Saturday, June 29, 2013

သောကြာဂြိုဟ်ပေါ်က လျှို့ဝှက်ဆန်းကြယ်မှု


မကြာသေးမီ အချိန်များက သောကြာဂြိုဟ် ပေါ်တွင် အရှိန်ပြင်း လေမုန်တိုင်းကြောင့် လေပြင်းများ တဝေါဝေါ တိုက်ခတ်လျက် ရှိသည်ကို တွေ့ရ၍ သိပ္ပံပညာရှင်များ အနေဖြင့် အဘယ်ကြောင့် ထိုသို့ဖြစ် နေရကြောင်း သေသေချာချာ အဖြေရှာ မတွေ့နိုင် ကြသေးပေ။
ဥရောပ၏ သောကြာဂြိုဟ် စူးစမ်းလေ့လာရေး ဂြိုဟ်တု Venus Express ၏ အကဲခတ် လေ့လာမှု ပြုလုပ်ချက်များအရ သောကြာဂြိုဟ် ပေါ်ရှိ တိမ်တိုက် အထက်တွင် ရှိသောလေ၏ အရှိန်သည် တစ်နာရီလျှင် ၁၈၆ မိုင် (၃ဝဝ ကီလိုမီတာ)မှ တစ်နာရီလျှင်၂၄၉ မိုင်(၄ဝဝ ကီလို မီတာ)သို့  ခုန်တက် ကျော်လွှားသွားနေကြောင်း တွေ့ရသည်။
''ပတ်ဝန်းကျင် လေထုအတွင်း လေပြင်း တိုက်နှုန်းကို သိရှိထားပေမဲ့ ခုဟာကတော့ ဧရာမတိုးမြင့် လာတာဖြစ်ပါတယ်'' ဟု မော်စကိုမြို့ရှိ အာကာသ သုတေသနအဖွဲ့ (Space Research Institute) အစ်ဂေါခါ တွန်စက်ဖ် (Igor Khatunsev)က ပြောကြားခဲ့သည်။ ''သောကြာဂြိုဟ် ပေါ်မှာ ဒီလိုကြီးမားတဲ့ မူကွဲ အပြောင်းအလဲကို တစ်ခါမှ မမြင်ဖူးသေးပါဘူး။ နောက်ပြီးတော့ အဲဒီလိုဘာကြောင့် ဖြစ်ရတယ် ဆိုတာကို ကျွန်တော်တို့ နားမလည်နိုင် သေးပါဘူး။''
သုတေသန ပညာရှင်များ စိတ်ဝင်စားသော သောကြာဂြိုဟ်၏ ပတ်လည်၌ သာမန်ထက် ထူးကဲသော ပတ်ဝန်းကျင် ရှိလေသည်။ ပတ်ပတ်လည်တွင် ဟိုဟိုသည်သည်သို့ ရုတ်ခြည်း လျင်မြန် စွာ ပြောင်းလဲနေသဖြင့် ကမ္ဘာ၏ နေ့ကဲ့သို့ လေးရက်တစ်ကြိမ် အလှည့်ကျ ဖြစ်ပေါ် ပြောင်းလဲနေပေသည်။ သောကြာဂြိုဟ် ကိုယ်တိုင်ကလည်း သူ့ဝင်ရိုးစွန်းပေါ်တွင် ကမ္ဘာ၌ ဖြစ်ပေါ်နေသော နေ့ ကဲ့သို့ ၂၄၃ ရက်ကြာပါက တစ်ကြိမ်တစ်ပတ် ပတ်မိသွားသည်။ ဥရောပ အာကာသ အေဂျင်စီ D(European Space Agency)က သောကြာဂြိုဟ်တွင် တိုက်ခတ်လျက် ရှိသော လေများကို ''ထူးကဲသော အရှိန်ပြင်း မုန်တိုင်း'' (Super-hurricane force)၏ ကြန်အင် လက္ခဏာဟု သတ်မှတ် ပေးထားလေ ပေသည်။
Venus Express က ဓာတ်ပုံများကို ရိုက်ယူ ရရှိထားသော တိုက်လေ၏ နှုန်းများကို လေ့လာကြည့်ပြီး ၄င်းတို့သည် တောင်နှင့် မြောက်လတ္တီတွဒ် ၅ဝ ဒီဂရီအကြားမှ ဖြစ်မည်ဟု ခါတွန်စက်ဖ်နှင့် သူ၏အဖွဲ့က ဆုံးဖြတ်ခဲ့ကြသည်။ သောကြာဂြိုဟ်၏ မျက်နှာပြင် အထက် ၄၃ မိုင် (၇ဝ ကီလိုမီတာ)ရှိ တိမ်တိုက် ထိပ်ဖျား၏ ထောင်သောင်းချီ၍ ရွေ့လျားမှုများ နောက်သို့ သိပ္ပံ သုတေသန ပညာရှင်များက နောက်ယောင်ခံ လိုက်ကြည့်ခဲ့ကြသည်။
သူတို့ ဆောင်ရွက်ထားသည့် သုတေသန ပြုမှုများကို ICARUS  ဂျာနယ်တွင် ဖော်ပြပေးရန် လက်ခံထားပြီး ဖြစ်သည်။ ဂျပန်မှ ဦးဆောင်သော အဖွဲ့တစ်ဖွဲ့ကလည်း အဆိုပါ တိမ်တိုက် များ၏ ရွေ့လျားနေမှုများကို နောက်ယောင်ခံ၍ လိုက်ကြည့်ရန် Venus Express ၏ Data အချက်အလက်များကို အသုံးပြု၍ စိတ်ပါ ဝင်စားစွာ လေ့လာပြီး Geophysical Research ဂျာနယ်တွင် ရေးသားမည် ဖြစ်ကြောင်း သိရသည်။
''ကျွန်ုပ်တို့အနေဖြင့် တောင်ဘက် ကမ္ဘာခြမ်းက အနိမ့်ပိုင်း လတ္တီတွဒ်ရှိ တိမ်တိုက်များ ရွေ့လျားမှုတွေကို ခြောက်နှစ်ကြာ လေ့လာကြည့်ခဲ့ရာ တိုက်လေများ၏ အလျင် ပြောင်းလဲ မှုမှာ ကမ္ဘာ့ ၂၅၅ ရက်ကာလ အတိုင်းအတာ တစ်ရပ်၌ တစ်နာရီလျှင် ၇ဝ ကီလိုမီတာလောက် ရှိကြောင်း ပြသပေး နေပါတယ်။ သောကြာဂြိုဟ် ပေါ်မှာက ကမ္ဘာထက် ပိုမိုကြာရှည် နေကြောင်း''  ဦးဆောင် ရေး သားသူ တိုရုကို ယူယာမာ (TORU KOUYAMA)က ကြေညာ ချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။ ၄င်းသည် ဂျပန်နိုင်ငံ အီဘာရာကီမြို့ (IBARAKI)ရှိ Information Technology Research Institute မှ ဖြစ်သည်။
ဤလေ့လာမှု အသစ်နှစ်ခု စလုံးမှ သောကြာဂြိုဟ် ပတ်ဝန်းကျင်ရှိ လေထု (Atmosphere of Venus) ပေါ်တွင် ပုံမှန်ဖြစ်ပေါ် နေသည့် အပြောင်းအလဲ အမျိုးကွဲများကိုလည်း ထောက်လှမ်း ရရှိခဲ့ သဖြင့် ၄င်းတို့သည် အဆိုပါ ဂြိုဟ်၏ အလှည့်ကျဖြစ် နေသည့် ကာလ၊ ၄င်း၏ဒေသတွင်း အချိန်နှင့် မိုးကုပ်စက်ဝိုင်း ပေါ်မှနေ၍ မြင့်မားနေမှု တို့နှင့် ဆက်စပ်လျက် ရှိနေဟန် တူကြောင်း သုတေသန ပညာရှင်များက ပြောကြားခဲ့သည်။
နှစ်ဖွဲ့စလုံးသည် လေတိုက်နှုန်း၌ အံ့အား သင့်ဖွယ်ရာ ထူးခြားသော ပြောင်းလဲမှုများကို တွေ့ရှိကြသည်။ တစ်ခါတစ်ရံတွင် သောကြာဂြိုဟ် ဝန်းကျင်ရှိ တိမ်တိုက်များ အလျင်အမြန် ရွေ့လျားလျက် ရှိတတ်သည်။ ယင်းသို့ ပြောင်းလဲမှု၊ ရွေ့လျားမှုများသည် ရေရှည်ကြာမြင့်စွာ လေတိုက်နှုန်း တိုးမြင့်လာ နေလေ့ရှိသည့် နည်းတူ လျှို့ဝှက်ဆန်းကြယ် လှကြောင်း သိပ္ပံပညာ ရှင်များက ပြောကြား ခဲ့ကြသည်။
''ကမ္ဘာလုံးဆိုင်ရာ လေတိုက်နှုန်း ပျမ်းမျှတိုးမြင့် လာနေပြီ ဖြစ်ကြောင်းကို အထောက်အထား များ ရှိနေသည့် အတွက် ပတ်ဝန်းကျင်လေရဲ့ လည်ပတ်နေမှု ပုံစံတွေဟာ ဘယ်လိုအကြောင်း အရင်းကြောင့် ဖြစ်ရကြောင်း နောက်ထပ် စူးစမ်းဖို့ လိုပါလိမ့်မယ်။ နောက်ပြီးတော့ ကွက်ပြီး ဖြစ်ပွားတဲ့ နေရာတွေမှာလည်း တိုတောင်းသည့် အလျောက် လုပ်ငန်းစဉ်များ ပြောင်း လဲမှု တွေကို မြင်နေရတာ အကြောင်းအရင်း ရှိနေမှာမို့လို့ ရှင်းရဦးမှာပါ'' ဟု Venus Express စီမံကိန်းမှ သိပ္ပံပညာရှင် ဟာကန်စဗက်ဒမ် (Hakan Svedhem)က ကြေညာ ချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။
''သောကြာဂြိုဟ်ပေါ်မှာ ပတ်ဝန်းကျင်ရှိ လေအလှည့်ကျ ပြောင်းလဲမှု ကြီးဟာ နေစကြဝဠာ အတွင်း မရှင်းပြနိုင် သေးတဲ့ လျှို့ဝှတ် ဆန်းကြယ်မှုကြီး တစ်ရပ်ပဲ ဖြစ်ပါတယ်။ ဒီရလဒ်တွေက  ပိုမို ဆန်းကြယ်နေပြီး ဂြိုဟ်ပေါ်က ပြောင်းလဲ ပြင်းထန်တဲ့ ရွေ့လျားအားကို Venus Expressျ အနေနဲ့ ဆက်လက် သုတေသန ပြုရင်း ကျွန်တော်တို့ကို အံ့အားသင့်အောင် လုပ်ဆောင် နေကြ ပါ တယ်'' ဟု ၄င်းက ကြေညာချက်တွင် ဖြည့်စွက် ရေးသားခဲ့သည်။          ။
ref:မြ၀တီ

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...