Saturday, August 11, 2018

မြန်မာနိုင်ငံအတွင်း ခရီးသွားများကို အဆွဲဆောင်နိုင်ဆုံး နေရာများ

ယခုနောက်ပိုင်းနှစ်များတွင် နိုင်ငံတကာခရီးသွား website များ၌ ကမ္ဘာလှည့်ခရီးသွားများအတွက် မြန်မာနိုင်ငံမှ အကျော်ကြားဆုံးနှင့် အဆွဲဆောင်နိုင်ဆုံး နေရာဒေသများကို ဖော်ပြလာတာ များစွာတွေ့မြင်လာရပါသည်။ ဒါကလည်း ပွင့်လင်းလာသော နိုင်ငံရေးအပြောင်းအလဲများနှင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း မူဝါဒအပြောင်းအလဲများကြောင့် နိုင်ငံတကာမှ အထူးစိတ်ဝင်စားမှု ခံလာရခြင်း ဖြစ်ပါသည်။
မြန်မာနိုင်ငံသည် သမိုင်းကြောင်းရှည်လျားပြီး ယဉ်ကျေးမှုခိုင်မာသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ သမိုင်းဝင်ရှေးဟောင်း ဘုရားစေတီများ၊ ကျောင်းများ ၊ အဆောက်အဦများ ၊ ရှည်လျားလှပသည့် မြန်မာ့ပင်လယ်ပြင်တစ်လျောက် ထိတွေ့နေသည့် သာယာလှပတဲ့ ပင်လယ်ကမ်းခြေ အလှများ ၊ သဘာဝအတိုင်း ဖြစ်တည်နေသော စိမ့်စမ်းရေတံခွန်များ ၊ တောတောင်သဘာဝအလှများ ၊ သဘာဝလှိုဏ်ဂူများ ၊ ကမ္ဘာကျော် ဧရာဝတီမြစ်ကြီးရဲ့ အလှအပများ ၊ စသည့် သမိုင်းတန်ဖိုးများနှင့် သဘာဝအလှအပများ ပေါများကြွယ်ဝစွာ တည်ရှိနေသည့် နိုင်ငံဖြစ်ပါသည်။
ယခုနေခရမ်း တင်ပြသောစာရင်းသည် နိုင်ငံတကာခရီးသွား website နှင့် သတင်းဆိုဒ်များမှ ပြုစုထားသည့် စာရင်းများကို စုစည်းကာ ရွေးချယ်၍ ပြန်လည်တင်ပြခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ဒီအထဲမှ နေရာဒေသများသည် ကမ္ဘာလှည့် ခရီးသွားများ လည်ပတ်ရန် အများဆုံး ကြိုက်နှစ်သက်သည့် နေရာများ ဖြစ်ကြောင်းဦးစွာ ပြောကြားလိုပါသည်။ ဘယ်နေရာတွေ ပါဝင်သလဲဆိုတာ ကြည့်လိုက်ရအောင်နော်…

(၁) ပုဂံဒေသ နှင့် ဧရာဝတီမြစ်ပြင်အလှ (Bagan and Ayeyarwady River Cruise)

ကမ္ဘာလှည့်ခရီးသွားများသည် မြန်မာပြည်ဆိုသည်နှင့် ပုဂံကို တွဲ၍ သိမှတ်ကြရအောင် အကျော်ကြားဆုံး နေရာဒေသတစ်ခု ဖြစ်ပါသည်။ ပုဂံဒေသတွင် များပြားလှစွာသော ရှေးဟောင်းသမိုင်းဝင် ဘုရားစေတီများ ၊ ကျောင်းများ ၊ အဆောက်အဦများကို ထောင်ချီ၍ ရှိနေသလို လှပသည့် ဧရာဝတီမြစ်ပြင်ရှု့ခင်းများကိုလည်း ခံစားနိုင်မည် ဖြစ်ပါသည်။ အေဒီ ၉ ရာစုမှ ၁၃ ရာစုအတွင်း ပထမမြန်မာနိုင်ငံကို စတင်တည်ထောင်နိုင်သည့် ဒေသဖြစ်သလို ယဉ်ကျေးမှုထွန်းကားမြင့်မားသည့် ဒေသတစ်ခုပင် ဖြစ်ပါသည်။ မာကိုပိုလို၏ ခရီးသွားမှတ်တမ်းတွင် ပုဂံမြို့တော်ကို လူကုံထံတို့ရဲ့မြို့တော်ဟု တင်စားခံခဲ့ရသည်ဟု ဆိုပါသည်။ ရွှေရောင်အတောက်ပဆုံးနှင့် ထိပ်တန်းအရောက်ဆုံးဖြစ်သည့် ၁၁ ရာစုလောက်တွင် ဘုရားစေတီအုတ်ကျောင်းပေါင်း ၁၃၀၀၀ကျော် တည်ရှိခဲ့သည်ဟု နိုင်ငံခြားမှတ်တမ်းများတွင် ရေးသားထားကြပါသည်။ ယခုအချိန်အထိ ၂၂၀၀ ကျော်ကျန်ရှိနေသေးကြောင်း သိရပါသည်။ နှစ်ကာလကြာမြင့်လှသဖြင့် သဘာဝဘေးဒဏ်များ ခံခဲ့ရသည်မှာလည်း မနည်းလှပါ။ ပုဂံဒေသသည် ကမ္ဘာပေါ်တွင် သမိုင်းဆိုင်ရာ အဆောက်အဦများနှင့် ဗုဒ္ဓစေတီပုထိုးများ အများဆုံး တည်ရှိရာနေရာ တစ်နေရာဖြစ်ပါသည်။
ထို့ပြင် ကမ္ဘာလှည့်ခရီးသွားများအနေဖြင့် မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီး ဖြစ်သလို ကမ္ဘာပေါ်တွင်ပါ ကျော်ကြားလှသည့် ဧရာဝတီမြစ်တစ်လျောက် အပျော်စီးသဘောင်္များဖြင့် လှည့်လည်ခြင်းများလည်း များစွာပြုလုပ်လာကြပါသည်။ အထူးသဖြင့် မန္တလေးမြို့ နှင့် ပုဂံမြို့အကြား လှည့်လည်၍ ရှု့ခင်းအလှခံစားကြပါသည်။ နှစ်စဉ်ကမ္ဘာလှည့်ခရီးသွားများရော ၊ ပြည်တွင်းခရီးသွားများပါ အများဆုံးလာရောက်လည်ပတ်တတ်ရာ နေရာပင်ဖြစ်ပါသည်။
(၂) ရွှေတိဂုံစေတီတော် (Shwedagon Pagoda)

ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများအတွက် အထွတ်အမြတ်အထားဆုံး ဘုရားစေတီတစ်ဆူ ဖြစ်သလို ကမ္ဘာလှည့်ခရီးသွားများအတွက် မြန်မာပြည်ရဲ့ အထိမ်းအမှတ်အမှတ်အသားတစ်ခု အဖြစ်တည်ရှိနေသော စေတီတစ်ဆူ ဖြစ်ပါသည်။ မြန်ာမာနိုင်ငံတွင် အကျော်ကြားဆုံးနှင့် ကြီးကျယ်ခမ်းနားဆုံးသော ဘုရားစေတီတစ်ဆူဖြစ်သလို ဗုဒ္ဓဘုရားရှင် အဆက်ဆက်၏ အသုံးအဆောင်များနှင့် ဆံတော်အစစ်များ ဌာပနာထားရာ စေတီတော်ပင် ဖြစ်ပါသည်။ ကမ္ဘာလှည့်ခရီးသွားများအတွက် သမိုင်းခေတ်အဆက်ဆက် ဗုဒ္ဓဘာသာကိုးကွယ်ဆည်းကပ်မှု၊ ယုံကြည်အလေးအမြတ်ထားမှု၊ လှူဒါန်းပူဇော်မှုများကို တွေ့မြင်ကြရမည် ဖြစ်သလို တအံ့တသြ ချီးကျူးရေးသားမှုများလည်း တွေ့မြင်ရပါသည်။ သာသနာနှစ် ၂၅၀၀ ကျော်ကြာအောင် သက်တမ်းရှိနေပြီး ယခင် 8 m မှ  99 m (၂၆ ပေ မှ ၃၆၆ ပေ)အထိ ဥာဏ်တော် အဆင့်ဆင့် မြှင့်ကာ တည်ထားခဲ့ကြပါသည်။ ( ဥာဏ်တော်အမြင့်မှာ နိုင်ငံခြားဝက်ဆိုဒ်များမှ စာရင်း ဖြစ်ပါသည်) စေတီတော် တစ်ခုလုံးကို ရွှေသားအပြည့်ကပ်လှူထားကာ စိန်ဖူးတော်ကိုလည်း ကပ်လှူထားပါသည်။
ရွှေတိဂုံစေတီတော်မြတ်ကြီး တည်ရှိရာ ရန်ကုန်မြို့သည် မြန်မာပြည်၏ အကြီးဆုံးမြို့ဖြစ်သလို သမိုင်းအဆက်ဆက် လက်ရာအဆောက်အဦးများ ၊ နေရာဒေသများ ၊ လည်ပတ်လေ့လာစရာများ ပေါများစွာတည်ရှိနေပါသည်။

(၃) ကျိုက်ထီးရိုးစေတီတော် (Kyaiktiyo or Golden Rock)

ကမ္ဘာတွင် Golden Rock ဟု ကျော်ကြားလှသည့် မွန်ပြည်နယ် ၊ ကျိုက်ထိုမြို့မှ ကျိုက်ထီးရိုးစေတီတော်မြတ်သည်လည်း ခရီးသွားများကို အဆွဲဆောင်နိုင်ဆုံးနှင့် လာရောက်ဖူးမျှော်သူ အများဆုံးနေရာတစ်နေရာ ဖြစ်ပါသည်။ ဘုရားရှင်၏ ဆံတော်ကိန်းဝပ်စံပယ်ရာ စေတီတစ်ဆူ ဖြစ်သည်နှင့်အညီ ပြည်တွင်းမှ ဗုဒ္ဓဘာသာဝင်များပင်မက ကမ္ဘာ့နိုင်ငံအသီးသီးမှ ဗုဒ္ဓဘာသာဝင်များသည်လည်း အလေးအမြတ်ထား လာရောက်ပူဇော်ကြပါသည်။ ထို့ပြင် ကမ္ဘာလှည့်ခရီးသွားများအနေဖြင့်လည်း ကမ္ဘာကျော် နေရာတစ်နေရာအဖြစ် လာရောက်လေ့လာတတ်ကြပါသည်။ ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ တည်ရှိနေပုံကို တအံ့တသြ ဖူးမျှော်နိုင်မည် ဖြစ်သလို သဘာဝတောတောင်ရေမြေ အလှအပများကိုလည်း ခံစားနိုင်မည့် ခရီးစဉ်တစ်ခု ဖြစ်ပါသည်။ ပင်လယ်ရေမျက်နှာပြင်အထက် 1,100 m (3,600 ပေ) အမြင့်တွင် တည်ရှိနေခြင်း ဖြစ်ပါသည်။

(၄) အင်းလေးကန်ကြီး (Inle Lake)

ရေပြင်ပေါ်တွင် အိမ်များ ၊ ရွာများ တည်ဆောက်နေထိုင်ကြသလို ၊ လှေကို လက်နဲ့မလှော် ခြေတစ်ဖက်နဲ့ လှော်တတ်ကြသည့် အင်းသူအင်းသားများရဲ့ အင်းလေးကန်ကြီးသည်လည်း ကမ္ဘာလှည့် ခရီးသွားများကို အဆွဲဆောင်နိုင်ဆုံး နေရာတစ်နေရာ ဖြစ်ပါသည်။ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်တောင်ပိုင်းရှိ နာမည်ကျော် ကန်ကြီးဖြစ်သလို အင်းလေးကန်တွင်းမှ ဆုတောင်းပြည့် ဖောင်တော်ဦးဘုရားများကြောင့်လည်း ပြည်တွင်းခရီးသွားများစွာ သွားရောက်ဖူးမျှော် ကြပါသည်။ အင်းလေးကန်ခရီးစဉ်သည် လှပသာယာသော ရေမြေတောတောင်အလှ၊ အင်းလေးကန်အတွင်း နေထိုင်ကြသော ရေပေါ်ကျေးရွာများနှင့် ကျွန်းမျောစိုက်ခင်းများ၊ ရေပေါ်ဈေး ၊ ဒေသထွက် ပစ္စည်းများရဲ့ ဆွဲဆောင်နိုင်မှု ၊ အင်းလေးသူ အင်းလေးသားများရဲ့ မိရိုးဖလာဝမ်းစာရှာဖွေ နေထိုင်ကြပုံများကြောင့် ကမ္ဘာကျော်နေရာတစ်နေရာအဖြစ် တည်ရှိနေပါသည်။

(၅) ပုပ္ပါးတောင်ကလပ် (Taung Kalat)

မြန်မာနိုင်ငံအလယ်ပိုင်း ခရီးစဉ်နှင့်အတူ ပုဂံသို့ သွားရောက်ကြသူများအနေဖြင့် ပုပ္ပါးတောင်ကလပ်ကိုလည်း ၀င်ရောက်တတ်ကြပါသည်။ ထို့ပြင် ပုပ္ပါးတောင်ကလပ်ပေါ်တွင် စေတီပုထိုးများ ခပ်ခပ်ခဲခဲတည်ထားကြပုံ ထူးခြားလှသဖြင့် ကမ္ဘာပေါ်တွင် တည်ဆောက်ပုံ အဆန်းကြယ်ဆုံး ဘာသာရေးအဆောက်အဦများတည်ရှိရာ နေရာများတွင် တစ်ခုအပါအ၀င် သတ်မှတ်ထားကြပါသည်။ ပုပ္ပါးတောင်ကလပ်၏ အနီးနားတွင်ရှိသော ပုပ္ပါးတောင်မကြီးသည် ယခုအခါ မီးတောင်သေအဖြစ်တည်ရှိသော်လည်း တစ်ချိန်က ထိုဒေသသည် မီးတောင်ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ရာ ဒေသတစ်ခုပင် ဖြစ်ပါသည်။ ပုပ္ပါးတောင်ကလပ်သည် အမြင့် 1 500 m တွင်တည်ရှိနေပြီး လှေကားထစ်ပေါင်း ၇၇၇ ထစ်ဖြင့် မတ်စောက်စွာ တက်ရောက်ကြရပါသည်။

(၆) မြောက်ဦး (Mrauk U)

ရခိုင်ပြည်နယ် မြောက်ဦးမြို့သည် ပြည်တွင်းနှင့် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ သွားရောက်လည်ပတ်မှု နည်းသေးသော်လည်း ရခိုင်ယဉ်ကျေးမှုနှင့် သက်ဆိုင်သော ဘုရားစေတီများ ၊ အဆောက်အဦများ များစွာတည်ရှိနေသော ဒေသတစ်ခုပင် ဖြစ်ပါသည်။ အထူးသဖြင့် မြောက်ဦးမြို့ အနှံ့တည်ရှိနေသော များပြားလှသည့် ဘုရားစေတီများကြောင့် ဒုတိယပုဂံဟုပင် တင်စားခေါ်ဝေါ်ကြပါသည်။ အမှန်ပင် မြောက်ဦးမြို့သည် မြန်မာနိုင်ငံအတွင်း ရှေးဟောင်းဘုရားစေတီများ နှင့် အဆောက်အဦများ ဒုတိယအများဆုံးတည်ရှိရာ နေရာတစ်နေရာပင် ဖြစ်ပါသည်။ ထိုဘုရားစေတီများနှင့် အဆောက်အဦများသည် ရှေးခေတ် ရခိုင်မင်းနေပြည်တော်နှင့် ယဉ်ကျေးမှုမြင့်မားပုံကို တွေ့မြင်ရမည် ဖြစ်ပါသည်။ ရခိုင်မှ အဆောက်အဦများ၏ ဗိသုကာအတတ်ပညာသည် တစ်မူထူး၍ အဆင့်အတန်း မြင့်မားလှပါသည်။ ပုဂံသည် အုတ်ကို အခြေခံတည်ဆောက်တက်ကြပြီး ၊ မြောက်ဦးမှ အဆောက်အဦများကတော့ ကျောက်တုံးများကို လိုသလိုဖန်တီး တည်ဆောက်ထားနိုင်မှုမှာ တစ်မျိုးတစ်ဘာသာ ဆန်းကြယ်နေပါသည်။ ယခုအချိန်အထိ ရခိုင်ပြည်နယ်နှင့် မြောက်ဦးမြို့တို့သည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း ၊ ဒေသတည်ငြိမ်မှု အခြေအနေများကြောင့် ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ သွားရောက်မှု နည်းပါးသေးသော်လည်း တစ်ချိန်က ရခိုင်မင်းနေပြည်တော်တည်ရှိရာ အရပ်ဒေသဖြစ်ခြင်း ၊ ရှေးဟောင်းလက်ရာများနှင့် လှပသော သဘာဝအလှအပများကြောင့် ဆွဲဆောင်မှုကောင်းသော နေရာတစ်နေရာအဖြစ် သတ်မှတ်ခံရခြင်း ဖြစ်ပါသည်။

(၇) ရွှေကျောင်း နှင့် မန္တလေးဒေသ (Shwenandaw Monastery and Mandalay)

မန္တလေးမြို့တော်သည် မြန်မာနောက်ဆုံးမင်းဆက် နန်းစိုက်ခဲ့ရာ မင်းနေပြည်တော် အဖြစ်တည်ရှိခဲ့ပြီး ခရီးသွားဧည့်သည်များအတွက် ဖူးမျှော်စရာ ဘုရားစေတီအများအပြား နှင့် လေ့လာလည်ပတ်စရာ နေရာ အများအပြားတည်ရှိရာ မြို့တော်တစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုမြို့တော်ဟု သတ်မှတ်ထားခဲ့ကြပြီး မန္တလေးတောင် ၊ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ကုသိုလ်တော်ဘုရားစေတီများ ၊ နန်းတော်ရာ ၊ ကမ္ဘာကျော် ဦးပိန်တံတားကြီး ၊ မန္တလေးနှင့် အမရပူရမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ဘုရားစေတီများ နှင့် နေရာဒေသများ စသည်ဖြင့် လည်ပတ်ဖူးမျှော်စရာ များပြားလှသည့် မြို့တော်ပင် ဖြစ်ပါသည်။ ထို့ပြင် မန္တလေးတောင်ခြေရှိ ရွှေကျောင်းတော်သည် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များကို အဆွဲဆောင်နိုင်သော နေရာတစ်နေရာအဖြစ် သတ်မှတ်ထားကြပါသည်။ ရွှေကျောင်းသည် ယခင်က မင်းတုန်းမင်း စံမြန်းရာ နန်းဆောင်တစ်ဆောင် ဖြစ်ခဲ့ပြီး သီပေါမင်းသည် ထိုနန်းဆောင်ကို ယခုနေရာဆီသို့ ရွှေ့ပြောင်းကာ ဘုန်းတော်ကြီးကျောင်းအဖြစ် တည်ဆောက်လှူဒါန်းခဲ့ခြင်း ဖြစ်ပါသည်။ ထို့ကြောင့်ပင် ယခင်က အတွင်းအပြင် ရွှေပိန်းချ ရွှေရောင်းတ၀င်းဝင်း တည်ရှိခဲ့သဖြင့် ရွှေနန်းတော်ကျောင်း (သို့) ရွှေကျောင်းဟု ခေါ်ခဲ့ကြပါသည်။ ထိုရွှေကျောင်း ကမ္ဘာကျော်ရခြင်းမှာ အတွင်းအပြင် နေရာအနှံ့၌ အနုစိတ်ပန်းပုလက်ရာများကို ထည့်သွင်းတည်ဆောက်ထားသဖြင့် မြန်မာ့ယဉ်ကျေးမှု ဗိသုကာအတတ်ပညာကို တွေ့မြင်လေ့လာနိုင်သောကြောင့် ဖြစ်ပါသည်။ ယခုအခါ နှစ်ကာလကြာမြင့်ပြီး သဘာဝဘေးဒဏ်များကြောင့် ယိုယွင်းပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရပြီး နိုင်ငံခြားနည်းပညာအကူအညီများဖြင့် ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းမှုများ လုပ်နေကြရပါသည်။

(၈) ငပလီကမ်းခြေ (Ngapali)

မြန်မာနိုင်ငံသည် ရှည်လျားသောပင်လယ်ကမ်းရိုးကမ်း တည်ရှိရာ နိုင်ငံတစ်နိုင်ဖြစ်သလို လှပသော ပင်လယ်ကမ်းခြေများလည်း အများအပြား တည်ရှိနေပါသည်။ ရခိုင်ပြည်နယ် ၊ သံတွဲမြို့ရှိ ငပလီကမ်းခြေသည်လည်း မြန်မာနိုင်ငံတွင် အကျော်ကြားဆုံး နှင့် အလှပဆုံး ပင်လယ်ကမ်းခြေတစ်ခု ဖြစ်သလို ကမ္ဘာ့အလှဆုံးနှင့် လည်ပတ်ချင်စရာအကောင်းဆုံး ပင်လယ်ကမ်းခြေများတွင် တစ်ခုအပါအ၀င် ဖြစ်ပါသည်။ အဖြူရောင်သဲသောင်ပြင်၊ အပြာရောင် ပင်လယ်ရေလှိုင်းများ ၊ အုန်းပင်တန်းများရှိရာ သဲသောင်ပြင် နှင့် ပေါများစုံလင်လှသည့် ပင်လယ်စာအမျိုးမျိုးတို့ကြောင့် ခရီးသွားများကို အဆွဲဆောင်နိုင်ဆုံး နေရာတစ်နေရာအဖြစ် တည်ရှိနေပါသည်။

(၉) ပင်းတယလှိုဏ်ဂူတော် (Pindaya Caves)

ရှမ်းပြည်နယ်တောင်ပိုင်း ၊ ပင်းတယမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ပင်းတယလှိုဏ်ဂူတော်သည်လည်း ခရီးသွားများကို အဆွဲဆောင်နိုင်ဆုံး နေရာတစ်နေရာပင် ဖြစ်ပါသည်။ ရှမ်းပြည်နယ်သည် သဘာဝတောတောင် ရေမြေ အလှအပများ ပေါကြွယ်ဝရာဒေသဖြစ်ပြီး ခရီးသွားများစွာ နှစ်စဉ်လာရောက် လည်ပတ်တတ်ကြပါသည်။ ပင်းတယလှိုဏ်ဂူသည် ရှည်လျားသော သမိုင်းကြောင်းတစ်လျောက် လှိုဏ်ဂူအတွင်း ဘုရားစေတီရုပ်ပွားတော်များ အများအပြား ဖူးမျှော်နိုင်သည့် နေရာပါ။ ပင်းတယလှိုဏ်ဂူ သမိုင်းကြောင်းနှင့် ခရီးသွားအတွေ့အကြုံများကို နေခရမ်း Facebook Page တွင် တင်ပြပေးထားပြီး ဖြစ်ပါသည်။

(၁၀) ကရင်ပြည်နယ် ၊ ဘားအံဒေသ (Hpa An)

ကရင်ပြည်နယ်မြို့တော် ဘားအံမြို့ပတ်ဝန်းကျင်သည်လည်း ခရီးသွားများကို အဆွဲဆောင်နိုင်ဆုံး နေရာတစ်နေရာပင် ဖြစ်ပါသည်။ ယခင်က ခရီးသွားများ သွားရောက်လည်ပတ်မှု သိပ်မရှိခဲ့သော်လည်း ယခုနောက်ပိုင်းနှစ်များတွင် ပြည်တွင်း ၊ ပြည်ပ ခရီးသွားများ များစွာ သွားရောက်လည်ပတ်ကြပါသည်။ ကရင်ပြည်နယ်သည် သဘာဝထုံးကျောက်တောင်များ အများအပြားတည်ရှိရာ ဒေသဖြစ်ပြီး သဘာဝနှင့် ရှေးဟောင်းသမိုင်းဝင် ထုံးကျောက်လှိုဏ်ဂူကြီးများလည်း များစွာ တည်ရှိနေပါသည်။ ကရင်ပြည်နယ်တွင် ခရီးသွားများစိတ်ဝင်စားမှု အများဆုံးနေရာများမှာ ဆန္ဒန်လှိုဏ်ဂူ ၊ ကော့ဂွန်းဂူ ၊ ရသေ့ပျံဂူ ၊ ဘုရင်ညီဂူ နှင့် အခြားသော သဘာဝလှိုဏ်ဂူအများအပြား ၊ ဇွဲကပင်တောင်ကဲ့သို့ လှပသည့် တောင်ကြီးများ ၊ ကျောက်ကလပ်စေတီကဲ့သို့ ထင်ရှားကျော်ကြားသည့် စေတီပုထိုးများ ၊ သဘာဝတောတောင်အလှအပများ နှင့် သံလွင်မြစ်ပြင် အလှများ စသည်တို့ ဖြစ်ပါသည်။ ကရင်ပြည်နယ်မှ လှိုဏ်ဂူများနှင့် သဘာဝအလှအပများအကြောင်းကို နေခရမ်း Facebook Page တွင် တင်ပြပေးထားပြီး ဖြစ်ပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...