ကမ္ဘာ့သမိုင်းတစ်လျောက် အလွန်ချစ်ကြသော စံနမူနာပြ ချစ်သူစုံတွဲများ အများအပြားရှိကြပါတယ်။ မည်သို့ပင် အချစ်ကြီးကြပေမယ့် သေတစ်နေ့ ၊ မွေးတစ်နေ့ စကားနဲ့အညီ သေဆုံးချိန် အနည်းငယ်တော့ ကွာခြားတတ်ကြတာပါပဲ။ အခု နေခရမ်း တင်ပြမယ့် ချစ်သူစုံတွဲများကတော့ သမိုင်းတစ်လျောက် နာမည်ကြီးခဲ့ကြတဲ့ အချစ်သူရဲကောင်းများ မဟုတ်ကြပါဘူး။ ပြောရလျှင် သူတို့ ဘယ်သူမှန်းပင် မသိကြရပါ။ ရှေးဟောင်းသမိုင်းပညာရှင်များ ပြန်လည်တူးဖော်မှုကြောင့် ထွက်ပေါ်တွေ့ရှိလာရတဲ့ တူနှစ်ကိုယ်စုံတွဲ သေပွဲဝင်ခဲ့ရတဲ့ အမည်မသိ ချစ်သူစုံတွဲများ အကြောင်း ဖြစ်ပါတယ်။
(၁) Valdaro ချစ်သူများ
၂၀၀၇ ခုနှစ်တွင် အီတလီနိုင်ငံ ၊ Mantua မြို့တွင် ပုံမှာမြင်ရသည့် အရိုးစု နှစ်ခုကို အတူတကွ တူးဖော်တွေ့ရှိခဲ့ရပါတယ်။ အရိုးစုနှစ်ခုသည် မျက်နှာချင်းဆိုင် ဖတ်လျက်ပုံစံမျိုးဖြင့် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ပညာရှင်များရဲ့ စစ်ဆေးမှုအရ အသက် ၂၀ မကျော်သေးသော လူငယ်စုံတွဲဖြစ်ကြောင်း သိခဲ့ရပါတယ်။ ကိုယ်ခန္ဓာကို ကွေးထားကာ အရပ်အားဖြင့် ၅ ပေ ၂ လက်မခန့်ရှိ ထို လူငယ်စုံတွဲ၏ သက်တမ်းမှာ နှစ်ပေါင်း ၆၀၀၀ ခန့် ရှိနေပါပြီ။
အမျိုးသားဖြစ်သူလည်ပင်းတွင် ကျောက်ဖြင့်ပြုလုပ်ထားသော မြားအပိုင်းအစများ တွေ့ရသလို အမျိုးသမီး အရိုးစုတွင်လည်း ပေါင် နှင့် ဆီးခုံ၌ ကျောက်ဖြင့်ပြုလုပ်ထားသော ဓားကဲ့သို့ အပိုင်းအစများ တွေ့ရပါတယ်။ လွန်ခဲ့သော နှစ် ၆၀၀၀ ခန့်က မည်သည့် အကြောင်းအရာကြောင့် ထိုကဲ့သို့ သေဆုံး မြှုပ်နှံခဲ့ကြကြောင်း မသိကြရပါ။ ဒါပေမယ့် သူတို့ကို တွေ့ရှိရသည့် ပုံစံမှာ ထူးခြားလှသလို တွေ့မြင်ရသူများ အနေဖြင့် လွမ်းဆွတ်ကြေကွဲဖွယ် ခံစားကြရပါတယ်။ ဒါကြောင့်လည်း ဒီအရိုးစုစုံတွဲကို ကျောက်ခေတ် ရိုမီယို နဲ့ ဂျူးလိယက်စုံတွဲ အဖြစ်သတ်မှတ်ခဲ့ကြပါတယ်။ ယခုအခါ ထိုအရိုးစုစုံတွဲကို Mantua ပြတိုက်တွင် ပြသထားပါတယ်။