Friday, December 8, 2017

လွိုင်ကော်မြို့၏ အထင်ကရ တောင်ကွဲစေတီတော်

ကယားပြည်နယ် လွိုင်ကော်မြို့တော်သို့ ရောက်ရှိသူတိုင်း သွားရောက်ဖူးမျှော် လည်ပတ်တတ်ကြသည့် နေရာတစ်ခုမှာ တောင်ကွဲစေတီ ခေါ် သီရိမင်္ဂလာတောင်ကွဲစေတီပင် ဖြစ်ပါသည်။ ကယား နှင့် တောင်ကွဲစေတီ တွဲဖတ်သိနေရအောင် စေတီများတည်ရှိနေပုံ တစ်မူထူးခြားလှသလို တောင်ပေါ်မှနေ၍ လွိုင်ကော်မြို့၏ ရှုခင်းအလှများကိုလည်း ခံစားနိုင်သဖြင့် သွားရောက် ဖူးမျှော်ကြခြင်း ဖြစ်ပါသည်။

တောင်ကွဲစေတီသည် လွိုင်ကော်မြို့၏ တောင်ဘက်တွင် တည်ရှိနေပြီး တောင်တော်ကို လွိုင်ကော်မြို့ရောက်သည်နှင့် ထီးထီးမားမား တွေ့မြင်နိုင်မည် ဖြစ်ပါသည်။ လွိုင်ကော်မြို့အတွင်း မြေပြင်မှ ထီးထီးကြီး ပေါ်ထွက်နေသော တောင်ကြီးဖြစ်သလို အခြားတောင်များကဲ့သို့ တောင်တစ်လုံးတည်း မဟုတ်ဘဲ တောင်ချွန် ၊ တောင်ထွတ်များ တစ်နေရာတည်း စုစည်းကာ ပေါ်ထွက်နေခြင်း ဖြစ်ပါသည်။

တောင်ကွဲတောင်တော်သည် အမြင့်အားဖြင့် (၃၈၇ ပေ) ရှိပြီး သဘာဝ ကျောက်တောင်ထွဋ် ၉ ခု စုစည်း တည်ရှိနေခြင်းမျိုး ဖြစ်ပါသည်။ တောင်ထွဋ် တစ်ခုစီတိုင်းတွင် စေတီများ တည်ထားသည်ကို အောက်မြေပြင်မှ ကြည့်ရသည်မှာ ကြည်ညိုဖွယ် ထူးခြားစွာသပ္ပာယ်လှပသည်။

ဦးသီရိတည်ခဲ့သည့် သီရိဒေါမြို့ကို အစွဲပြုပြီး သီရိတောင်(သို့မဟုတ်) မင်္ဂလာသီရိတောင်ဟု ခေါ်ဝေါ်ကြကာ ထိုတောင်ပေါ်တွင်တည်ထားသောကြောင့် ၁၉၇၀ ခုနှစ်မှစ၍ "သီရိမင်္ဂလာတောင်တော်စေတီ" ဟုခေါ်ခဲ့ကြောင်း သိရပါသည်။ ယခုအခါ တည်နေပုံကို လိုက်ပြီး အနယ်နယ် အရပ်ရပ်မှ လူအများက တောင်ကွဲစေတီဟု သိရှိကြပါသည်။ ရှမ်းဘာသာစကားအရ "လွိုင်ဖာတက်" ဟုခေါ်ပြီး ကယားဘာသာဖြင့် "ဖေါ်ဖြဲ" ဟုခေါ်ကြပါသည်။

သဘာဝကျောက်ထွဋ်ကြီး ၉ ခုရှိပြီး ကျောက်ဆောင် ကျောက်ထွဋ်တိုင်းတွင် စေတီများ တည်ထားပြီး ပြည်လုံးချမ်းသာစေတီတော်၊ ရွှေယပ်တောင်စေတီတော်၊ ရွှေရင်အေးစေတီတော်၊ ကျောက်သဗ္ဗာန်စေတီတော်၊ အောင်တော်မူစေတီတော်၊ ဆုတောင်းပြည့်စေတီတော်၊ အောက်ကျိုက်ထီးရိုးစေတီတော်မြတ်၊ အထက်ကျိုက်ထီးရိုးစေတီတော်မြတ် နှင့် ရွှေပြည်အေးစေတီတော်မြတ် တို့ ဖြစ်ကြသည်။

ပြည်လုံးချမ်းသာစေတီတော်ကို ၁၂၉၅ (၁၉၃၃)ခုနှစ် ၊ ရွှေယပ်တောင်စေတီတော်ကို ၁၂၅၇ (၁၈၉၅)ခုနှစ် ၊ ရွှေရင်အေးစေတီတော်ကို ၁၂၇၅ (၁၉၁၃) ခုနှစ် ၊ ကျောက်သဗ္ဗာန်စေတီတော်ကို ၁၂၇၆ (၁၉၁၄) ခုနှစ် ၊ အောင်တော်မူစေတီတော်ကို ၁၂၉၁ (၁၉၂၉) ခုနှစ် ၊ ဆုတောင်ပြည့်စေတီတော်ကို ၁၂၉၁ (၁၉၂၉) ခုနှစ် ၊ အောက်ကျိုက်ထီးရိုးစေတီတော်ကို ၁၂၉၅ (၁၉၃၃) ခုနှစ် ၊ အထက်ကျိုက်ထီးရိုးစေတီတော်ကို ၁၂၉၆ (၁၉၃၄) ခုနှစ် ၊ ရွှေပြည်အေး စေတီတော်ကို ၁၃၁၂ (၁၉၅၀) ခုနှစ်တို့ တွင် အသီးသီးတည်ခဲ့ကြပါသည်။

လွိုင်ကော်မြို့တောင်ဘက် ရောက်သည်နှင့် တောင်ကွဲစေတီတော်ကို ထင်ထင်ရှားရှား တွေ့မြင်ရမည် ဖြစ်ပြီး တောင်ခြေသို့ ရောက်သည်နှင့် တောင်ထွဋ် တောင်စုများနှင့် စေတီများကို အမြင်ထူးစွာ ဖူးမျှော်နိုင်မည် ဖြစ်ပါသည်။

တောင်ပေါ်တက်ရန် ကျဉ်းမြောင်းသော လမ်းသွယ်များ ရှိပြီး အသက်အရွယ်ကြီးရင့်သူများအတွက် ဓာတ်လှေကားလည်း ရှိပါသည်။ ကျဉ်းမြောင်းပြီး အချို့နေရာများတွင် မတ်စောက်သည့် တောင်တက် လှေကားများ အတိုင်း တက်သွားရပြီး တောင် တစ်ခုနှင့်တစ်ခုကို တံတားများ ထိုးပေးထားပါသည်။

တောင်ထွဋ်တစ်ခုစီတိုင်းသည် ကျယ်ဝန်းခြင်း မရှိသော်လည်း တောင်ထွဋ်တစ်ခုမှ တစ်ခုသို့ ကူးကာ သွားရောက်ဖူးမျှော်ရသည်ပင် တောင်ကွဲတောင်၏ ဆွဲဆောင်မှုတစ်ခုပင် ဖြစ်ပါသည်။

အလှဓာတ်ပုံရိုက်လိုသူများ အနေဖြင့် ရှု့ခင်းအလှများ များစွာ ရှိနေသလို တောင်ပေါ်မှနေ၍ လွိုင်ကော်မြို့ကို အပေါ်စီးမှ ရှု့မြင်နိုင်မည် ဖြစ်ပါသည်။ အထူးသဖြင့် မနက်ခင်း အချိန်အခါမျိုးတွင် လွိုင်ကော်မြို့၏ အလှကို သာယာကြည်နူးဖွယ် တွေ့မြင်နိုင်မှာ အမှန်ပါ။







တောင်ကွဲစေတီပေါ်မှ တွေ့မြင်ရသော လွိုင်ကော်မြို့
တောင်ကွဲစေတီအား ညပိုင်းဖူးမြင်ရပုံ

သူငယ်ချင်းတို့လည်း ကယားပြည်နယ် လွိုင်ကော်မြို့သို့ ရောက်လျှင် တောင်ကွဲစေတီ (သီရိမင်္ဂလာ တောင်တော်စေတီ)သို့ သွားရောက်ဖူးမျှော်ပြီး စိတ်ကြည်နူးလန်းဆန်းနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...