Friday, November 10, 2017

ယောက္ခမလောင်းနှင့် အဆင်ပြေလိုလျှင် မာရေကျောရေသာ ဆက်ဆံပါဟု အကြံပြု


ယောက္ခမလောင်း၏ ချစ်ခင် နှစ်သက်ခံလိုပါက လက်ဆောင်များပေးပြီး မချော့ဘဲ သူ၏သား၊ သမီး ဖြစ်သူအား ပျော်ရွှင်အောင် ထားနိုင်မည့်ဟု ကိုယ့် ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ဖြင့် ဆက်ဆံပါဟု ပညာရှင် တစ်ဦးက သုတေသနပြုလေ့လာပြီး အကြံပြုလိုက်ပြီ ဖြစ်သည်။
          ယောက္ခမလောင်း ချစ်လာရေး လုပ်ဆောင်ရာတွင် အဆိုးဆုံး နည်းလမ်းမှာ ကိုယ့်ချစ်သူအား ကိုယ့်ကောင်းကြောင်းကို ပြောခိုင်းခြင်း ဖြစ်ကြောင်း ပညာရှင်က ပြောဆိုခဲ့သည်။
          သားသမီးများသည် မိဘများ မနှစ်သက်သည့် လက်တွဲဖော်ကို ရွေးချယ်နိုင်ခြေ ပိုများကြောင်း ပါမောက္ခ မီနဲလောက်စ် အပိုစတိုလိုက သုတေသန စာတမ်း တစ်စောင် ရေးသားပြီး ထောက်ပြသည်။ သားသမီးများသည် သူတို့အတွက် ဆွဲဆောင်မှု ရှိသူကို ရွေးချယ်လေ့ ရှိသော်လည်း မိဘများကမူ လူမှုရေး နောက်ခံနှင့် အရည်အချင်းရှိမရှိ တို့ကို အလေးထားလေ့ ရှိသည်။

          ပါမောက္ခ အပိုစတိုလိုသည် ဂရိ-ဆိုက်ပရပ်စ်သား ၇၃၈ ဦးတို့အား လေ့လာမှုပြုလုပ်ခဲ့ရာ ယောက္ခမအား သူတို့၏ သားသမီးနှင့် သင့်လျော်သူ ဖြစ်ကြောင်း ရဲဝံ့စွာ ထုတ်ဖော်တတ်သူများနှင့် ယောက္ခမများ၊ ချစ်သူ၏ ဆွေမျိုးများနှင့် ထိပ်တိုက် တွေ့ဆုံခြင်းမပြုဘဲ လိမ္မာပါးနပ်စွာ နေထိုင်တတ်သူများသည် ယောက္ခမ၏ ချစ်ခင်နှစ်သက်ခြင်းကို ခံရလေ့ရှိကြောင်း တွေ့ရှိခဲ့သည်။
            သို့သော် လက်ဆောင်များပေးသည့် နည်းလမ်းနှင့် ချစ်သူအား ကိုယ့်ကောင်းကြောင်းကို ကိုယ်စားပြောခိုင်းသည့် နည်းလမ်းများသည် ထိရောက်မှု အနည်းဆုံး ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။
          ကိုယ့် ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ပါသော နည်းလမ်းကို သုံးသူများသည် ယောက္ခထီးများထက် ယောက္ခမများနှင့် ပိုမိုအဆင်ပြေ တတ်ကြောင်းကိုလည်း တွေ့ရှိခဲ့သည်။ ယခုလေ့လာမှုသည် ပြီးပြည့်စုံမှု မရှိကြောင်း ပညာရှင်က ၀န်ခံထားသည်။
          လေ့လာမှုတွင် အလေ့လာခံဘက်က တင်ပြသော အချက်အလက်များနှင့် ယဉ်ကျေးမှု တစ်ခုကိုသာ အခြေခံထားသဖြင့် ယဉ်ကျေးမှုကွဲလျှင် ကွဲသလောက် ရလဒ်များလည်း ကွဲပြားနိုင်ကြောင်း သတိပေးထားသည်။      
Source:DM
Credit: messengernewsjournal.com 

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...