးအစားစုံ ၊ အရောင်စုံ စီတန်းချိတ်ဆွဲထားတဲ့ ခြံစည်းရိုးအကြောင်း တင်ပြပေးချင်ပါတယ်။

နယူးဇီလန်နိုင်ငံ တောင်ပိုင်းကျွန်း Lanakha မှ Queen Town ကိုသွားသည့် ကားလမ်းနံဘေးတစ်နေ၇ာမှာ ထိုခြံစည်းရိုး တည်ရှိနေတာပါ။ Cardrona Bra Fence ဟုအမည်ရတဲ့ ထိုနေရာလေးမှာ ဘရာဇီယာပေါင်း ရာနှင့်ချီ ချိတ်ဆွဲထားပါတယ်။ ဒီလိုချိတ်ဆွဲထားမှုဟာ ၁၉၉၈ - ၉၉ ခုနှစ်များအတွင်းမှ စတင်လာပြီး တဖြည်းဖြည်း များပြားလာခဲ့ခြင်း ဖြစ်ပါတယ်။

ဒီခြံစည်းရိုးတန်းလေး စတင်ဖြစ်ပေါ်လာတဲ့ အကြောင်းကတော့ ၁၉၉၈ ခုနှစ် Christmas ကာလနှင့် ၁၉၉၉ ခုနှစ်အကူး နှစ်သစ်ကူးကာလများအတွင်း ဘရာဇီယာ လေးခု စတင်ချိတ်ဆွဲထားတာ တွေ့ရတာပါ။ အများအထင်ကတော့ ထိုအားလပ်ရက်များတွင် ခရီးထွက်လည်ပတ်သော အမျိုးသမီးလေးဦးမှ ချိတ်ဆွဲထားခဲ့ခြင်းဟု ယူဆကြပါတယ်။ ဒါပေမယ့် ဘယ်လိုရည်ရွယ်ချက်နဲ့ ဒီလိုချိတ်ထားခဲ့သလည်းဆိုတာ ဘယ်သူမှ မသိကြပါဘူး။
Related Posts Plugin for WordPress, Blogger...