Sunday, March 24, 2019

အမေဇုန်တောနက်ထဲက ပွတ်ပွတ်ဆူနေသော မြစ်တစ်စင်း

တောင်အမေရိကတတိုက်ရှိ အမေဇုန်တောကြီးဟာ အသိရခက်သော သဘာဝဆန်းကြယ်များ ပေါများစွာ တည်ရှိနေတဲ့ အရပ်ပါ။ ယနေ့အချိန်အထိ ပညာရှင်အများ လေ့လာသုတေသန ပြုနေရတဲ့ တောနက်ကြီး ဖြစ်သလို လေ့လာစရာ မြောက်များစွာလည်း ကျန်ရှိနေပါသေးတယ်။ ယခု ပူလောင်နေတဲ့ မြစ်ကြီးတစ်စင်းဟာလည်း ပီရူးနိုင်ငံပိုင်နက်အတွင်းရှိ အမေဇုန်တောနက်ကြီးထဲမှာ ရှိနေတာပါ။ ဋ္ဌာနေတိုင်းရင်းသားများရဲ့ ဒဏ္ဍာရီပုံပြင်များထဲမှာ ပါရှိနေတဲ့ ထိုမြစ်ပူကြီးဟာ ယခင်က ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိပါဘူး။ ဒဏ္ဍာရီ လိုလို ပုံပြင် လိုလိုအဖြစ်သာ တည်ရှိနေခဲ့တာပါ။ ဒါပေမယ့် Adres Ruzo အမည်ရှိ Southern Methodist University မှာ ဒေါက်တာဘွဲ့ယူနေတဲ့ ဘူမိရူပဗေဒ ကျောင်းသားလေးမှ ကြိုးကြိုးစားစား ၊ ခက်ခက်ခဲခဲ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

Ruzo ဟာ သူငယ်စဉ်က ရေနွေးပူတွေ စီးဆင်းနေတဲ့ မြစ်တစ်ခုရှိတဲ့ အကြောင်းကို သူ့အဘိုးပြောတာ ကြားဖူးနေခဲ့ပါတယ်။ ဒါကြောင့်ပဲ သူအရွယ်ရောက်ပြီး ဘူမိရူပဗေဒ ကျောင်းသားဖြစ်လာချိန် ဒေါက်တာဘွဲ့အတွက်ကြိုးစားနေရင်း ၂၀၁၁ ခုနှစ်မှာ ပူလောင်နေတဲ့မြစ်ကို ရှာဖွေခဲ့ပါတယ်။ နောက်ဆုံး အမေဇုန်တောနက်ကြီးရဲ့ အတွင်းပိုင်းမှာ အံ့သြလောက်ဖွယ် ပူလောင်ဆူပွတ်နေတဲ့ မြစ်ကို တွေ့ရှိခဲ့ပါတယ်။

သူတွေ့ရှိခဲ့တဲ့ မြစ်ရဲ့ အပူချိန်ဟာ ၁၂၀ ဒီဂရီ ဖာရင်ဟိုက် မှ ၁၉၆ ဒီဂရီ ဖာရင်ဟိုက် အထိရှိပါတယ်။ ဒီအပူချိန်ဟာ မည်သည့်သက်ရှိမဆို မြစ်ထဲကျသွားရင် ခဏခြင်းအတွင်း ပြုတ်ထားသလိုဖြစ်ကာ သေစေနိုင်ပါတယ်။ Ruzo ရဲ့အဆိုအရ မြစ်ပေါ်လေဟာ ကြီးမားပြင်းထန်ပြီး လေကအစ ပူလွန်းလို့ ရှုမိလိုက်တာနဲ့ နှာခေါင်းနဲ့ အဆုတ်တွေထဲမှာပါ ပူလောင်သွားခြင်းကို ခံစားရတယ်လို့ ဆိုပါတယ်။
Related Posts Plugin for WordPress, Blogger...