လ အကြောင်းရေးလိုက်တဲ့ ပို့စ်လေးကို ဆွေးနွေးပေးကြတဲ့ စာဖတ်ပရိတ်သတ်များအားလုံးကို ကျေးဇူးတင်ရှိကြောင်း ဦးစွာပြောပါရစေ..။ ယခု လ နဲ့ ဒီရေ ဆက်စပ်ပုံလေးကို ဆက်ပြီး ဆွေးနွေးပေးချင်ပါတယ်။

လပြည့်၊ လကွယ်ရက် များမှာ ဒီရေ အတက်အကျ ရှိတတ်တာတော့ အားလုံးသိကြမှာပါ။ ဒါဟာ.. လ ရဲ့ ကမ္ဘာကိုဆွဲတဲ့အား သက်ရောက်မှုလို့ ပြောလို့ရပါတယ်။ အဲ့ဒီ့ လ ဆွဲအား (Gravity) ကြောင့် ကမ္ဘာမြေမျက်နှာပြင်ပေါ်က ရွေ့လျားနေတဲ့ (သမုဒ္ဒရာ) ရေတွေဟာ အတက် အကျ ပြောင်းလဲ စီးဆင်းခြင်းတွေ ဖြစ်လာရပါတယ်။

ကမ္ဘာနဲ့ လ ဟာ နယူတန်ရဲ့ နိယာမအတိုင်း ဆွဲအားကိုယ်စီရှိကြပါတယ်။ (စကြဝဠာထဲက မည်သည့် အရာဝထ္ထုမဆို ဆွဲအားကိုယ်စီရှိကြပါတယ်။) ကမ္ဘာ နဲ့ လ ကတော့ အနီးဆုံးဖြစ်လို့ သက်ရောက်မှု ပိုသိသာတာပါ။ ကမ္ဘာရဲ့ ဆွဲအားသက်ရောက်မှုကြောင့်လည်း လ မှာ ပြောင်းလဲခြင်းတွေ ကြုံရပါတယ်။ ဒါပေမယ့်.. ဒီရေအကြောင်းပြောတဲ့အခါ.. ကမ္ဘာ့ဆွဲအားရဲ့ လအပေါ် သက်ရောက်မှုထက်.. လ ဆွဲအားရဲ့ ကမ္ဘာပေါ် သက်ရောက်မှုကို ပိုအလေးပေး ဆွေးနွေးကြရမှာပါ။

လပြည့်၊ လကွယ် ရက်တွေမှာ လ ဟာ ကမ္ဘာနဲ့ အနီးဆုံးအပိုင်း (အခြမ်း) က ဒီရေကို ဆွဲအားသက်ရောက်ပြီး တက်စေပါတယ်။ တစ်ရက်ကို ၂ ကြိမ် (၂ နေရာမှာ) ရေတက်ခြင်း ဖြစ်စေပါတယ်။ လဆွဲအားနဲ့ နီးတဲ့ နေရာရယ်၊ လဆွဲအားနဲ့ ဝေးတဲ့ ဆန့်ကျင်ဘက် နေရာရယ်မှာပါ။ ဒါဟာ လဆွဲအားက ကမ္ဘာမြေကြီးပေါ်ကိုလည်း အနည်းငယ် သက်ရောက်မှုရှိပြီး ဆန့်ကျင်ဘက်တစ်ဘက်ခြမ်းမှာ ပြန် 'ဟ' သွားတဲ့သဘောပါ။ (ပုံ)
ကမ္ဘာဟာ ၂၄ နာရီကို တစ်ပတ်နှုန်း လည်နေတဲ့အတွက် ရေထရက် (Spring Tide) မှာ ၁၂ နာရီခြားတစ်ခါ ရေတက်ပါတယ်။ ဒါပေမယ့် လ ဟာလည်း တသတ်မတ်တည်းရှိနေတာ မဟုတ်ပါဘူး။ ကမ္ဘာကို ပတ်နေပါသေးတယ်။ အဲ့ဒါကြောင့် တစ်ရက်နဲ့ တစ်ရက် ရေထချိန်ချင်း မတူပါဘူး။ မိနစ် ၅၀ လောက် ကွာပါတယ်။
လဆန်း နဲ့ လဆုတ် ရက်တွေမှာတော့ လ ရှိတဲ့ ဘက်မှာ ဒီရေအတက်အကျရှိနိုင်ပါတယ်။ လဆန်းရက်မှာ ညနေခင်းပိုင်း၊ လဆုတ်ရက်မှာ နံနက်ခင်းပိုင်း ဒီရေ အတက်အကျ အနည်းငယ်ရှိပါတယ်။ သိပ်တော့ မသိသာလှပါ။ အဲ့ဒါကိုတော့ ရေသေရက် (Neap Tide) လို့ ခေါ်ပါတယ်။
ပင်လယ်ကမ်းနီးသူတွေ၊ ပင်လယ်ကမ်းခြေ ခရီးသွားသူတွေကတော့ လ နဲ့ ဒီရေ အတက်အကျ ဆက်စပ်မှုကို ပိုပြီးလေ့လာ တွေ့ရှိနိုင်မှာပါ။ ရေအား (ဒီရေ အတက်အကျအား) ကို လည်ပတ်အသုံးပြုတဲ့ စက်ပစ္စည်းတွေ အတွက် (အင်ဂျင်နီယာတွေအတွက်) ဒီအကြောင်းအရာဟာလည်း မသိမဖြစ်တဲ့ အခြေခံ ဗဟုသုတပဲ ဖြစ်ပါတော့တယ်..။
အနာဂတ်ပညာရေးအတွက်..
သန့်ဦး (အာကာသနှင့် စကြဝဠာ)
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။