Wednesday, August 8, 2018

ကရင်ပြည်နယ်မှ ဘုရင့်ညီလှိုဏ်ဂူ နှင့် သဘာဝရေပူစမ်း

ကရင်ပြည်နယ်သို့ လာရောက်လည်ပတ်ကြသူတိုင်း မဖြစ်မနေ၀င်ရောက်တတ်သည့် နေရာတစ်နေရာမှာ ဘုရင့်ညီလှိုဏ်ဂူပင် ဖြစ်ပါသည်။ ဘုရင့်ညီလှိုဏ်ဂူ၏ ထူးခြားမှုတစ်ခုမှာ လှိုဏ်ဂူရှေ့တွင်ရှိသည့် သဘာဝရေပူစမ်းပင် ဖြစ်ပါသည်။ လာရောက်လည်ပတ်ကြသူများအနေဖြင့် လှိုဏ်ဂူအတွင်းမှ ဗုဒ္ဓရုပ်ပွားတော်စေတီများနှင့် သဘာဝအလှအပများကို ဖူးမျှော်လေ့လာရင်း ကိုယ်စိတ်ပင်ပန်းသမျှ ရေပူစမ်းတွင် အပန်းဖြေရေကူးလေ့ ရှိကြပါသည်။

ဘုရင့်ညီဂူသည် သံလွင်မြစ်နှင့် ဒုံသမိမြစ်တို့အကြား မြေပြန့်ပေါ်တွင် ထီးထီးကြီး ထိုးထွက်နေသော ကျောက်တောင်ကြီး၏ အတွင်းပိုင်းတွင် ရှိနေပါသည်။ဘုရင့်ညီဂူသည် သထုံ၊မြိုင်ကလေး သွားရာလမ်းတွင် တည်ရှိပြီး မွန်ပြည်နယ် သထုံမြို့ နှင့်လည်းနီးကပ် စွာတည်ရှိပါသည်။ ဘားအံမြို့မှ ၁၂ မိုင်ခန့်အကွာတွင် တည်ရှိနေပါသည်။

ဘုရင့်ညီလှိုဏ်ဂူ၏ ရှေ့တွင် ရေကန်ကြီးများရှိပြီး အလယ်မှလှိုဏ်ဂူအတက်လမ်းသို့ တံတားထိုးထားပါသည်။ ထိုရေကန်ကြီးများသည် သဘာဝရေပူစမ်း ထွက်ပေါက်များ ဖြစ်ပြီး အမျိုးသား၊ အမျိုးသမီး ရေကူးရန်နေရာများကို ခွဲခြားပေးထားပါသည်။ ရေကန်သည် တစ်ဖက်တွင် ရေပူဖြစ်သော်လည်း အခြားတစ်ဖက်သည် ရေအေးဖြစ်နေပါသည်။လာရောက်လည်ပတ်သူများ အနေဖြင့် ရေကူးအပန်းဖြေကြသူများလည်း ရှိကြပါသည်။


ဘုရင့်ညီဂူသို့ အတက်လမ်းသည် တောင်ခါးပမ်းမှ ကပ်ကာ အပေါ်သို့ တက်သွားရပါသည်။ မက်စောက်လှသည့် တောင်ခါးပမ်းမြင့်မြင့်ကြီး၏ အလယ်လောက်တွင် လှိုဏ်ဂူ၏၀င်ပေါက်ကို လှမ်းမြင်တွေ့နိုင်ပါသည်။

တောင်တက်လမ်းတစ်လျောက် စေတီများကို သပ္ပာယ်စွာဖူးမျှော်နိုင်သလို မောပန်းလျှင် ထိုင်နိုင်ရန် ထိုင်ခုံလေးများလုပ်ပေးထားပါသည်။

ဘုရင့်ညီဂူလှိုဏ်ဂူပေါက်ဝတွင် ဗုဒ္ဓဆင်းတုတော်များကို ဖူးမျှော်ရပြီး လူတစ်ရပ်အရွယ်ရှိ ဘုရင်ညီနောင်ရုပ်တုကိုလည်း တွေ့မြင်ရပါသည်။ လှိုဏ်ဂူဝသည် အနည်းငယ်ကျယ်ပြီး လှိုဏ်ဂူအတွင်းမှ ဗုဒ္ဓရုပ်ပွားတော်များနှင့် လှိုဏ်ဂူလမ်းကြောင်းခွဲများကို တွေ့မြင်နိုင်ပါသည်။

ဘုရင်ညီဂူတွင် ရှေးခေတ်လက်ရာ ဘုရားဆင်းတုတော်များကို တွေ့နိုင်သည်။ ကရင်ပြည်နယ်မှ အခြားဂူများကဲ့သို့ပင် ဗုဒ္ဓဘာသာယဉ်ကျေးမှုအများအပြားတွေ့ရပြီး ဂူပေါက်အများအပြား ခွဲထွက်နေကြပါသည်။

ဘုရင့်ညီဂူတွင် ကရင်ပြည်နယ်မှ လှိုဏ်ဂူများတွင် တွေ့ရလေ့ရှိသည့် နံရံကပ်ဗုဒ္ဓရုပ်ပွားတော်များကို အနည်းအကျဉ်းတွေ့နိုင်ပါသေးသည်။ လှိုဏ်ဂူရှေ့မျက်နှာစာဘက်တွင် သဘာဝအလှများကို သိပ်မတွေ့ရပေမယ့် ဂူခွဲလမ်းကြောင်းများအတွင်းတွင်တော့ သဘာဝကျောက်စက် ပန်းဆွဲများ ၊ ကျောက်စက်မိုးမျှော်များကို လှပစွာတွေ့မြင်နိုင်ပါသည်။

ဖြူလွလွကျောက်စက်ပန်းဆွဲများနှင့် အရောင်စုံထုံးကျောက်တောင်ငယ်များကို ဂူလမ်းကြောင်းတစ်လျောက် တွေ့မြင်နိုင်ပါသည်။ နိမ့်လိုက်၊ မြင့်လိုက် ၊ ကျဉ်းလိုက်၊ ကျယ်လိုက် ဂူလမ်းကြောင်းတစ်လျောက် ၀င်ရောက်ကြည့်ရှု့နိုင်ပါသည်။

ဘုရင့်ညီလှိုဏ်ဂူ၏ အမည်သည် ရှေးဦးပထမ မဟာပါသာဏဂူ ရတနာကျောက်ဂူဟူ၍ ခေါ်ဆိုကြပါသည်။ ဒုတိယ ဘုရင်ကြီးဂူ ရတနာကျောက်ဂူဟူ၍ အဆင့်ဆင့်ပြောင်းလဲ ခေါ်ဆိုခဲ့ပြီး ယခုနောက်ဆုံး ဘုရင့်ညီဂူအဖြစ် လူသိများကျော်ကြားလာခြင်း ဖြစ်ပါသည်။ ထိုကဲ့သို့ အမည်များ ပြောင်းလဲရသလို လှိုဏ်ဂူကြီးနှင့် ပတ်သက်သည့် ရာဇ၀င်များကလည်း တည်ရှိနေပါသည်။

မွန်ဘုရင်တစ်ပါး၏ ညီတော်၊နောင်တော်များ စစ်ရှုံး၍ ထွက်ပြေးကြရာမှ ပုန်းအောင်းနေသောဂူဖြစ်သောကြောင့် ဘုရင်ညီနောင်ဂူ ထိုမှ ဘုရင့်ညီဂူဟုခေါ်သည်ဟု ဆိုကြသလို မွန်ဘုရင်ကြီးတစ်ပါး အသက်ထက်ဆုံး တရားအားထုတ်သွားရာ လှိုဏ်ဂူဟုလည်း ဆိုကြပါသည်။ လှိုဏ်ဂူနှင့် ပတ်သက်သည့် ရာဇ၀င်သမိုင်းများလည်း အသီးသီးရေးသားမှတ်တမ်းတင်လေ့ ရှိကြပါသည်။ ဒီစာစုတွင်တော့ ထိုအကြောင်းများ အရှည်မရေးတော့ပါ။

ဘုရင့်ညီလှိုဏ်ဂူသည် အရှည်အားဖြင့် များစွာရှည်သော လှိုဏ်ဂူမဟုတ်သော်လည်း ခရီးသွားလမ်း လွယ်ကူအဆင်ပြေခြင်း ၊ ဗုဒ္ဓရုပ်ပွားတော်များကို ကြည်ညိုဖွယ်ဖူးမျှော်နိုင်ခြင်း၊ သဘာဝရေပူစမ်းတွင် အပန်းဖြေ ရေချိုးရေကူးနိုင်ခြင်းတို့ကြောင့် ခရီးသွားအများ လာရောက်လည်ပတ်တတ်ကြပါသည်။

ဘုရင့်ညီလှိုဏ်ဂူသို့ အသွားလမ်းတစ်နေရာ
 
















သူငယ်ချင်းတို့ အနေဖြင့်လည်း မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်သို့ ရောက်ရှိလျှင် ဘုရင့်ညီလှိုဏ်ဂူနှင့် ရေပူစမ်းသို့ ၀င်ရောက်လည်ပတ်ရင်း စိတ်အေးချမ်းပျော်ရွှင်နိုင်ကြပါစေလို့ နေခရမ်းမှ ဆုတောင်းပေးလိုက်ပါတယ်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...