Sunday, September 24, 2017

ချင်ပန်ဇီများလည်း သည်းထိတ်ရင်ဖိုကား ကြိုက်ကြသည်

ချင်ပန်ဇီများသည် သည်းထိတ် ရင်ဖို ရုပ်ရှင်ကားများကို နှစ်သက်ကြောင်း လေ့လာ တွေ့ရှိခဲ့ပြီ ဖြစ်သည်။
          ကင်းကောင်ဝတ်စုံ ၀တ်ဆင်ထားသည့် သရုပ်ဆောင် တစ်ဦးက လူသားတစ်ဦးကို တိုက်ခိုက်ပုံနှင့် လူသားတစ်ဦးက ချင်ပန်ဇီ တစ်ကောင်အား တုနှင့် ထုနေပုံများကို ရိုက်ကူးထားသည့် ဗီဒီယိုများကို ပြသသည့် အခါတွင် ချင်ပန်ဇီများသည် ဗီဒီယိုများအား မျက်နှာမလွှဲဘဲ စိတ်ဝင်တစား ကြည့်ရှုခဲ့ကြသည်။
          တိုကျိုတက္ကသိုလ်မှ သိပ္ပံပညာရှင်များသည် ချင်ပန်ဇီများနှင့် ဘိုနိုဘိုစ်မျောက်များ၏ ကာလရှည်မှတ် ဥာဏ်စွမ်းရည်ကို လေ့လာခဲ့ရာမှ ယခုကဲ့သို့ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

          ချင်ပန်ဇီ (၁၂) ကောင်အား စနစ်တကျ ရိုက်ကူး ပြင်ဆင်ထားသည့် ရုပ်ရှင်ကားများကို (၂၄) နာရီခြားပြီး နှစ်ကြိမ်ပြသခဲ့ကာ မျက်လုံး လှုပ်ရှားမှုများကို မှတ်တမ်း တင်ခဲ့သည်။ ပထမရုပ်ရှင်ကားတွင် ချင်ပန်ဇီ ၀တ်စုံ ၀တ်ဆင်ထားသည့် သရုပ်ဆောင် တစ်ဦးက တံခါးနှစ်ခု အနက် တစ်ခုမှ ရုတ်တရက် ၀င်ရောက်ပြီး လူတစ်ဦးအား တိုက်ခိုက်ကာ လူသားစားနေသည့် ငှက်ပျောသီးကို ခိုးယူနေပုံပါရှိသည်။
          ဒုတိယ ရုပ်ရှင်ကားတွင်မူ အရုပ်တူနှင့် ဓားတစ်ချောင်းနားတွင် မတ်တပ်ရပ်နေသည့် လူသားတစ်ဦးက တူကို ကောက်ယူကာ ချင်ပန်ဇီအား တိုက်ခိုက်နေပုံပါရှိသည်။
          မျက်လုံးများ အာရုံစိုက်မှု မှတ်တမ်းများအရ ချင်ပန်ဇီများသည် သူတို့ မြင်တွေ့ခဲ့ရသည်များကို မှတ်မိပြီး ဖြစ်ပျက်မည် ကိုလည်း ကြိုတင် ခန့်မှန်းကြကြောင်း သိရှိခဲ့ရသည်။
          ရုပ်ရှင်ကားများအား ဒုတိယ အကြိမ် ပြသခဲ့ရာ ချင်ပန်ဇီများသည် တိုက်ခိုက်မှု မဖြစ်မီတွင် သရုပ်ဆောင် ထွက်ပေါ်လာမည့် တံခါးကို အရင်ဆုံး ကြည့်ရှုနေခဲ့ကြောင်း မှတ်တမ်း တင်နိုင်ခဲ့သည်။ ထို့ပြင် တူအား နေရာပြောင်းလိုက်ပြီ ဖြစ်သော်လည်း ချင်ပန်ဇီများသည် တူပေါ်တွင်သာ အာရုံစိုက် ကြည့်ရှုခဲ့သည်။
          ယင်းမှာ ချင်ပန်ဇီများသည် မြင်တွေ့ခဲ့ရသည်များကို သတင်း အချက်အလက် အဖြစ် မှတ်တမ်းတင်ထားပြီး လိုအပ်လျှင် ထုတ်သုံးတတ်ကြောင်း သက်သေ ထူလိုက်ခြင်းဖြစ်သည်ဟု သိပ္ပံပညာရှင်များက ပြောဆိုခဲ့သည်။       
  Source:DM
Credit: messengernewsjournal.com

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...