Tuesday, October 30, 2018

အိုဇုန်းလွှာ (သို့) ကမ္ဘာမြေ၏ ထီး

အိုဇုန်းလွှာဆိုသည်နှင့် ကျွန်ုပ်တို့ကမ္ဘာပေါ်ရှိ အပင်နှင့် သက်ရှိသတ္တ၀ါအားလုံး အသက်ရှင်ရပ်တည်နိုင်ဖို့ ကာကွယ်ပေးထားသော လေထုအလွှာဖြစ်ကြောင်း သိကြပါသည်။ ထိုအိုဇုန်းလွှာ၏ ဖြစ်တည်မှုအကြောင်းအရာများ ၊ သဘောသဘာဝများ နှင့် ကမ္ဘာ့လေထုလွှာ လေးခုအကြောင်းကိုပါ တင်ပြပေးချင်ပါသည်။ အိုဇုန်းအလွှာ ဆိုတာကတော့ ကမ္ဘာ့လေထုအလွှာများထဲမှ နေရောင်ခြည် (ခရမ်းလွန် ရောင်ခြည်) Ultraviolet Radiations (UV Rays) များကို စုပ်ယူတဲ့ နေရာဖြစ်ပါသည်။

ကျွန်ုပ်တို့ ကမ္ဘာမြေကြီးကို လေထုအလွှာများက ၀န်းရံထားပါသည်။ ကမ္ဘာမြေတွင် အဓိကလေထုအလွှာ လေးခုရှိပြီး အပင်နှင့် သက်ရှိသတ္တ၀ါများအတွက် မရှိမဖြစ်အရေးပါသော အိုဇုန်းလွှာသည် စထရာတို စဖီးယား (The Stratosphere) အလွှာထဲတွင် သဘာဝအတိုင်း တည်ရှိနေပါသည်။ ကမ္ဘာမြေ၏ ပင်လယ်ရေမျက်နှာပြင်အထက် ၁၉ မိုင် မှ ၂၅ မိုင် ( ၃၀ ကီလိုမီတာ မှ ၄၀ ကီလိုမီတာ) ခန့်တွင် ရှိနေပါသည်။ အထူကတော့ ရာသီဥတု နှင့် ပထဝီ အနေအထားပေါ်တွင် မူတည်၍ ပြောင်းလဲမှု ရှိပါသည်။

အိုဇုန်းဆိုတာ အောက်ဆီဂျင် အက်တမ် သုံးခု ပေါင်းထားတဲ့ (O3) ဓါတ်ငွေ့ကို ခေါ်တာဖြစ်ပါသည်။ ထိုအိုဇုန်းလွှာသည် နေမှလာသော UV-B နဲ့ UV-C ရောင်ခြည်တွေကို ကာကွယ်ပေးပါသည်။ တစ်နည်းအားဖြင့် ခရမ်းလွန် ရောင်ခြည်များ၏ ၉၇ ရာခိုင်နှုန်း မှ ၉၉ ရာခိုင်နှုန်း အထိကို စုပ်ယူ ပေးပါသည်။

အကယ်၍ အိုဇုန်းလွှာမရှိဘဲ ထိုရောင်ခြည်များသာ ကမ္ဘာမြေပေါ်သို့ ပါလာလျှင် လူ့အသားကိုထိလိုက်သည်နှင့် မီးလောင်သလို အဖုများ ထွက်လာနိုင်ပါသည်။ အနည်းငယ်သင့်ရုံမျှဖြင့် အရေပြားကင်ဆာရောဂါ ဖြစ်ပွားတတ်ပါသည်။ ခရမ်းလွန်ရောင်ခြည်ပါသော နေရောင်ကြောင့် မျက်စိတွင် တိမ်စွဲတတ်ပါသည်။ ဗီတာမင်များ၊ ဆိုးဆေးများ၊ သတ္ထုများ၊ အဆီများသည် ခရမ်းလွန်ရောင်ခြည်သင့်ပါက နေမှ အပူများကို စုပ်ယူပြီး အရောင်များ တဖျတ်ဖျတ် လက်လာပါလိမ့်မည်။ ထိုပစ္စည်းများမှာ ပူလွန်းလှသည့်အတွက် စား၍လည်း မရတော့ပါ။ ထို့ပြင် သတ္တဝါတို့၏ အရေပြားသည် ရောင်ခြည်သင့်မှုကြောင့် ဓာတ်ပြောင်းလဲခြင်း ဖြစ်ကာ ရောဂါအသစ်အဆန်းများလည်း ပေါ်လာနိုင်ပါသည်။ ဤသည်တို့ကို မဖြစ်အောင် အိုဇုန်းလွှာက ကာကွယ်ပေးထားရပါသည်။ ထိုအလွှာလုံးဝမရှိလျှင် အပင်နှင့် သက်ရှိသတ္တ၀ါများ ရှင်သန်ရပ်တည်ရန် မဖြစ်နိုင်တော့ပါ။

၁၉၈၀-ပတ်ဝန်းကျင်တွင် အန္တာတိကတိုက်ပေါ်ရှိ အိုဇုန်းလွှာတွင် အပေါက်ဖြစ်နေကြောင်း တွေ့ရှိလာရပါသည်။ အစတွင် အိုဇုန်းလွှာပေါက်မှုသည် စိုးရိမ်စရာမရှိဟု ကမ္ဘာ့ခေါင်းဆောင်များက ထင်မှတ်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် ကမ္ဘာ့အခြားတဖက်ဖြစ်သော အာတိတ်စက်ဝိုင်းတွင်ပါ အိုဇုန်းလွှာပေါက်လာကြောင်း တွေ့ရှိလာကြပါသည်။ ထို တောင်မြောက်ဝင်ရိုးစွန်းနေရာသည် လူနေထိုင်ခြင်း မရှိသော ရေခဲနေသော ဒေသများ ဖြစ်ပါသည်။ လူနေထိုင်ခြင်း မရှိသော်လည်း ထိုဒေသတွင် အိုဇုန်းလွှာပေါက်နေသောကြောင့် အလွန်ပြင်းသော နေရောင်ခြည်များသည် ရေခဲများပေါ်သို့ တိုက်ရိုက်ကျရောက်လာပါသည်။ ထိုအခါ ဧရာမ ရေခဲတုံးကြီးများ၊ ရေခဲများသည် ပင်လယ်များအတွင်း အရည်ပျော်လာပြီး ပင်လယ်ရေထု မြင့်တက်လာပါသည်။ အကျိုးဆက်အနေဖြင့် ကမ္ဘာ့နိုင်ငံများတွင် ရေကြီးခြင်း၊ ရာသီဥတု ပြောင်းလဲခြင်း၊ မုန်တိုင်းများ ဖြစ်ပေါ်ခြင်းတို့ ပေါ်ပေါက်ခံစားလာရပါသည်။

ထိုကဲ့သို့ လူသားများအတွက် အရေးပါသော အိုဇုန်းလွှာ ဘာကြောင့်ပေါက်သလဲ။ လူသားများကြောင့်ပင် ပေါက်လာရခြင်း ဖြစ်ပါသည်။ ၁၉၇၀ ခုနှစ်ဝန်းကျင်တွင် သိပ္ပံပညာရှင်များသည် အိုဇုန်းလွှာကို အန္တရာယ်ပြုနေသည့် ဓာတ်ငွေ့တခုကို တွေ့ရှိလာရပါသည်။ ၎င်းကို ကလိုရိုဖလိုရိုကာဗွန် (အတိုကောက်အားဖြင့် CFC) ဟုခေါ်ပါသည်။ အဆိုပါ CFC ဓာတ်ငွေ့သည် ကျွန်ုပ်တို့ အသုံးပြုနေသော ရေခဲသေတ္တာများ၊ ရေမွှေးဘူး၊ ခြင်ဆေးဘူး စသော စပရေးဘူးများ၊ တီဗွီ၊ ကွန်ပျူတာများမှ ထွက်ရှိနေပါသည်။ CFC မော်လီကျူးတခုသည် အိုဇုန်းမော်လီကျူးပေါင်း တသိန်းခန့်ကို အသာအယာ ဖျက်ဆီးပစ်နိုင်ပါသည်။ CFC ဓာတ်ငွေ့ကဲ့သို့ပင် အိုဇုန်းလွှာကို အန္တရာယ်ပေးတတ်သည့် ဓာတ်ငွေ့နှစ်ခု ကျန်ပါသေးသည်။ တခုမှာ စက်ရုံ၊ အလုပ်ရုံများမှထွက်သော မီးခိုးခေါ် ကာဗွန်ဒိုင်အောက်ဆိုဒ်ဖြစ်ပြီး လူတို့နေ့စဉ်ထုတ်လုပ်နေသာ ဓာတ်ငွေ့ပင်ဖြစ်ပါသည်။ အခြားတခုမှာ ပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာများတွင် ပါဝင်သော နိုက်ထရိုဂျင်ဒြပ်ပေါင်းများ ဖြစ်ပါသည်။ လူသားများအတွက် အကျိုးပြုနေသော အရာကို လူသားများကပင် ဖျက်ဆီးနေသလို ဖြစ်နေပါသည်။
ထို့ကြောင့်ပင် ကမ္ဘာ့နိုင်ငံခေါင်းဆောင်များသည် အိုဇုန်းလွှာ ထိန်းသိမ်းရေးအတွက် အစီးအမံများ ပြုလုပ်ကာ စောင့်ကြည့်ထိန်းသိမ်းမှုများ ပြုလာကြပါသည်။ နှစ်စဉ် စက်တင်ဘာလ ၁၆ ရက်နေ့ကို ကမ္ဘာ့အိုဇုန်းနေ့ဟု သတ်မှတ်ခဲ့ကြပါသည်။ သို့ပေမယ့် အိုဇုန်းလွှာကတော့ တစ်နှစ်ထက် တစ်နှစ်တိုးကာ ပိုဆိုးရွားလာခဲ့ပါသည်။

ဒါက စထရာတို စဖီးယား (The Stratosphere) အလွှာထဲမှ လူသားများအတွက် အကျိုးပြုနေသော အိုဇုန်းလွှာ အကြောင်းပါ။ အိုဇုန်းတွင်လည်း လူသားများအတွက် ဆိုးကျိုးပေးသော အလွှာ ရှိနေပါသေးသည်။ ထိုအိုဇုန်းကတော့ ကမ္ဘာမြေနှင့် ကပ်လျက်ရှိသည့် လေထုလွှာ ထရိုပို စဖီးယား (The Troposphere) အလွှာထဲက အိုဇုန်းများပင် ဖြစ်ပါသည်။ ထိုအိုဇုန်းကတော့ ကား၊ ဆိုင်ကယ် အစရှိတဲ့ ဓါတ်ဆီ၊ ဒီဇယ်ဆီသုံး ယာဉ်၊ ပစ္စည်းများမှ စွန့်ထုတ်လိုက်သော ဓါတ်ငွေ့များနဲပေါင်းစပ်ပြီး  လေထုညစ်ညမ်းခြင်းကို ဖြစ်စေပါတယ်။ ထိုမှတဆင့် အပင်နဲ့ လူသားတွေကို အဆိပ်အတောက် ဖြစ်စေပြန်ပါတယ်။ သို့ပေမယ့် ထရိုပို စဖီးယား (The Troposphere) အလွှာထဲရှိ ဆိုကျိုးပေး အိုဇုန်းဓာတ်သည် ကမ္ဘာပေါ်ရှိ အိုဇုန်းဓာတ်အားလုံး၏ ၁၀ % ခန့်သာ ရှိပါသည်။ ကျန်သည့် ၉၀ % သည် အပင်နှင့် သက်ရှိသတ္တ၀ါများအတွက် ကောင်းကျိုးပေးသော စထရာတို စဖီးယား (The Stratosphere) အလွှာထဲရှိ အိုဇုန်းများပင် ဖြစ်ပါသည်။

အိုဇုန်းအကြောင်း ရေးလျှင် ကမ္ဘာ့လေထုအလွှာများ အကြောင်းကိုထည့်ရေးမှ ပြည့်စုံပါမည်။ ကျွန်ုပ်တို့ ကမ္ဘာမြေကြီးကို အဓိက လေထုလွှာ လေးခုမှ ၀န်းရံ လှည့်ပတ်နေပါသည်။  ထိုအလွှာများမှာ…
(၁) ထရိုပို စဖီးယားအလွှာ
လေထု၏အောက်ဘက်အကျဆုံးဖြစ်ပြီး လူသားတို့နှင့် ထိတွေ့နေသော အလွှာဖြစ်ပါသည်။ အမြင့် ၁၀ ကီလိုမီတာအထိ မြင့်ပါသည်။ (၆ မိုင်)
(၂) စထရာတို စဖီးယားအလွှာ
ထရိုပိုစဖီးယားအလွှာ၏ အထက်တွင် တည်ရှိပါသည်။ အမြင့် ၁၀ ကီလိုမီတာမှ ၅၀ ကီလိုမီတာအထိ ( ၆ မိုင် မှ ၃၁ မိုင်) ရှိပါသည်။ ၎င်းအလွှာထဲတွင် အိုဇုန်းလွှာ ရှိနေပါသည်။
(၃) မီဆို စဖီးယားအလွှာ
လေထု၏ တတိယအလွှာဖြစ်ပါသည်။ အမြင့် ၅၀ ကီလိုမီတာမှ ၈၅ ကီလိုမီတာအတွင်း တည်ရှိပါသည်။ လေထုအလွှာ လေးလွှာအနက် အပူချိန်အနည်းဆုံး (အအေးဆုံး) အလွှာဖြစ်ပါသည်။ ၎င်းအလွှာတွင် လေထုသည် သုညအောက် ၈၀ ဒီဂရီအထိ အေးပါသည်။
(၄) သာမို စဖီးယားအလွှာ
လေထု၏ အပေါ်ဆုံးအလွှာ ဖြစ်ပါသည်။ အမြင့် ကီလိုမီတာ ၉၀-မှ ၁၂၀-အတွင်း တည်ရှိပါသည်။ ၎င်းအလွှာတွင် လေထုသိပ်သည်းမှု အလွန်နည်းပါးပါသည်။



ထိုလောက်ဆိုလျှင် အိုဇုန်းလွှာနှင့် ကမ္ဘာ့လေထုအကြောင်း အကျဉ်းချုပ်လောက် တင်ပြပေးပြီးပါသည်။ အိုဇုန်းလွှာ ထိန်းသိမ်းဖို့ လူသားတစ်ဦးချင်း လုပ်ဆောင်နိုင်သည့် အရာမှာ သစ်ပင်များ များစိုက်ဖို့ပင် ဖြစ်ပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...