Friday, October 11, 2019

ကန္တာရအလယ်မှ လခြမ်းပုံရေကန်ရဲ့ ထူးခြားမှု

သဲကန္တာရအတွင်း၌ စိမ်းစိုသာယာလှတဲ့ အိုအေစစ်လေးများကို တွေ့မြင်ဖူးကြမှာပါ။ ယခုအိုအေစစ်လေးကတော့ လခြမ်းပုံပေါ်နေတဲ့ ရေကန်လေးရဲ့ အလှအပနဲ့ ရှေးဟောင်း ဘုရားကျောင်းဆောင်များကြောင့် ကမ္ဘာကျော်နေရာတစ်နေရာအဖြစ် တည်ရှိနေပါတယ်။ ထိုလခြမ်းပုံရေကန်ဟာ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း၊ Gansu ပြည်နယ်ရှိ Dunhuang မြို့မှ ၆ကီလိုမီတာ အကွာ ၊ Echoing-Sand သဲသောင်တန်းကြီးရဲ့ တစ်ဖက်မှာ သဘာဝအတိုင်း ဖြစ်ပေါ်နေခြင်းပါ။
လခြမ်းပုံရေကန်ဟာ သဘာဝ သဲတောင်ခုံ ၊ တောင်တန်းများရဲ့ အလယ် အနိမ့်ပိုင်းမှာ တည်ရှိနေတာပါ။ လွန်ခဲ့သော နှစ် ၂၀၀၀ လောက်ကတည်းက တည်ရှိနေခဲ့တဲ့ ရှေးဟောင်းရေကန် ဖြစ်ပါတယ်။ Qing မင်းဆက်ခေတ်မှာ ထိုရေကန်ကို Yueyaquan ဟု အမည်ပေးခဲ့ကြပါတယ်။ ထိုရေကန်မှရေများသည် တစ်နှစ်ပတ်လုံး ခန်းခြောက်ခြင်း မရှိဘဲ အမြဲစိမ်းစိုနေပါတယ်။
လခြမ်းပုံရေကန်ဟာ အရှေ့မှ အနောက်သို့ ၂၁၈ မီတာ ရှည်လျားပြီး အနံ ၅၄မီတာ ကျယ်ဝန်းပါတယ်။ တစ်နှစ်လုံး ရေမခန်းဘဲ အမြဲစိမ်းစိုနေတယ် ဆိုပေမယ့် ယခုနောက်ပိုင်း ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရေကန်ကြီးရဲ့ တည်ရှိမှုဟာလည်း ပြောင်းလဲလာခဲ့ရပါတယ်။ ၁၉၆၀ ခုနှစ်တွင် ရေကန်ရဲ့ ပျှမ်းမျှ အနက်ဟာ ၄ မီတာ မှ ၅ မီတာခန့် ရှိပြီး အနက်ဆုံးနေရာမှာ ၇.၅ မီတာ (၂၅ ပေ) လောက် ရှိခဲ့ပါတယ်။ ဒါပေမယ့် ၁၉၉၀ ခုနှစ်မှာတော့ ပျမ်းမျှအနက် ၀.၉ မီတာနဲ့ အနက်ဆုံးနေရာမှာတော့ ၁.၃ မီတာလောက်သာ ကျန်ရှိပါတော့တယ်။ နှစ် ၃၀ အတွင်း ရေအနက် သိသိသာသာ ကျဆင်းမှု ဖြစ်ပေါ်ခဲ့ရပါတယ်။ ယခုအကျယ်အ၀န်းအားဖြင့် ၁.၃၇ ဧက (0.55 ha) ရှိပါတယ်။

ထို့ကြောင့်ပင် လခြမ်းပုံရေကန် ဆက်လက်တည်ရှိနေရေးအတွက် ၂၀၀၆ ခုနှစ်ကစတင်ပြီး တာဝန်ရှိသူများမှ နှစ်စဉ် ရေပြန်လည် ဖြည့်တင်း ထိန်းသိမ်းမှုများ ဆောင်ရွက်လာခဲ့ပါတယ်။ 
လခြမ်းပုံ ရေကန်ရဲ့ နောက်ထပ်ဆွဲဆောင်မှုတစ်ခုမှာ ရေကန်ဘေးရှိ ရှေးဟောင်းဘုရားကျောင်းဆောင် ဖြစ်ပါတယ်။ ဟန်ခေတ်လက်ရာ ဘုရားကျောင်းဆာင်ရဲ့ အရိပ်မှာ ခိုနားရင်း ပူပြင်းလှတဲ့ ကန္တာရအလယ်မှာ အေးချမ်းမှုကို ရရှိစေမှာပါ။ ပတ်ဝန်းကျင်တွင်လည်း မြင့်မားလှတဲ့ သဲတောင်ကုန်းများ ခြံရံပြီး စိမ်းစိုသာယာနေတဲ့ သဘာဝအလှကိုလည်း ခံစားနိုင်ပါတယ်။
ထိုလခြမ်းပုံရေကန်ဟာ တရုတ်နိုင်ငံရဲ့ အထင်ကရ ခရီးသွားနေရာတစ်နေရာ ဖြစ်လာပြီး နှစ်စဉ်ခရီးသွား အများအပြား လာရောက်တတ်ကြပါတယ်။ ထိုရေကန်သို့ရောက်ရန် ကုလားအုတ်များ စီးသွားနိုင်ကြလို့လည်း ပျော်ရွှင်ဖွယ် ကောင်းလှပါတယ်။
ကမ္ဘာမှာ လခြမ်းပုံ ဖြစ်နေသော ရေကန် အများအပြား ရှိပါတယ်။ ယခု လခြမ်းပုံရေကန်ကတော့ သဲကန္တာရအလယ်တွင် ရှိနေခြင်း ၊ စိမ်းလန်းသာယာခြင်း ၊ တွေ့မြင်နေကျ မြင်ကွင်းများထက် ထူးခြားစွာ တွေ့ကြုံခံစားရနိုင်ခြင်း ၊ ရှေးဟောင်းရေကန်နဲ့ ဘုရားကျောင်းဆောင်တို့ကြောင့် ပိုမိုကျော်ကြား လူသိများလှပါတယ်။











ဆောင်းတွင်းဘက် တွေ့မြင်ရပုံ 

သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...