Sunday, July 30, 2017
ရိုးမြေကျ ချစ်သက်သေများ
ကမ္ဘာ့သမိုင်းတစ်လျောက် အလွန်ချစ်ကြသော စံနမူနာပြ ချစ်သူစုံတွဲများ အများအပြားရှိကြပါတယ်။ မည်သို့ပင် အချစ်ကြီးကြပေမယ့် သေတစ်နေ့ ၊ မွေးတစ်နေ့ စကားနဲ့အညီ သေဆုံးချိန် အနည်းငယ်တော့ ကွာခြားတတ်ကြတာပါပဲ။ အခု နေခရမ်း တင်ပြမယ့် ချစ်သူစုံတွဲများကတော့ သမိုင်းတစ်လျောက် နာမည်ကြီးခဲ့ကြတဲ့ အချစ်သူရဲကောင်းများ မဟုတ်ကြပါဘူး။ ပြောရလျှင် သူတို့ ဘယ်သူမှန်းပင် မသိကြရပါ။ ရှေးဟောင်းသမိုင်းပညာရှင်များ ပြန်လည်တူးဖော်မှုကြောင့် ထွက်ပေါ်တွေ့ရှိလာရတဲ့ တူနှစ်ကိုယ်စုံတွဲ သေပွဲဝင်ခဲ့ရတဲ့ အမည်မသိ ချစ်သူစုံတွဲများ အကြောင်း ဖြစ်ပါတယ်။
(၁) Valdaro ချစ်သူများ
၂၀၀၇ ခုနှစ်တွင် အီတလီနိုင်ငံ ၊ Mantua မြို့တွင် ပုံမှာမြင်ရသည့် အရိုးစု နှစ်ခုကို အတူတကွ တူးဖော်တွေ့ရှိခဲ့ရပါတယ်။ အရိုးစုနှစ်ခုသည် မျက်နှာချင်းဆိုင် ဖတ်လျက်ပုံစံမျိုးဖြင့် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ပညာရှင်များရဲ့ စစ်ဆေးမှုအရ အသက် ၂၀ မကျော်သေးသော လူငယ်စုံတွဲဖြစ်ကြောင်း သိခဲ့ရပါတယ်။ ကိုယ်ခန္ဓာကို ကွေးထားကာ အရပ်အားဖြင့် ၅ ပေ ၂ လက်မခန့်ရှိ ထို လူငယ်စုံတွဲ၏ သက်တမ်းမှာ နှစ်ပေါင်း ၆၀၀၀ ခန့် ရှိနေပါပြီ။
အမျိုးသားဖြစ်သူလည်ပင်းတွင် ကျောက်ဖြင့်ပြုလုပ်ထားသော မြားအပိုင်းအစများ တွေ့ရသလို အမျိုးသမီး အရိုးစုတွင်လည်း ပေါင် နှင့် ဆီးခုံ၌ ကျောက်ဖြင့်ပြုလုပ်ထားသော ဓားကဲ့သို့ အပိုင်းအစများ တွေ့ရပါတယ်။ လွန်ခဲ့သော နှစ် ၆၀၀၀ ခန့်က မည်သည့် အကြောင်းအရာကြောင့် ထိုကဲ့သို့ သေဆုံး မြှုပ်နှံခဲ့ကြကြောင်း မသိကြရပါ။ ဒါပေမယ့် သူတို့ကို တွေ့ရှိရသည့် ပုံစံမှာ ထူးခြားလှသလို တွေ့မြင်ရသူများ အနေဖြင့် လွမ်းဆွတ်ကြေကွဲဖွယ် ခံစားကြရပါတယ်။ ဒါကြောင့်လည်း ဒီအရိုးစုစုံတွဲကို ကျောက်ခေတ် ရိုမီယို နဲ့ ဂျူးလိယက်စုံတွဲ အဖြစ်သတ်မှတ်ခဲ့ကြပါတယ်။ ယခုအခါ ထိုအရိုးစုစုံတွဲကို Mantua ပြတိုက်တွင် ပြသထားပါတယ်။
(၂) နှစ်ပေါင်း ၂၈၀၀ ကျော်က အနမ်း
ယခုအရိုးစုကတော့ တွေပချိန်၌ပင် တစ်ဦးနှင့်တစ်ဦး နမ်းနေသည့် ပုံစံမျိုး တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ သူတို့ရဲ့ ဇာတ်လမ်းကို မသိကြရပေမယ့် သူတို့ကို တွေ့ရှိရတဲ့ ပုံစံကို မူတည်ပြီး နှစ်ပေါင်း ၂၈၀၀ ကျော်က ကမ္ဘာကျော် အနမ်းအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။
(၃) နှစ်ပေါင်း ၁၅၀၀ ကျော်က တွဲလက်များ
၂၀၁၁ ခုနှစ်တွင် သမိုင်းပညာရှင်များသည် ထူးခြားသော ရောမစုံတွဲအရိုးစုများကို ထပ်မံ တွေ့ရှိခဲ့ရပါတယ်။ သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၅၀၀ ကျော်ပြီဟု သတ်မှတ်ထားခဲ့ကြပြီး တွေ့ရှိခဲ့ရပုံမှာ တစ်ဦး၏လက်ကို တစ်ဦးမှ မြဲမြဲခိုင်ခိုင် ဆုပ်ကိုင်ထားကြပါတယ်။ ထို့ကြောင့်ပင် နှစ်ပေါင်း ၁၅၀၀ ကျော်မှ အတူမြဲသော တွဲလက်များဟု တင်စားလိုက်ပါတယ်။
သူငယ်ချင်းတို့ရေ။ တကယ်တော့ ချစ်သူနှစ်ဦးအနေဖြင့် သေဆုံးချိန် တူတာ ရှားပါးကြပါတယ်။ အခုလို အတူတကွ သေဆုံးမြေမြှုပ်ခံရတယ်ဆိုတာ တကယ်ရှားပါး အဖြစ်များ ဖြစ်ပါတယ်။ ဒီပုံစံအတိုင်း သေဆုံးတာ ဖြစ်နိုင်သလို သူတို့နှစ်ဦးသေဆုံးပြီးမှ ကျန်ရစ်သူများက အတူတကွ မြှုပ်နှံပေးတာ ပို ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီလို အတူတကွ ပုံစံထူးထူးခြားခြားဖြင့် မြှုပ်နှံပေးရတယ် ဆိုကတည်းက အသက်ရှင်ချိန်မှာ သူတို့နှစ်ဦးရဲ့ အချစ်ကြီးမားခိုင်မာလွန်းလို့ လုပ်ပေးကြတာ ဖြစ်မှာပါ။ အသက်ရှင်ချိန် တစ်ဦးကိုတစ်ဦး အချစ်စိတ်ကြီးကြတာကို ဂုဏ်ပြုတဲ့အနေဖြင့် ထိုကဲ့သို့ လွမ်းဆွတ်ဖွယ်ကောင်းအောင် အတူမြှုပ်နှံပေးကြတာ ဖြစ်မှာပါ။ ထို့ကြောင့် ချစ်သောသူတိုင်း ထာဝရ ချစ်ခင်နိုင်ကြပါစေ။ အတုယူရမည့် ချစ်ခြင်းမျိုးဖြင့် မေတ္တာခိုင်မြဲ ချစ်ခင်နိုင်ကြပါစေကြောင်း ဆုတောင်းရင်း တွေ့ရှိရသမျှ စုစည်းတင်ပေးလိုက်ပါတယ်…..
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။
Related Posts Plugin for WordPress, Blogger...