Thursday, October 10, 2019

ပင်လယ်ပြင်အတွင်းမှ အပြာရောင်တွင်းပေါက်ကြီး

၂၀၁၂ ခုနှစ်တွင် ကမ္ဘာကျော် Discovery ရုပ်သံလိုင်းမှ ကမ္ဘာ့အံ့ဖွယ် ထူးဆန်းလွန်းသော နေရာ (၁၀) နေရာတွင် တစ်ခုအပါအ၀င်အဖြစ် သတ်မှတ်ခံရတဲ့ တွင်းပေါက်ကြီးပါ။ အပေါ်စီးမှကြည့်ရင် ပင်လယ်ပြင်အတွင်း ကြီးမားကျယ်ဝန်းလှတဲ့ အ၀ိုင်းပုံစံ တွင်းပေါက်ကြီးတစ်ခုကို ထင်ရှားစွာ တွေ့မြင်ရမှာပါ။

ထိုအပြာရောင်တွင်းပေါက်ကြီးကတော့ ဘီလီဇီး ပင်လယ်ပြင်အတွင်း သန္တာကျောက်တန်းများ ၀န်းရံပြီး တည်ရှိနေပါတယ်။ ရှည်လျားလှတဲ့ သန္တကျောက်တန်းများအလယ်လောက်မှာ စက်ဝိုင်းပုံစံ သဘာဝအတိုင်း တည်ရှိနေတာပါ။

ထိုတွင်းပေါက်ကြီးဟာ ဘီလီဇီးမြို့တော်ကုန်းမကြီးရဲ့ ပင်လယ်ကမ်းရိုးတန်းမှ 70 km (43 မိုင်) အကွာတွင် ရှိနေပါတယ်။ တိုင်းတာချက်များအရ ကန့်လန့်ဖြတ်အကျယ် 300 m (984 ပေ) နဲ့ 124 m (407 ပေ) အထိ ရေအောက်နက်ပါတယ်။


ထိုအပြာရောင် တွင်းပေါက်ကြီးရဲ့ အတွင်းပိုင်းတွင် ပုံစံမျိုးစုံကွဲပြားနေပါတယ်။ ထို့ပြင် ရေအောက်သတ္တ၀ါများလည်း အမျိုးအစားစုံစွာ ရှိနေကြပါတယ်။ အထူးသဖြင့် Midnight Parrotfish ကဲ့သို့ ငါးမျိုးကွဲများ များစွာရှိနေပါတယ်။ ကာရစ်ဘီယံ သန္တာကျောက်တန်း ငါးမန်းများလည်း နေထိုင်ကျက်စားကြပါတယ်။ အခြားငါးမန်းမျိုးကွဲများလည်း ရှိကြပါတယ်။ ရေအောက် တွင်းပေါက် ချောက်ကြီးအတွင်း လှိုဏ်ဂူများလည်း ရှိနေပါတယ်။

ထိုသဘာဝတွင်းပေါက်ကြီးဟာ လွန်ခဲ့သော နှစ်သန်း ၁၅၀ ကျော်မှ နှစ် ၁၅၀၀၀ အတွင်း အဆင့်ဆင့် ဖြစ်တည်လာကြောင်း ဆိုကြပါတယ်။ ရေခဲပြင်များ ပြိုကျမှုကြောင့် တိုက်စားခြင်းခံရပြီး ဖြစ်တည်လာခြင်းပါ။ ယခုအလချိန်အထိ ထိုတွင်းပေါက်ကြီးအကြောင်း အကုန်အစင် သိမြင်မှု မရှိကြသေးပါဘူး။ စူးစမ်းလေ့လာနေကြတုံးပါပဲ။

တချို့ကလည်း ထိုတွင်းပေါက်ကြီး၌ တခါတရံ အလွန်ကြီးမားတဲ့ ရေဝဲကြီးတွေလည်း ဖြစ်လာတယ်လို့ ဆိုပါတယ်။ တွင်းဝရေပြင်မှ အရာများကို ဆွဲစုပ်ခံရတတ်ကြောင်းဆိုကြပါတယ်။ ထို့ကြောင့်ပင် ကမ္ဘာ့အန္တရာယ်အများဆုံး နေရာတစ်နေရာအဖြစ်လည်း သတ်မှတ်ထားကြပါတယ်။ ဒါပေမယ့် ရေငုပ်ဝတ်စုံပြည့်ဖြင့် ရေငုပ်သူများအနေနဲ့ကတော့ ကမ္ဘာ့အကောင်းဆုံး ရေငုပ်နိုင်တဲ့ နေရာတစ်နေရာ အဖြစ်လည်း သတ်မှတ်ထားကြပါတယ်။

ထိုအပြာရောင်တွင်းပေါက်ကြီးဟာ ၁၉၇၁ ခုနှစ်တွင် Jacques-Yves Cousteau ကြောင့် လူသိများ ကျော်ကြားလာခဲ့ပါတယ်။ ယခုအချိန်တွင် ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဒေသတစ်ခုအဖြစ် သတ်မှတ်ကာ ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်။

ထိုကဲ့သို့ ထူးခြားလှပသလို အသိရခက်သော သဘာဝအချက်အလက်များ ပိုင်ဆိုင်ထားတဲ့ တွင်းပြာကြီးကတော့ ယခုအချိန်တွင် ကမ္ဘာလှည့်ခရီးသွားများ နှစ်စဉ်လာရောက်လည်ပတ်ရာ နေရာတစ်နေရာ ဖြစ်နေပါပြီ။ အထူးသဖြင့် ရေငုပ်ဝါသနာရှင်များအနေဖြင့် ကမ္ဘာပေါ်တွင် ရေငုပ်ရန် အကောင်းဆုံး နေရာတစ်နေရာအဖြစ် သတ်မှတ်ကာ ရေအောက်အလှအပများကို လာရောက်လေ့ လာလေ့ရှိပါတယ်။




သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...