Friday, October 11, 2019

ကန္တာရအလယ်မှ လခြမ်းပုံရေကန်ရဲ့ ထူးခြားမှု

သဲကန္တာရအတွင်း၌ စိမ်းစိုသာယာလှတဲ့ အိုအေစစ်လေးများကို တွေ့မြင်ဖူးကြမှာပါ။ ယခုအိုအေစစ်လေးကတော့ လခြမ်းပုံပေါ်နေတဲ့ ရေကန်လေးရဲ့ အလှအပနဲ့ ရှေးဟောင်း ဘုရားကျောင်းဆောင်များကြောင့် ကမ္ဘာကျော်နေရာတစ်နေရာအဖြစ် တည်ရှိနေပါတယ်။ ထိုလခြမ်းပုံရေကန်ဟာ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း၊ Gansu ပြည်နယ်ရှိ Dunhuang မြို့မှ ၆ကီလိုမီတာ အကွာ ၊ Echoing-Sand သဲသောင်တန်းကြီးရဲ့ တစ်ဖက်မှာ သဘာဝအတိုင်း ဖြစ်ပေါ်နေခြင်းပါ။
လခြမ်းပုံရေကန်ဟာ သဘာဝ သဲတောင်ခုံ ၊ တောင်တန်းများရဲ့ အလယ် အနိမ့်ပိုင်းမှာ တည်ရှိနေတာပါ။ လွန်ခဲ့သော နှစ် ၂၀၀၀ လောက်ကတည်းက တည်ရှိနေခဲ့တဲ့ ရှေးဟောင်းရေကန် ဖြစ်ပါတယ်။ Qing မင်းဆက်ခေတ်မှာ ထိုရေကန်ကို Yueyaquan ဟု အမည်ပေးခဲ့ကြပါတယ်။ ထိုရေကန်မှရေများသည် တစ်နှစ်ပတ်လုံး ခန်းခြောက်ခြင်း မရှိဘဲ အမြဲစိမ်းစိုနေပါတယ်။
လခြမ်းပုံရေကန်ဟာ အရှေ့မှ အနောက်သို့ ၂၁၈ မီတာ ရှည်လျားပြီး အနံ ၅၄မီတာ ကျယ်ဝန်းပါတယ်။ တစ်နှစ်လုံး ရေမခန်းဘဲ အမြဲစိမ်းစိုနေတယ် ဆိုပေမယ့် ယခုနောက်ပိုင်း ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရေကန်ကြီးရဲ့ တည်ရှိမှုဟာလည်း ပြောင်းလဲလာခဲ့ရပါတယ်။ ၁၉၆၀ ခုနှစ်တွင် ရေကန်ရဲ့ ပျှမ်းမျှ အနက်ဟာ ၄ မီတာ မှ ၅ မီတာခန့် ရှိပြီး အနက်ဆုံးနေရာမှာ ၇.၅ မီတာ (၂၅ ပေ) လောက် ရှိခဲ့ပါတယ်။ ဒါပေမယ့် ၁၉၉၀ ခုနှစ်မှာတော့ ပျမ်းမျှအနက် ၀.၉ မီတာနဲ့ အနက်ဆုံးနေရာမှာတော့ ၁.၃ မီတာလောက်သာ ကျန်ရှိပါတော့တယ်။ နှစ် ၃၀ အတွင်း ရေအနက် သိသိသာသာ ကျဆင်းမှု ဖြစ်ပေါ်ခဲ့ရပါတယ်။ ယခုအကျယ်အ၀န်းအားဖြင့် ၁.၃၇ ဧက (0.55 ha) ရှိပါတယ်။
Related Posts Plugin for WordPress, Blogger...