
Ark Nova ခန်းမကြီးကို လေမှုတ်ခန်းမ၊ ဖောင်းပွခန်းမ၊ သို့မဟုတ် လေသွင်းရုပ်လုံး ခန်းမဟု အမည်ခေါ်ဝေါ်ရမည် ဖြစ်သည်။ သို့သော်လည်း လူပေါင်း(၅၀၀)မျှ စုစည်းနေနိုင်မည့် ယင်းခန်းမကျယ်ကြီးကို အဆောက်အအုံ တစ်ခုအနေဖြင့် တည်ဆောက်ထားခြင်း မဟုတ်သည်က ထူးခြားမှု တစ်ခုဖြစ်သည်။ ပိုလိုင်စတာ ဖြည့်တင်းပေးထားသည့် ကိုယ်ထည်ဖြင့် တည်ဆောက်ထားသည့် လေမှုတ်သွင်းနိုင်သော ပစ္စည်းကြီးသည် ယခုအခါ သဘာဝ ဘေးအန္တရာယ်များ ထိခိုက်ခံစားခဲ့ရသည့် ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းဒေသသို့ ရောက်ရှိနေပြီ ဖြစ်သည်။
လေအပြည့်ဖြည့်ပြီး ဖောင်းကြွအောင် ပြုလုပ်လိုက်ချိန်တွင် အလျား(၃၅)မီတာ၊ အနံ(၁၈)မီတာမျှ အကျယ်အဝန်းရှိသည့် ခရမ်းရောင် ခန်းမကြီးတစ်ခုအသွင် ကူးပြောင်းသွားသည်။ ယင်းကို ဇာတ်ရုံအဖြစ်၊ ဟောပြောပွဲ ခန်းမအဖြစ်၊ အစည်းအဝေးခန်းမအဖြစ် ဘက်စုံ အသုံးပြုနိုင်သည်။ စိတ်ကူးစိတ်သန်း ကောင်းမွန်သည့် အဆိုပါ လေမှုတ်သွင်း ခန်းမကြီးကို မတ်ဆူရှီမာမြို့တွင် ထားရှိမည် ဖြစ်သည်။