Sunday, September 24, 2017

အသက်ကြီးလာရင် နေလို့ အကောင်းဆုံးနှင့် မကောင်းဆုံး နိုင်ငံများ


၂၁၀၀ ပြည့်နှစ်ရောက်လျှင် ကမ္ဘာတစ်ဝန်း အငြိမ်းစား သက်ကြီးရွယ်အို သန်း (၁၁၀၀) ၀န်းကျင် ရှိလာတော့မည်။ တိုးလာမည့် သက်ကြီးရွယ်အိုများ အတွက် လူမှုစီးပွား ကျန်းမာရေး ကဏ္ဍများ ပြည့်စုံအောင် စီစဉ်ထားရေးသည် ယနေ့အစိုးရတိုင်း အတွက် စိန်ခေါ်မှုကြီး ဖြစ်လာပြီ။
           မည်သည့် နိုင်ငံများ မည်မျှ ပြင်ဆင်ထားကြောင်း သိရအောင် Age International ပရဟိတ အဖွဲ့ကြီးက စာရင်းကောက်ပြီး Global AgeWatch Index အစီရင်ခံစာကို ထုတ်ပြန်လိုက်သည်။ ယခုနှစ်နှင့်ပါဆိုလျှင် တတိယအကြိမ်မြောက် ထုတ်ပြန်ခြင်း ဖြစ်သည်။ သက်ကြီးပိုင်းများ အတွက် ဘ၀အရည်အသွေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု မည်မျှ ကောင်းကောင်း ဖြည့်ဆည်း ပေးနိုင်သည်ကို အဓိကထား စစ်တမ်းကောက်ကာ နိုင်ငံများကို အဆင့် သတ်မှတ်သည်။
           ယခုနှစ်တွင် ဆွစ်ဇာလန်က ထိပ်ဆုံးနေရာ ရောက်လာသည်။ ပြီးခဲ့သည့်နှစ်က နော်ဝေက ထိပ်ဆုံးယူခဲ့ရာမှ ပြုတ်ကျသွားသည်။ အမေရိကန်က အဆင့် (၉)၊ ဗြိတိန်က အဆင့် (၁၀)၊ အာဖဂန်နစ္စတန်သည် သက်ကြီးပိုင်းများ အတွက် အဆိုးဆုံး နိုင်ငံအဖြစ် အောက်ဆုံးမှာရှိသည်။

           လေ့လာမှုတွင် (၉၆) နိုင်ငံပါဝင်သည်။ ၀င်ငွေလမ်းကြောင်း စိတ်ချရမှု၊ ကျန်းမာရေး၊ ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း ဟူသော ကဏ္ဍလေးရပ်ကို အကဲဖြတ်သည်။ ထိုလေးရပ်သည် လူမှုဝန်းကျင် စိတ်ကျေနပ်မှုကို ဖြစ်စေသော အဓိက လေးချက် ဖြစ်သည်။
          အိုမင်းလာမည့် နိုင်ငံသားများ အနာဂတ် အတွက် ကြိုတင် ပြင်ဆင်ထားသော နိုင်ငံများသည် စာရင်းထိပ်ပိုင်းတွင် အမှတ်ကောင်းကောင်း ရကြသည်။ ဥပမာ အိုက်စလန်၊ ကနေဒါ စသည့် နိုင်ငံများ။ ထိုနိုင်ငံများသည် ကဏ္ဍလေးရပ်လုံးတွင် အမှတ်မြင့်မြင့် ရကြသည်။
          ပင်စင်စနစ်ကလည်း ကျေနပ်ဖွယ်၊ ကျန်းမာရေး စောင့်ရှောက်မှုကလည်း အားကိုးရ၊ အလုပ်ချိန်ကလည်း အဆင်ပြေအောင် ချိန်ညှိထားနိုင်၊ တစ်သက်တာလည်း အခွင့်အလမ်းကောင်းတွေ ရှိသည့်အခါ အသက်ကြီးလာချိန် အထိ စိတ်ကျေ နပ်မှုက မြင့်တက်လျက် ရှိသည်။
          စီးပွား အကျပ်ဆိုက်နေသော ဂရိသည် အဆင့် (၇၉) ထိ ကျဆင်းသွားသည်။ ဗင်နီဇွဲလားက (၇၆)၊ တူရကီက (၇၅) တွင် ရပ်တည်သည်။ တစ်ကမ္ဘာလုံး အတိုင်းအတာ အားဖြင့်လည်း အိုမင်းသူ ဦးရေ တိုးပွား လာနေသည်။
          ၂၀၅၀ ခုနှစ်ရောက်သည့်အခါ စစ်တမ်း ပါဝင်သော (၉၆) နိုင်ငံအနက် (၄၆) နိုင်ငံသည် အလွန်အိုမင်းသည့် နိုင်ငံများ ဖြစ်လာလိမ့်မည်။ ဆိုလိုသည်မှာ ထိုနိုင်ငံများ၏ လူဦးရေ (၃၀) ရာခိုင်နှုန်း အထက်သည် အသက် (၆၀) ကျော်များ ဖြစ်နေလိမ့်မည်။ စာရင်းတွင် (၉၆) နိုင်ငံသာ ပါဝင်ရခြင်းမှာ ကျန် (၉၈) နိုင်ငံမှ စာရင်းများ မရခြင်းကြောင့်ဟုလည်း သိရသည်။
           ဇယားထိပ်ဆုံးမှ နိုင်ငံနှင့် ဇယားအောက်ဆုံး နိုင်ငံတို့တွင် နေထိုင်သော အသက် (၆၀) သမားများ၏ အသက်ရှည်နိုင်ခြေသည်လည်း ယခုအခါ ကွာဟချက် ပိုလို့ပင် ကြီးလာနေကြောင်း အစီရင်ခံစာက ဆိုသည်။ ၁၉၉၀ ခုနှစ်က ကွာဟချက် (၅ ဒသမ ၇) နှစ်ရှိခဲ့ရာမှ ယခု အစီရင်ခံစာ အတွက် စာရင်းဇယားများ  အခြေခံထားသည့် ၂၀၁၂ ခုနှစ်တွင် (၇ ဒသမ ၃) နှစ်သို့ ရောက်ရှိလာသည်။
Source: Daily Mail
Credit: messengernewsjournal.com

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...