Saturday, August 17, 2013

၂၂ မိုင် အကွာအဝေးကို တစ်တန်လေးသော အုတ်ခဲများ သယ်ဆောင်ကာ ရေကူးပြသည့် အံ့ဖွယ်လူသား


အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ်တွင် အမျိုးသားတစ်ဦးသည် မီချီဂန်အင်းအတွင်း အလေးချိန် တစ်တန်ခန့် ရှိသော အုတ်ခဲများကို သယ်ဆောင်ကာ ၂၂ မိုင် အကွာအဝေးကို ရေကူးပြခဲ့သည်။ အသက် ၄၉ နှစ်အရွယ်ရှိ ဂျင် ဒရေယာသည် ထို ၂၂ မိုင်ခရီးကို အုတ်ခဲ အလေးချိန် တစ်တန်ခန့် တင်ဆောင်ထားသော လှေကို သယ်ဆောင်ကာ နာရီပေါင်း ၅၀ ကျော် အချိန်ယူ ကူးခတ်ခဲ့ရသည်။ ၎င်းသည် ဒက်ထရွိုက်မြို့ စိန့်ကလဲယားအင်းမှ စတင်၍ ဇူလိုင်လ ၃၁ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီခန့် မှ စတင်၍ ကူးခတ်ခဲ့ရာ သြဂုတ်လ ၅ ရက် ဒေသစံတော်ချိန် နံနက် ၈း၃၀ တွင် သတ်မှတ်ထားသော နေရာသို့ ရောက်ရှိခဲ့သည်။

ဝေဟင်မှ မြေပြင်သို့ အရှိန်ဖြင့် ကျဆင်းလာသော သေတ္တာအတွင်းမှ အမေရိကန် ကောင်းကင် ကျွမ်းဘားသမား ရုန်းထွက်ပြခဲ့


အမေရိကန်နိုင်ငံ ၀စ္စကွန်ဆင်ပြည်နယ် ရှီဘွိုင်ဂမ်မြို့အနီးတွင် ကောင်းကင် ကျွမ်းဘားသမား အန်သိုနီမာတင်သည် ဝေဟင်မှ မြေပြင်သို့ တစ်ရှိန်ထိုး ကျဆင်းလာသော သေတ္တာအတွင်းမှ ရုန်းထွက်ပြီး လေထီးဖြင့် မြေပြင်ပေါ်သို့ ဆင်းသက်ပြခဲ့သည်။ အသက် ၄၇ နှစ် အရွယ်ရှိ အန်သိုနီမာတင်ကို သေတ္တာအတွင်း၌ ခါးကို သံခါးပတ်ဖြင့် ပတ်ထားပြီး ခြေလက်များကို သံကြိုးဖြင့် ချည်နှောင်ပြီးနောက် သေတ္တာကို သော့ခတ်ကာ အမြင့်ပေ ချည်နှောင်ပြီးနောက် သေတ္တာကို သော့ခတ်ကာ အမြင့်ပေ ၁၄,၅၀၀ မှ ပစ်ချခဲ့ခြင်း ဖြစ်သည်။ မာတင်သည် အချိန် စက္ကန့်အချိန် စက္ကန့်၄၀ အတွင်း၌ တစ်နာရီလျှင် မိုင် ၁၂၀ နှုန်းဖြင့် ကျဆင်းနေသော သေတ္တာအတွင်းမှ အံ့သြဖွယ် ရုန်းထွက်ပြခဲ့သည်။

အတွင်းခံ အ၀တ်အစားများဖြင့် နယူးယောက်မြို့၌ လူပေါင်း ၈၀၀ ကျော် စုရုံးပြီး ကမ္ဘာ့စံချိန်တင်


အမေရိကန်နိုင်ငံ နယူးယောက်မြို့၊ တိုင်းမ်စကွဲယားတွင် လူပေါင်း ၈၀၀ကျော်တို့သည် အောက်ခံ အတွင်းခံအ၀တ်အစားများ ၀တ်ဆင်ကာ စုရုံးခဲ့ကြပြီး လူအများဆုံး အောက်ခံအတွင်းခံ ၀တ်စုံဖြင့် စုရုံးခြင်း အဖြစ် ကမ္ဘာ့စံချိန်တင်ခဲ့သည်။ နယူးယောက်မြို့သည် ကမ္ဘာကျော်မြို့ကြီး တစ်မြို့ ဖြစ်သော်လည်း ယခင်က ဂင်းနက်စ် ကမ္ဘာ့စံချိန်တင် ဖြစ်ရပ်မျိုး မရှိသလောက် နည်းပါးခဲ့သော မြို့တစ်မြို့ ဖြစ်သည်။ မကြာမီ ရောက်ရှိလာတော့မည့် ခရီးသွားရာသီကို ကြိုဆိုသောအားဖြင့် သဘာ၀၀ါဒီသမားများနှင့် လွတ်လပ်မှုကို မြတ်နိုးခုံမင်သော လူအများ တက်ကြွစွာ ပါဝင် စုရုံးခဲ့ကြောင်း နယူးယောက်မြို့တော်ဝန် အကြံပေးအရာရှိ ဂျန်ဒီလာချက်ဇ်က ပြောကြားသွားခဲ့သည်။

အမေရိကန်နိုင်ငံ ကောင်းကင်ယံတွင် ပန်းကန်ပြားပျံ သဏ္ဌာန် အလင်းတန်းတွေ့ရှိ


အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် ကောင်းကင်ယံတွင် ပန်းကန်ပြားပျံ ပုံသဏ္ဌာန် အလင်းတန်းတစ်ခု တွေ့ရှိရကြောင်း မျက်မြင်သက်သေများ၏ မှတ်တမ်းများအရ သတင်းများတွင် ဖော်ပြခဲ့သည်။ အသက် ၃၂ နှစ်အရွယ်ရှိ မာရီဒေ့ခ်ျဟော်ကာဒေဆိုသူသည် သြဂုတ်လ ၇ ရက်နေ့တွင် ၎င်း၏ ခွေးနှင့်အတူ လမ်းလျှောက်ထွက်စဉ် စူးရှတောက်ပသော အလင်းတန်းတစ်ခုကို ကောင်းကင်ယံတွင် တွေ့ရှိခဲ့ရသဖြင့် ၎င်း၏အမျိုးသားကို ခေါ်ယူပြသပြီး မှတ်တမ်းတင်ဓာတ်ပုံနှင့် ဗွီဒီယိုများ ရိုက်ကူးထားခဲ့သည်။ ထိုနေ့တွင် ဖလော်ရီဒါပြည်နယ် အတွင်းမှ မျက်မြင်သက်သေ ၁၄ ဦးတို့က ပန်းကန်ပြားပျံ အလင်းတန်း တစ်ခုကို တွေ့ရှိရကြောင်း အမျိုးသား ယူအက်ဖ်အို လေ့လာရေးစင်တာသို့ ဆက်သွယ် ပြောကြားခဲ့ကြောင်း ယူအက်ဖ်အို လေ့လာရေးဌာန အကြီးအကဲ ပီတာဒါဗန်ပေါ့က ပြောကြားသွားခဲ့သည်။

အင်္ဂလန်တွင် ကျင်းပသော မင်္ဂလာပွဲတစ်ပွဲ၌ အပျိုရံ ၈၀ ပါဝင်ဆင်နွှဲ


အင်္ဂလန်နိုင်ငံ အက်စက်စီရင်စု ဟာ့ဝစ်ရှ်မြို့တွင် ကျင်းပခဲ့သော မင်္ဂလာပွဲတစ်ပွဲ၌ အပျိုရံ ၈၀ ခန့် ပါဝင် ဆင်နွှဲခဲ့ကြောင်း သိရသည်။ ယင်းမင်္ဂလာပွဲသည် အသက်၂၆ နှစ်အရွယ် အကဆရာမ ကေတီဒါလ်ဘီနှင့် အသက် ၃၇ နှစ်အရွယ် မီးသတ်သမား နော်မန်ဂို့ရှ်တို့၏ မင်္ဂလာပွဲ ဖြစ်ပြီး သြဂုတ်လ ၉ ရက်နေ့က ဟာ့ဝစ်ရှ်မြို့ရှိ စိန့်နီကိုးလတ်စ် ဘုရားကျောင်းတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။ ဘိုဂီရှူးစ် အကသင်တန်း ကျောင်း၏ အကဆရာမ ဖြစ်သူ ကေတီ၏ တပည့် ၇၄ ဦးလုံးသည် ကေတီ၏ မင်္ဂလာပွဲတွင် ပါဝင် ဆင်နွှဲချင်ကြသောကြောင့် ကေတီက ခွင့်ပြုခဲ့ခြင်း ဖြစ်ပြီး ကေတီ၏ ယောင်းမသုံးဦး၊ တူမ တစ်ဦး၊ ညီမ ၀မ်းကွဲတစ်ဦးနှင့် သူငယ်ချင်း ဖြစ်သူတို့ကပါ ကေတီ၏ ဆန္ဒအရ ပါဝင် ဆင်နွှဲခဲ့သောကြောင့် အပျိုရံပေါင်း ၈၀ ဖြင့် မင်္ဂလာပွဲကို ကျင်းပခဲ့ကြခြင်း ဖြစ်သည်။

လင်းပိုင်များသည် အပေါင်းအဖော် လင်းပိုင်များ၏ အချက်ပေးသံကို နှစ်ပေါင်းနှစ်ဆယ်တိုင် မှတ်မိနေ


ပုလင်းနှာခေါင်း လင်းပိုင်များသည် ၄င်းတို့ အပေါင်းအဖော်လင်းပိုင်များ၏ အချက်ပေးသံကို နှစ်ပေါင်း နှစ်ဆယ်ကျော်သည့်တိုင် မှတ်မိနေသည်ဟု သြဂုတ်လ ၇ ရက်နေ့က ထုတ်ပြန်လိုက်သော လေ့လာချက် တစ်ရပ်က ဆိုသည်။ အဆိုပါ မှတ်ဉာဏ်သည် ပညာရှင်များ လေ့လာခဲ့သမျှသော တိရစ္ဆာန်မှတ်ဉာဏ်များ အနက် အကောင်းဆုံး မှတ်ဉာဏ်ဖြစ်သည်။ ထိုလေ့လာချက်ကို ဒေါက်တာ ဂျေဆင်ဘရပ်က ပြုစုခဲ့ခြင်း ဖြစ်ပြီး ဇီဝဗေဒဆိုင်ရာ သုတေသနဂျာနယ် ဖြစ်သည့် Proceedings B တွင် ဖော်ပြခဲ့သည်။ ဒေါက်တာဘရပ်သည် အမေရိကရှိ တိရစ္ဆာန်ရုံများနှင့် ငါးပြတိုက်များရှိ လင်းပိုင် ၄၃ ကောင်နှင့် ဘာမြူဒါရှိ လင်းပိုင်များကို လေ့လာခဲ့သည်။ သူသည် လင်းပိုင်များ၏ အချက်ပေးသံများကို အသံဖမ်းစက်ဖြင့် ဖမ်းယူကာ အခြားလင်းပိုင်များကို ဖွင့်ပြသည်။
Related Posts Plugin for WordPress, Blogger...