
ဂရင်းလန်ငါးမန်းများ၏ အသက်ရှင် နေထိုင်ကျက်စားကြပုံမှာ ထူးခြားမှုများစွာရှိပြီး တွေ့ရခဲသော ရှားပါးသတ္တ၀ါများ ဖြစ်ပါသည်။ သူတို့သည် ပင်လယ်ရေအောက် အနက်ပိုင်းတွင်သာ နေထိုင်ကြပြီး သွားလာပုံမှာလည်း ဖြေးဖြေးသက်သာဖြင့်သာ ရွေ့လျားကြပါသည်။ ထိုဂရင်းလန်ငါးမန်းများသည် အိပ်ပျော်နေသော ငါးမန်းမျိုးစိတ်အတွင်းတွင် ပါဝင်ပါသည်။

ဂရင်းလန်ငါးမန်းများသည် ရေကူးရာတွင် နှေးကွေးလှသလို မျက်စိလည်းမြင်နိုင်စွမ်းမရှိပါ။ သို့သော်လည်း ဂရင်းလန်းငါးမန်းများသည် သူတို့ကျက်စားရာဒေသအတွင်း အန္တရာယ် အရှိဆုံးသော သားရဲတိရစ္ဆာန်စာရင်းတွင် ပါဝင်ပါသည်။

သူတို့သည် သွားလာမှုနှေးကွေးသော်လည်း ပင်လယ်ရေအောက်အနက်ပိုင်းရှိ ငါးများကို စားသုံးရုံသာမက သွားလာမှုမြန်ဆန်သန်မာသော ပိုလာဝက်ဝံ ၊ ပင်လယ်ဖျံများ နှင့် အအေးပိုင်းသမင်မျိုးများကို ဖမ်းယူစားသုံးကြကြောင်း လေ့လာသိရှိရပါသည်။ ထိုသည်မှာလည်း လေ့လာသူများအနေဖြင့် အံ့သြစရာ ဖြစ်ခဲ့ပါသည်။

ဂရင်းလန်ငါးမန်းများသည် အရှည်အားဖြင့် ပေ ၂၀ ကျော်အထိ ကြီးထွားနိုင်ကြပြီး အလေးချိန်အားဖြင့် ပေါင် ၂၅၀၀ ခန့် ရှိကြပါသည်။ သူတို့၏ အသားသည် အဆိပ်သင့်နေပြီး စားသုံးရန်မသင့်ပါ။

ဂရင်းလန်ငါးမန်းများ၏ နောက်ထပ်ထူးခြားချက် တစ်ခုမှာ သူတို့အသက် ၁၅၀ ရောက်မှ မျိုးပွားဖို့ အရွယ်ရောက်ကြပါသည်။ ထိုကဲ့သို့ ဖွံ့ဖြိုးမှု နှေးကွေးလွန်းသောကြောင့် သက်တမ်းရှည်ကြသည်ဟုလည်း ယူဆမှုများရှိပါသည်။ သို့သော် ဂရင်းလန်ငါးမန်းများ၏ နေထိုင်ကျက်စားပုံ ၊ အရွယ်ရောက်မျိုးပွားပုံ နှင့် သက်တမ်းရှည်ကြာရခြင်းအကြောင်းများကို ဆက်လက်သုတေသနပြုနေစဲ ဖြစ်ပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။