
သိပ္ပံပညာရှင်များသည် ဂြိုလ်တု ဓာတ်ပုံများ အသုံးပြုကာ ပြီးခဲ့သည့် နှစ် (၃၀) အတွင်း ကမ္ဘာ့မြေလွှာပေါ်ရှိ ရေပြင်မြေပြင် ပြောင်းလဲပုံများကို လေ့လာခဲ့ကြသည်။
ယခင်က မြေပြင်ဖြစ်ခဲ့သော စတုရန်း ကီလိုမီတာ (၁၁၅၀၀၀) စာ နေရာသည် ယခုအခါ ရေလွှမ်းနေပြီး၊ ယခင်က ရေပြင်ဖြစ်ခဲ့သော စတုရန်း ကီလိုမီတာ (၁၇၃၀၀၀) စာ နေရာသည် ယခုအခါ မြေပြင် ဖြစ်နေကြောင်း တွေ့ရှိခဲ့ရသည်။
နယ်သာလန်ရှိ ဒယ်တာရတ် သုတေသန သိပ္ပံက စစ်တမ်းပြုစုခြင်း ဖြစ်ပြီး Nature Climate Cha-nge ဂျာနယ်တွင် ထည့်သွင်းဖော်ပြထားသည်။ ကမ္ဘာမြေကို ဆယ်စုနှစ် ပေါင်းများစွာ စောင့်ကြည့် မှတ်တမ်းတင်လျက် ရှိသော နာဆာ၏ Land-sat ဂြိုလ်တုက ပေးပို့သော မြေပြင်ဓာတ်ပုံများကို နှိုင်းယှဉ်လေ့လာကာ စစ်တမ်းပြုစုခဲ့ခြင်း ဖြစ်သည်။ ဂြိုလ်တုပုံများသည် မြေပြင်(၃၀) မီတာ အ၀န်းအ၀ိုင်းထိကို ကြည်လင်ပြတ်သားစွာ မြင်နိုင်သည်။