Friday, December 8, 2017

လွိုင်ကော်မြို့၏ အထင်ကရ တောင်ကွဲစေတီတော်

ကယားပြည်နယ် လွိုင်ကော်မြို့တော်သို့ ရောက်ရှိသူတိုင်း သွားရောက်ဖူးမျှော် လည်ပတ်တတ်ကြသည့် နေရာတစ်ခုမှာ တောင်ကွဲစေတီ ခေါ် သီရိမင်္ဂလာတောင်ကွဲစေတီပင် ဖြစ်ပါသည်။ ကယား နှင့် တောင်ကွဲစေတီ တွဲဖတ်သိနေရအောင် စေတီများတည်ရှိနေပုံ တစ်မူထူးခြားလှသလို တောင်ပေါ်မှနေ၍ လွိုင်ကော်မြို့၏ ရှုခင်းအလှများကိုလည်း ခံစားနိုင်သဖြင့် သွားရောက် ဖူးမျှော်ကြခြင်း ဖြစ်ပါသည်။

တောင်ကွဲစေတီသည် လွိုင်ကော်မြို့၏ တောင်ဘက်တွင် တည်ရှိနေပြီး တောင်တော်ကို လွိုင်ကော်မြို့ရောက်သည်နှင့် ထီးထီးမားမား တွေ့မြင်နိုင်မည် ဖြစ်ပါသည်။ လွိုင်ကော်မြို့အတွင်း မြေပြင်မှ ထီးထီးကြီး ပေါ်ထွက်နေသော တောင်ကြီးဖြစ်သလို အခြားတောင်များကဲ့သို့ တောင်တစ်လုံးတည်း မဟုတ်ဘဲ တောင်ချွန် ၊ တောင်ထွတ်များ တစ်နေရာတည်း စုစည်းကာ ပေါ်ထွက်နေခြင်း ဖြစ်ပါသည်။

တောင်ကွဲတောင်တော်သည် အမြင့်အားဖြင့် (၃၈၇ ပေ) ရှိပြီး သဘာဝ ကျောက်တောင်ထွဋ် ၉ ခု စုစည်း တည်ရှိနေခြင်းမျိုး ဖြစ်ပါသည်။ တောင်ထွဋ် တစ်ခုစီတိုင်းတွင် စေတီများ တည်ထားသည်ကို အောက်မြေပြင်မှ ကြည့်ရသည်မှာ ကြည်ညိုဖွယ် ထူးခြားစွာသပ္ပာယ်လှပသည်။
Related Posts Plugin for WordPress, Blogger...