Sunday, September 24, 2017

ချင်ပန်ဇီများလည်း သည်းထိတ်ရင်ဖိုကား ကြိုက်ကြသည်

ချင်ပန်ဇီများသည် သည်းထိတ် ရင်ဖို ရုပ်ရှင်ကားများကို နှစ်သက်ကြောင်း လေ့လာ တွေ့ရှိခဲ့ပြီ ဖြစ်သည်။
          ကင်းကောင်ဝတ်စုံ ၀တ်ဆင်ထားသည့် သရုပ်ဆောင် တစ်ဦးက လူသားတစ်ဦးကို တိုက်ခိုက်ပုံနှင့် လူသားတစ်ဦးက ချင်ပန်ဇီ တစ်ကောင်အား တုနှင့် ထုနေပုံများကို ရိုက်ကူးထားသည့် ဗီဒီယိုများကို ပြသသည့် အခါတွင် ချင်ပန်ဇီများသည် ဗီဒီယိုများအား မျက်နှာမလွှဲဘဲ စိတ်ဝင်တစား ကြည့်ရှုခဲ့ကြသည်။
          တိုကျိုတက္ကသိုလ်မှ သိပ္ပံပညာရှင်များသည် ချင်ပန်ဇီများနှင့် ဘိုနိုဘိုစ်မျောက်များ၏ ကာလရှည်မှတ် ဥာဏ်စွမ်းရည်ကို လေ့လာခဲ့ရာမှ ယခုကဲ့သို့ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆိပ်ပြင်းဆုံး မြွေသစ်တစ်မျိုး ရှာဖွေတွေ့ရှိ


သြစတြေးလျနိုင်ငံ၊ အနောက်မြောက်ပိုင်းမှာ တွေရှိခဲ့တဲ့ မြွေဟာ အရင်က မြင်တွေ့ဖူးခြင်း မရှိဘဲ မြွေသစ်အမျိုးအစား ဖြစ်နေတဲ့အပြင် အဆိပ်ပြင်းဆုံး မြွေတွေထဲမှာ ပါဝင်နေကြောင်း သိရပါတယ်။
      ဒီမြွေကို သြစတြေးလျနှင့် ဗြိတိန်မှ ပညာရှင်တွေ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီမြွေဟာ ( ၅၀) စင်တီမီတာ ရှည်လျားပြီး တော်ရုံမမြင်ရတဲ့ ပုံစံမျိုးဖြစ်ပြီး အရေခွံတွေဟာ စစ်စခန်းတွေမှ အသုံးပြုတဲ့ ပြောက်ကျားပုံစံ အစက်ပြောက်တွေနဲ့ ဖြစ်ပါတယ်။ ဒီမြွေဟာ ပြီးခဲ့တဲ့ နှစ်တွေကတည်းက ရှိခဲ့တာ ဖြစ်နိုင်ကြောင်း သုံးသပ်ထားပါတယ်။ ဗြိတိန်ရှိ ဘန်ဂါတက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ ကျောင်းသားတစ်ဦးက တွေ့ခဲ့တာဖြစ်ပြီး၊ လေ့လာမှု ပြုလုပ်တဲ့အခါ မြွေအမျိုးအစားသစ် ဖြစ်ပြီး အဆိပ်ပြင်းဆုံး မြွေလည်းဖြစ်ကြောင်း သိရပါတယ်။
      ဒီမြွေအကြောင်းကို တိရစ္ဆာန်တွေ အကြောင်းဖော်ပြတဲ့ မဂ္ဂဇင်းတစ်စောင်မှာ ဖော်ပြခဲ့ပါတယ်။ မြွေအကြောင်း ကျွမ်းကျင်တဲ့ ပြတိုက်မှူးတစ်ဦးက ဒီမြွေကို အထူး သတိထားရမည် ဖြစ်ကြောင်း၊ မြွေဟာ ပြောက်ကျားအစက် ပုံစံတွေကြောင့် အလွယ်တကူ မမြင်နိုင်ကြောင်း၊ မြွေမြီးကလည်း အခြားအကောင်တွေနဲ့ မှားနိုင်ကြောင်း၊ သစ်တော်သီးပုံစံ ဦးခေါင်းမျိုးဖြစ်ပြီး အလွန်အဆိပ်ပြင်းကြောင်း ဟြေကြားခဲ့ပါတယ်။
Credit: messengernewsjournal.com

ကမ္ဘာတစ်ပတ် ခြေလျင်လျှောက်ခဲ့သူ


ကနေဒါ နိုင်ငံသားတစ်ဦးဟာ ကမ္ဘာတစ်ပတ်ကို ခြေလျင်လျှောက်ပြီး သွားလာခဲ့တာကြောင့် အံ့အားသင့်စရာ ဖြစ်ပါတယ်။ တိုက်ကြီး (၆)တိုက်ကို ခြေလျင် လျှောက်သွားလာခဲ့တာ ဖြစ်ပြီး  သွားလာခဲ့တဲ့ ခရီးမိုင်က (၄၆၉၀၀) မိုင် ရှိပါတယ်။ ဒီလို သွားလာနိုင်ဖို့ စွန့်စားမှုတွေ ပြုလုပ်ခဲ့ရပြီး စုစုပေါင်း(၁၁)နှစ် အချိန်ယူခဲ့ရပါတယ်။ လမ်းလျှောက်ခရီးစဉ် ဖြစ်တာကြောင့် ဖိနပ်အရံပေါင်း (၅၄)ရံ အသုံးပြုခဲ့ရပါတယ်။ ဒီခရီးကို သွားလာခဲ့သူက  ဂျင်းဗီလီဗာ ဖြစ်ပါတယ်။ ကနေဒါနိုင်ငံ မွန်ထရီရယ်ကနေ စတင်ခဲ့တဲ့ခရီးဟာ ဒီလောက်ကြာလိမ့်မယ့်လို့ ဘယ်သူမှ ထင်မှတ်ထားမှာ မပာုတ်ပါဘူး။ မိသားစုကို စွန့်ခွာပြီး ကာလရှည် ခရီးသွားလာနိုင်ဖို့ တော်ရုံဇွဲသတ္တိနဲ့ မရလောက်ပါဘူး။
      ဂျင်းဗီလီဗာဟာ ၂၀၀၀ ပြည့်နှစ်၊ သြဂုတ်လ(၁၈) ရက်မှာ ခရီးစဉ်ကို စတင်ခဲ့တာဖြစ်ပြီး ထိုစဉ်က အသက်မှာ (၄၅)နှစ် ရှိနေပြီ ဖြစ်ပါတယ်။ နိုင်ငံပေါင်း (၆၄) နိုင်ငံကို ရောက်ရှိခဲ့ပြီး အတွေ့အကြုံများစွာ ရရှိခဲ့ပါတယ်။

အသက်ကြီးလာရင် နေလို့ အကောင်းဆုံးနှင့် မကောင်းဆုံး နိုင်ငံများ


၂၁၀၀ ပြည့်နှစ်ရောက်လျှင် ကမ္ဘာတစ်ဝန်း အငြိမ်းစား သက်ကြီးရွယ်အို သန်း (၁၁၀၀) ၀န်းကျင် ရှိလာတော့မည်။ တိုးလာမည့် သက်ကြီးရွယ်အိုများ အတွက် လူမှုစီးပွား ကျန်းမာရေး ကဏ္ဍများ ပြည့်စုံအောင် စီစဉ်ထားရေးသည် ယနေ့အစိုးရတိုင်း အတွက် စိန်ခေါ်မှုကြီး ဖြစ်လာပြီ။
           မည်သည့် နိုင်ငံများ မည်မျှ ပြင်ဆင်ထားကြောင်း သိရအောင် Age International ပရဟိတ အဖွဲ့ကြီးက စာရင်းကောက်ပြီး Global AgeWatch Index အစီရင်ခံစာကို ထုတ်ပြန်လိုက်သည်။ ယခုနှစ်နှင့်ပါဆိုလျှင် တတိယအကြိမ်မြောက် ထုတ်ပြန်ခြင်း ဖြစ်သည်။ သက်ကြီးပိုင်းများ အတွက် ဘ၀အရည်အသွေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု မည်မျှ ကောင်းကောင်း ဖြည့်ဆည်း ပေးနိုင်သည်ကို အဓိကထား စစ်တမ်းကောက်ကာ နိုင်ငံများကို အဆင့် သတ်မှတ်သည်။
           ယခုနှစ်တွင် ဆွစ်ဇာလန်က ထိပ်ဆုံးနေရာ ရောက်လာသည်။ ပြီးခဲ့သည့်နှစ်က နော်ဝေက ထိပ်ဆုံးယူခဲ့ရာမှ ပြုတ်ကျသွားသည်။ အမေရိကန်က အဆင့် (၉)၊ ဗြိတိန်က အဆင့် (၁၀)၊ အာဖဂန်နစ္စတန်သည် သက်ကြီးပိုင်းများ အတွက် အဆိုးဆုံး နိုင်ငံအဖြစ် အောက်ဆုံးမှာရှိသည်။

အပြင် ထွက်ဆော့သော ကလေး အဝေးမှုန်နိုင်ခြေနည်း


ကလေးများကို တစ်နေ့ မိနစ် (၄၀) လောက် အပြင် ထွက်ဆော့စေခြင်းဖြင့် ထိုကလေးများ ကြီးလာသည်အထိ မျက်စိ  အဝေးမှုန်နိုင်ခြေ နည်းသွားအောင် ကူညီရာရောက်ကြောင်း တရုတ် သုတေသီများက ပြောသည်။
      တရုတ်နိုင်ငံတွင် မူလတန်းကျောင်း (၁၂) ကျောင်း၏ အကူအညီဖြင့် သုံးနှစ်ကြာ လေ့လာသုတေသန ပြုခဲ့ခြင်း ဖြစ်သည်။ တွေ့ရှိချက်များကို JAMA ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။ ကလေးများ အိမ်ထဲမှာ ချည်းအောင်းကာ စာလုပ်၊ တီဗီကြည့်၊ စမတ်ဖုန်း တဲဘလက်များ သုံးနေခြင်းကြောင့် မျက်လုံးသည် အနီးမြင်ကွင်းနဲ့သာ အသားကျပြီး အဝေးမြင်ကွင်းနှင့် စိမ်းကာ အဝေးမြင်ကွင်းမျိုးကို မည်သို့ စူးစိုက်ကြည့်ရမည်ကို မသိဖြစ်ကာ မြင်ကွင်းများေ၀၀ါးလာရကြောင်း စစ်တမ်းက ဆိုသည်။
      စစ်တမ်း အဖွဲ့ခေါင်းဆောင် ဒေါက်တာ မင်ဂေါင်ဟီနှင့် အဖွဲ့သည် ပါဝင်သော ကျောင်း (၁၂) ကျောင်းကို (၆) ကျောင်း စီခွဲလိုက်သည်။ ပထမ အစုမှ ကလေးများကို နေ့စဉ် မိနစ် (၄၀) အပြင်ထွက်ဆော့ခိုင်း၊ လက်တွေ့ လေ့လာရေးများ လုပ်ခိုင်းသည်။ ကလေးများ အိမ်ပြန်ရောက်ချိန်နှင့် ကျောင်းပိတ်ရက်များတွင် အပြင်ထွက်ဆော့နှုန်းကိုလည်း မိဘများက တာဝန်ယူ မှတ်တမ်း တင်စေသည်။
      သုံးနှစ်ပြည့်သည့်အခါ ကျောင်းဖွင့်ရက်များမှာ နေ့စဉ် အပြင်ထွက်ဆော့သော ကလေးအစုထဲမှ (၃၀) ရာခိုင်နှုန်း အဝေးမှုန်နေကြပြီး၊ ကျန်အစုမှ ကလေးများကား (၄၀) ရာခိုင်နှုန်းထိ အဝေးမှုန်နေကြသည်။ အပြင်ထွက်ဆော့သော ကလေးများသည် ပြင်ပ အဝေးမြင်ကွင်းများနှင့် ပိုအသားကျသဖြင့် အဝေးမှုန်သူ နည်းသွားခြင်း ဖြစ်နိုင်ကြောင်း စစ်တမ်းက သုံးသပ်တင်ပြသည်။
Source: BBC
Credit:  messengernewsjournal.com

ဖရဲသီး( ၃)လုံးကို ပေါင်ကြားထဲညှပ်ပြီး ခွဲပြ


အသက် (၃၀)နှစ် အရွယ်ရှိ အိုလာဂါဟာ မကြာမီက ထုတ်ဝေခဲ့တဲ့ ဂင်းနစ်စံချိန် မှတ်တမ်းစာအုပ်မှာ ထူးခြား စွမ်းဆောင်ရည်ကြောင့် အားလုံးရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရပါတယ်။ ယူကရိန်း နိုင်ငံသူ အိုလာဂါဟာ အင်္ဂလန်နိုင်ငံ အခြေစိုက် ရုပ်သံလိုင်းတစ်ခုရဲ့ ဖိတ်ခေါ်မှုဖြင့်  စွမ်းဆောင်ရည်ကို ပြသခွင့်ရခဲ့ပါတယ်။ နာမည်ကျော် အိုင်တီဗွီ ရုပ်သံလိုင်းဟာ သူတို့ရဲ့ အစီအစဉ်မှာ ပြသဖို့ အိုလာဂါကို ဖိတ်ခ်ါခဲ့တာ ဖြစ်ပါတယ်။
       အိုလာဂါဟာ ဖရဲသီး(၃) လုံးကို ပေါင်ကြားထဲ ညှပ်ပြီးခွဲပြရာမှာ (၁၈) စက္ကန့်အတွင်း လုပ်ပြနိုင်ခဲ့ပါတယ်။  ဒါကြောင့် ဂင်းနစ်စံချိန် မှတ်တမ်းမှာ ပေါင်ကြားထဲညပ်ပြီး ဖရဲသီးကို အမြန်ဆုံး ခွဲပြနိုင်သူ အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ဒီလိုမျိုး လုပ်ပြခြင်းကို အိုင်တီဗီရုပ်သံက တိုက်ရိုက် ထုတ်လွှင်ပြသခဲ့ပြီး ပွဲအစီအစဉ် တင်ဆက်သူ နှစ်ဦးကြောင့် မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်ခဲ့ပါတယ်။ အိုလာဂါဟာ ကြမ်းပြင်ပေါ်မှာ ထိုင်ပြီးနောက် ဖဲရဲသီးတစ်လုံးကို ပေါင်ကြားထဲညှပ်ပြီး စခွဲခဲ့ပါတယ်။ ဒီနောက် ဒုတိယတစ်လုံး မခွဲမီ ပေါင်ကြားထဲမှာရှိတဲ့ အရည်တွေကို အ၀တ်စနဲ့ သုတ်ပစ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖရဲသီးကို ညပ်ရာမှာ ချောနေမှာကြောင့် ဖြစ်ပါတယ်။ ဒုတိယအလုံးကို ခွဲပြီးတဲ့နောက် တတိယအလုံးကို ခွဲရာမှာ ပြဿနာ အနည်းငယ် ကြုံခဲ့ပေမယ့် အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါတယ်။ ပေါင်ကြွက်သားတွေ သန်မာလွန်းတာကြောင့် ဒီလိုပြုလုပ်နိုင်တာ ဖြစ်ပြီး ဒီအစီအစဉ်ကို ကြည့်ရှုလိုက်သူတွေ ကတော့ အိုလာဂါရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ကြောင်း သိရပါတယ်။
Credit: messengernewsjournal.com
Related Posts Plugin for WordPress, Blogger...