
စိုးရိမ်ကြောင့်ကြစိတ် များသူတို့သည် သူတစ်ပါးအား စေတနာထား ကူညီပေးခြင်းဖြင့် စိတ်သက်သာရာ ရနိုင်ကြောင်း သိရသည်။
ကြင်နာစွာ ကူညီဖေးမပေးသည့် အပြုအမှုကြောင့် လူကြောက်တတ်သည့် ပုဂ္ဂိုလ်များ လူစိမ်းများနှင့် အလွယ်တကူ ရင်းနှီးသွားစေနိုင်ကြောင်း သိပ္ပံပညာရှင်များ ပြောကြားခဲ့သည်။
ပါတီပွဲများကဲ့သို့ လူမှုရေးပွဲများတွင် လူအများကြားတွင် ကိုယ့်ကိုယ်ကို သတိထားနေပြီး ကြောက်စိတ် ၀င်နေတတ်သူများအတွက် အဆိုပါလေ့လာမှုက အထောက်အကူ များစွာဖြစ်စေသည်။
တခြားသူများကို ကြင်နာမှုအပြည့်ဖြင့် ကူညီပေးလိုက်ခြင်းကြောင့် ပျော်ရွှင်သည့် စိတ်ခံစားမှုကို ပိုမိုတိုးပွားစေသည်ကို အများသိကြပြီးဖြစ်သည်။ ကနေဒါနိုင်ငံရှိ ဆိုင်မွန်ဖရေဆာ တက္ကသိုလ်နှင့် ဗြိတိန် ကိုလံဘီယာ တက္ကသိုလ်တို့မှ ကနေဒါသုတေသီများက စိတ်ရင်းကောင်းဖြင့် ကူညီလိုက်ခြင်းကြောင့် စိုးရိမ်ကြောင့်ကြစိတ် လျော့ကျသွားပုံကို လေ့လာထားခြင်းဖြစ်သည်။