မြန်မာနိုင်ငံသည် သမိုင်းကြောင်းရှည်လျားပြီး ယဉ်ကျေးမှုခိုင်မာသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ သမိုင်းဝင်ရှေးဟောင်း ဘုရားစေတီများ၊ ကျောင်းများ ၊ အဆောက်အဦများ ၊ ရှည်လျားလှပသည့် မြန်မာ့ပင်လယ်ပြင်တစ်လျောက် ထိတွေ့နေသည့် သာယာလှပတဲ့ ပင်လယ်ကမ်းခြေ အလှများ ၊ သဘာဝအတိုင်း ဖြစ်တည်နေသော စိမ့်စမ်းရေတံခွန်များ ၊ တောတောင်သဘာဝအလှများ ၊ သဘာဝလှိုဏ်ဂူများ ၊ ကမ္ဘာကျော် ဧရာဝတီမြစ်ကြီးရဲ့ အလှအပများ ၊ စသည့် သမိုင်းတန်ဖိုးများနှင့် သဘာဝအလှအပများ ပေါများကြွယ်ဝစွာ တည်ရှိနေသည့် နိုင်ငံဖြစ်ပါသည်။
ယခုနေခရမ်း တင်ပြသောစာရင်းသည် နိုင်ငံတကာခရီးသွား website နှင့် သတင်းဆိုဒ်များမှ ပြုစုထားသည့် စာရင်းများကို စုစည်းကာ ရွေးချယ်၍ ပြန်လည်တင်ပြခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ဒီအထဲမှ နေရာဒေသများသည် ကမ္ဘာလှည့် ခရီးသွားများ လည်ပတ်ရန် အများဆုံး ကြိုက်နှစ်သက်သည့် နေရာများ ဖြစ်ကြောင်းဦးစွာ ပြောကြားလိုပါသည်။ ဘယ်နေရာတွေ ပါဝင်သလဲဆိုတာ ကြည့်လိုက်ရအောင်နော်…
(၁) ပုဂံဒေသ နှင့် ဧရာဝတီမြစ်ပြင်အလှ (Bagan and Ayeyarwady River Cruise)

ကမ္ဘာလှည့်ခရီးသွားများသည် မြန်မာပြည်ဆိုသည်နှင့် ပုဂံကို တွဲ၍ သိမှတ်ကြရအောင် အကျော်ကြားဆုံး နေရာဒေသတစ်ခု ဖြစ်ပါသည်။ ပုဂံဒေသတွင် များပြားလှစွာသော ရှေးဟောင်းသမိုင်းဝင် ဘုရားစေတီများ ၊ ကျောင်းများ ၊ အဆောက်အဦများကို ထောင်ချီ၍ ရှိနေသလို လှပသည့် ဧရာဝတီမြစ်ပြင်ရှု့ခင်းများကိုလည်း ခံစားနိုင်မည် ဖြစ်ပါသည်။ အေဒီ ၉ ရာစုမှ ၁၃ ရာစုအတွင်း ပထမမြန်မာနိုင်ငံကို စတင်တည်ထောင်နိုင်သည့် ဒေသဖြစ်သလို ယဉ်ကျေးမှုထွန်းကားမြင့်မားသည့် ဒေသတစ်ခုပင် ဖြစ်ပါသည်။ မာကိုပိုလို၏ ခရီးသွားမှတ်တမ်းတွင် ပုဂံမြို့တော်ကို လူကုံထံတို့ရဲ့မြို့တော်ဟု တင်စားခံခဲ့ရသည်ဟု ဆိုပါသည်။ ရွှေရောင်အတောက်ပဆုံးနှင့် ထိပ်တန်းအရောက်ဆုံးဖြစ်သည့် ၁၁ ရာစုလောက်တွင် ဘုရားစေတီအုတ်ကျောင်းပေါင်း ၁၃၀၀၀ကျော် တည်ရှိခဲ့သည်ဟု နိုင်ငံခြားမှတ်တမ်းများတွင် ရေးသားထားကြပါသည်။ ယခုအချိန်အထိ ၂၂၀၀ ကျော်ကျန်ရှိနေသေးကြောင်း သိရပါသည်။ နှစ်ကာလကြာမြင့်လှသဖြင့် သဘာဝဘေးဒဏ်များ ခံခဲ့ရသည်မှာလည်း မနည်းလှပါ။ ပုဂံဒေသသည် ကမ္ဘာပေါ်တွင် သမိုင်းဆိုင်ရာ အဆောက်အဦများနှင့် ဗုဒ္ဓစေတီပုထိုးများ အများဆုံး တည်ရှိရာနေရာ တစ်နေရာဖြစ်ပါသည်။
ထို့ပြင် ကမ္ဘာလှည့်ခရီးသွားများအနေဖြင့် မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီး ဖြစ်သလို ကမ္ဘာပေါ်တွင်ပါ ကျော်ကြားလှသည့် ဧရာဝတီမြစ်တစ်လျောက် အပျော်စီးသဘောင်္များဖြင့် လှည့်လည်ခြင်းများလည်း များစွာပြုလုပ်လာကြပါသည်။ အထူးသဖြင့် မန္တလေးမြို့ နှင့် ပုဂံမြို့အကြား လှည့်လည်၍ ရှု့ခင်းအလှခံစားကြပါသည်။ နှစ်စဉ်ကမ္ဘာလှည့်ခရီးသွားများရော ၊ ပြည်တွင်းခရီးသွားများပါ အများဆုံးလာရောက်လည်ပတ်တတ်ရာ နေရာပင်ဖြစ်ပါသည်။