Monday, February 11, 2013

သက်တံစက်ဝန်း


 အလွန်တွေ့ရခဲသည့် သက်တံစက်ဝန်းတစ်ခုလုံး၏အလှကို ဘယ်လ်ဂျီယံနိုင်ငံသား ဓာတ်ပုံဆရာတစ်ဦးက ဇမ်ဘီယာနိုင်ငံ ဗစ်တိုးရီးယား ရေတံခွန်အနီးတွင် တွေ့ရှိရ၍ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့သည်။ အသက် ၄၂နှစ်အရွယ်ရှိ နီကိုလီသည် ဘယ်လ်ဂျီယန်နိုင်ငံ ဘရပ်ဆဲလ်မြို့တွင် ရှေ့နေအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း အလုပ်လုပ်ကိုင်ပြီး အားလပ်ရက်တွင် အာဖရိကတိုက် ဇမ်ဘီယာနိုင်ငံသို့ အလည်အပတ်သွားရောက်စဉ် ထိုသက်တန့် အလှဓာတ်ပုံကို ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ ဗစ်တိုးရီးယား ရေတံခွန်သည် ကမ္ဘာပေါ်တွင် အကြီးဆုံးရေတံခွန် တစ်ခုဖြစ်ပြီး နေရောင်ကြောင့် ဖြစ်ပေါ်လာသော  သက်တံစက်ဝန်း၏ အလှကိုကြည့်ရှု့ခံစားနိုင်သည်။

ထူးခြားဆန်းပြား ဖားဝါလေးများ


အင်္ဂလန်နိုင်ငံ ဒါဘီရှိုင်းယားပြည်နယ်၌ နှင်းများထူထပ်စွာ ဖုံးနေသော လမ်းကြားကလေး တစ်ခုတွင် ထူးခြားဆန်းပြား ဖားဝါလေးများကို စတီဗင်အက်ကင်ဆိုသူက စတင်တွေ့ရှိခဲ့သည်။ ထို့နောက် စတီဗင်က ထူးခြားဆန်းပြား ဖားဝါလေးများ အကြောင်းကို ဇနီးသည်ကို ပြန်လည်ပြောပြရာ ဇနီးသည်က လိုချင်သည် ဆိုသောကြောင့် ဖားဝါလေးများကို အိမ်သို့ယူဆောင်လာပြီး ရေဖလားထဲ ထည့်ထားသည်။

အမှုများကြားနာနေစဉ် မကြာခဏ အိပ်ပျော်လေ့ရှိသဖြင့် ရုရှားတရားသူကြီး ရာထူးမှ ဖယ်ရှားခံခဲ့ရ


ရုရှားအရှေ့ဖျားဒေသ ဗလာဂေါ့ခ်ျချင့်စ်မြို့ရှိ တရားသူကြီးတစ်ဦးသည် အမှုများ ကြားနာ စစ်ဆေးနေစဉ် မကြာခဏ အိပ်ပျော်လေ့ရှိသဖြင့် ဇန်န၀ါရီလ ၁ရက်နေ့တွင် ရာထူးမှဖယ်ရှားခံခဲ့ရကြောင်း ရုရှားအခြေစိုက် သတင်းများတွင် ဖော်ပြခဲ့သည်။ ယာ့ဖ်ဂီနီမက်ခ်ဟာဟို အမည်ရှိမြို့နယ် တရားသူကြီးသည် အမှုတစ်ခု ကြားနာစစ်ဆေးစဉ် မှားယွင်း ဆုံးဖြတ်ချက်များ ပြုလုပ်ခဲ့သဖြင့် တရားခံ ရှေ့နေတစ်ဦးက ၎င်းတရား စီရင်ချိန်များတွင် အိပ်ပျော်နေပုံကို မှတ်တမ်းတင်ဗီဒီယို ရိုက်ကူးကာ အင်တာနက်စာမျက်နှာပေါ်သို့ ထုတ်လွှင့်ပြသခဲ့သည်။ ထို့ကြောင့် ရုရှားတရားရုံးတော်က ယင်းကိစ္စနှင့် ပတ်သက်၍ မာက်ခ်ဟာနိုကို ရာထူးမှ ဖယ်ရှားခဲ့ခြင်းဖြစ်သည်။

နေအိမ်အဆောက်အဦး တစ်ခုလုံး မြေကြီးထဲသို့ ကျွံဝင်မှု တရုတ်၌ ဖြစ်ပွား


 တရုတ်နိုင်ငံ၏ အကြီးဆုံး မြို့ကြီးများအနက် ဂေါင်ဇူးမြို့ ဂေါင်ဝမ်လမ်းရှိ မြေအောက်အဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းခွင်အနီးတွင် နေအိမ်အဆောက်အအုံ တစ်ခုလုံး မြေကြီးထဲသို့ ကျွံဝင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဇန်န၀ါရီလ ၂၉ရက် ရှန်ဟိုင်းသတင်း တစ်ရပ်တွင် ဖော်ပြခဲ့သည်။ အဆိုပါ အဆောက်အအုံ ကျွံဝင်ခဲ့သည့် မြေကျင်းသည် ၃၂၃၀ပေကျယ်ဝန်းပြီး ပေ၃၀၀၀ကျော် အနက်ရှိကြောင်း သိရသည်။ တစ်စုံတရာ ထိခိုက်ဒဏ်ရာရရှိ သူမရှိကြောင်း သိရသည်။ထိုဖြစ်ရပ်နှင့် ပတ်သက်၍ တရုတ်နိုင်ငံတွင် မြေအောက်မှ ရေများအဆမတန် စုပ်ယူသုံးစွဲမှုနှင့် အဆောက်အအုံများ ပိုမိုတိုးချဲ့ တည်ဆောက်လာမှုတို့ကြောင့် ယင်းသို့ဖြစ်ပွားရခြင်း ဖြစ်ကြောင်း အမေရိကန်အခြေစိုက် ကမ္ဘာ့ပထ၀ီဝင် လေ့လာစူးစမ်းရေးအဖွဲ့မှ ပညာရှင်များက ပြောကြားသွားခဲ့သည်။
 

ဒူဘိုင်းကမ်းခြေ၌် ချစ်သူကို နမ်းမိ၍ ထောင်ဒဏ် တစ်နှစ်ကျခံခဲ့ရ


အာရပ်စော်ဘွားများ ပြည်ထောင်စုရှိ ဒူဘိုင်းကမ်းခြေ၌ စုံတွဲတစ်တွဲသည် နှုတ်ခမ်းခြင်းနမ်းမိ၍ ရဲများက ထိုစုံတွဲကို ထောင်ဒဏ်တစ်နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သတင်းများအရ သိရသည်။ ဒူဘိုင်း McDonald's စားသောက်ဆိုင်တွင် လာရောက်အလုပ် လုပ်ကိုင်လျက်ရှိသော အသက် ၂၈နှစ်အရွယ်ရှိ အိန္ဒိယအမျိုးသားသည် ပန်းနာရင်ကျပ် ရောဂါကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာခံစားနေရသောကြောင့် လုပ်ဖော်ကိုင်ဖက်ချစ်သူ ဖိလစ်ပိုင် အမျိုးသမီးကို နှုတ်ခမ်းချင်း လေမှုတ်သွင်း ကုသပေးခြင်းသာဖြစ်ကြောင်း အာဏာပိုင်များအား ပြောကြားခဲ့သည်။

ပေ၁၀၀မြင့်သော လှိုင်းလုံးများကိုစီးသည့် ကမ္ဘာ့အမြင့်ဆုံးလှိုင်းစီးသူ


 ပေ၁၀၀ခန့် အမြင့်ရှိသော လှိုင်းလုံးကြီးများကို မကြောက်မရွံ့စီးပြရင်း ဂါရတ် မက်နာမာရာ ဆိုသူက ကမ္ဘာ့အမြင့်ဆုံး လှိုင်းစီးသူအဖြစ် စံချိန်တင်လိုက်ပြီဖြစ်သည်။ ဇန်န၀ါရီလ ၂၉ရက်က ကမ္ဘာ့စံချိန်သစ်ကို ချိုးပြလိုက်သည့် လှိုင်းစီးသမားကြီး ဂါရတ်သည် ၂၀၁၁ခုနှစ်ကလည်း ၇၈ပေအမြင့်ရှိသော လှိုင်းလုံးကြီးကိုစီးရင်း ဂင်းနက်စ်မှတ်တမ်းတွင် စံချိန်တင်ခဲ့ဖူးသည်။ ယခုအခါအသက် ၄၅နှစ်ရှိပြီဖြစ်သော လှိုင်းစီးသမားကြီး ဂါရတ်သည် သူ၏ယခင်စံချိန်ဟောင်းကို သူကိုယ်တိုင်ပင်ပြန်ချိုးပြီး ပေါ်တူဂီကမ်းခြေ၌ အမြင့်ဆုံးလှိုင်းကိုစီးရင်း စံချိန်သစ်အတွက် မှတ်တမ်းသစ်တင်နိုင်ခဲ့ပြီဖြစ်သည်။ 
 
Related Posts Plugin for WordPress, Blogger...