ယခင်က ကမ္ဘာ့အရှည်ဆုံး မြစ်ကြီးများအကြောင်းကို တင်ပြပေးဖူးပါသည်။ ယခုတင်ပြမည့် အကြောင်းအရာကတော့ ကမ္ဘာကျော် တယ်လီဂရက် website တွင် ဖော်ပြထားသည့် ကမ္ဘာ့ အလှဆုံး မြစ်ကြီးများကို (၁) မှ (၁၇) အထိ ရှာဖွေတင်ပေးလိုက်ပါတယ်။ ကမ္ဘာ့အလှဆုံး မြစ်ကြီးများသည် ရှည်လျားခြင်းအပေါ် မူတည်ရွေးချယ်ခြင်း မဟုတ်ဘဲ မြစ်ကြီးများတစ်လျောက် မြို့ရွာများ၏ တည်နေပုံများ ၊ မြစ်ကြောင်းတစ်လျောက် ရှု့ခင်းများ ၊ ရှည်လျားခိုင်မာသည့် သမိုင်းဆိုင်ရာ အချက်အလက် တန်ဖိုးများကို မူတည်ရွေးချယ်ထားခြင်းပါ။ ကမ္ဘာ့ယဉ်ကျေးမှု နှင့် လူသားသမိုင်း တိုးတက်ထွန်းကားမှုကို မြစ်ကြီးများ ယဉ်ကျေးမှုဟု တင်စားရလောက်အောင် ရှည်လျားကြီးမားသော မြစ်ကြီးများကြောင့် အကျိုးကျေးဇူး များခဲ့ရပါသည်။ အလှဆုံး မြစ်များ စာရင်းတွင် မြန်မာပြည်မှ ဧရာဝတီမြစ်ကို နံပါတ်(၁) ပေးထားပြီး ကျန်သည့် မြစ်ကြီးများကိုလည်း ရွေးချယ်ဖော်ပြပေးထားပါသည်။ ကဲ … ကမ္ဘာ့အလှဆုံး မြစ်ကြီးများ အကြောင်းကို ကြည့်လိုက်ရအောင်ဗျာ…
(၁) ဧရာဝတီ - မြန်မာ
(၁) ဧရာဝတီ - မြန်မာ
ဧရာဝတီမြစ်ကြီးသည် မြန်မာပြည်တွင်းမှာပင် မြစ်ဖျားခံပြီး မြန်မာပြည် အလယ်ပိုင်းကို ဖြတ်သန်းစီးဆင်းကာ မြန်မာ့ပင်လယ်တွင်းသို့ စီးဝင်သွားသော အထူးအရေးပါသည့် မြစ်ကြီးတစ်စင်း ဖြစ်ပါသည်။ မြန်မာပြည် မြောက်ပိုင်း ကချင်ပြည်နယ်မှ မေခ ၊ မလိခ မြစ်နှစ်သွယ် ပေါင်းစပ် ဖြစ်ပေါ်လာသော ဧရာဝတီမြစ်ကြီးသည် ၁၃၄၈ မိုင် (၂၁၇၀ ကီလိုမီတာ) အထိ ရှည်လျားပါသည်။ မြန်မာပြည်အတွင်း ဖြတ်သန်းစီးဆင်းသော မြစ်များတွင် အရှည်ဆုံး မြစ်ကြီး ဖြစ်ပြီး ကမ္ဘာ့ အရှည်လျားဆုံး မြစ်ကြီးများစာရင်းတွင်တော့ (၅၅) ခုမြောက် ဖြစ်ပါသည်။ မြန်မာနိုင်ငံ ၏ သမိုင်းစဉ်တစ်လျောက် ဧရာဝတီမြစ်ကြီးသည် အရေးပါသော အခန်းကဏ္ဍမှ အမြဲပါဝင်နေပါသည်။ မှတ်တမ်းများအရ ရှေးဌာနေလူသားများအတွက် စိုက်ပျိုးမွေးမြူရေး နှင့် ကုန်စည်ကူးသန်းရောင်းဝယ်ရာ ပင်မ အခြေခံကြီး ဖြစ်ခဲ့သလို မြန်မာနိုင်ငံ အလယ်ပိုင်းမှ ပင်လယ်ထွက်ပေါက်အထိ အသုံးဝင်သော မြစ်ကြီးဖြစ်ကာ ကျေးဇူးကြီးလှပါသည်။ ၆ ရာစုလောက်ကတည်းက ကုန်စည် ထုတ်လုပ် တင်ပို့ရောင်းချရာတွင် အသုံးဝင်ခဲ့ကြောင်း ကမ္ဘာ့မှတ်တမ်းများတွင် ဖော်ပြထားပါသည်။ ခေတ်အဆက်ဆက် အသုံးဝင် ကျေးဇူးကြီးလှသော မြစ်ကြီး ဖြစ်သည်နှင့်အညီ ရှေးမြန်မာတို့၏ ကျော်ကြားထင်ရှားသော နန်းမြို့များသည်လည်း ဧရာဝတီမြစ်ကြောင်းတစ်လျောက် တွေ့မြင်ကြရပါသည်။ ရှည်လျားသော မြစ်ကြောင်းတစ်လျောက် သဘာဝအလှအပ အမျိုးမျိုး နှင့် ရှားပါးသော ရေနေသတ္တ၀ါများပါ တည်ရှိနေပါသည်။ နာမည်ကျော် ဧရာဝတီလင်းပိုင်းများလည်း တည်ရှိနေပြီး ကမ္ဘာကျော် နေ၀င်ချိန်မြစ်ပြင်အလှများကိုလည်း ခံစားနိုင်ပါသည်။ သက်တမ်းကြာရှည်ခြင်း ၊ လူသားတို့၏ အဆင်ခြင်မဲ့ မိုက်မဲသော အသုံးပြုမှုများကြောင့် အိုမင်း ပျက်စီးလာပေမယ့် ဧရာဝတီမြစ်ကြီး၏ အလှများကတော့ လှပနိုင်သလောက် လှပနေမြဲ ၊ သူနိုင်သလောက် အစွမ်းကုန် အကျိုးပြုနေမြဲပင် ဖြစ်ပါသည်။
(၂) Rhine River
ရိုင်းမြစ်သည် ဥရောပတိုက် အလယ်ပိုင်း နှင့် အနောက်စွန်းပိုင်းတွင် ဒုတိယအရှည်ဆုံးမြစ်ကြီး ဖြစ်ပါသည်။ ဆွစ်ဇာလန်နိုင်ငံ Alps တောင်တန်းများတွင် မြစ်ဖျားခံစီးဆင်းလာပြီး ၊ ပြင်သစ် နှင့် ဂျာမနီ နယ်ခြားမြစ်အဖြစ် စီးဆင်းကာ ဂျာမနီနိုင်ငံကို ဖြတ်သန်းစီးဆင်းသွားပါသည်။ နောက်ဆုံး နယ်သာလန်နိုင်ငံကို ဖြတ်စီးသွားပြီး မြောက်ပိုင်းပင်လယ်အတွင်းသို့ စီးဝင်သွားပါသည်။ နိုင်ငံများစွာကို ဖြတ်သန်းစီးဆင်းသွားပြီး မြစ်ကြောင်းအရှည်အားဖြင့် ၇၆၄ မိုင် (1,230 km) ရှိပါသည်။ ရောမအင်ပါယာ ခေတ်ကောင်းစဉ်မှ စကာ ယနေ့အချိန်အထိ ဥရောပတိုက်၏ အရေးပါသော မြစ်ကြီးတစ်စင်း ဖြစ်ပါသည်။ ရှည်လျားသော သမိုင်းကြောင်းအဆက်ဆက် မြစ်ကြောင်းကြီးတစ်လျောက် အရေးပါသော မြို့ကြီးများ ဖြစ်ထွန်းပေါ်ပေါက်ခဲ့ကာ အုပ်ချုပ်ရေး နှင့် ကုန်စည်ကူးသန်းရောင်းဝယ်ရေးအတွက် များစွာအသုံးဝင်ခဲ့ပါသည်။ မြစ်ကြောင်းတစ်လျောက်တွင် ရှေးခေတ်က တည်ဆောက်ခဲ့သော လှပသည့် ရဲတိုက်များလည်း တည်ရှိနေပြီး ယခုအခါ ရိုင်းမြစ်ကြီးသည် ဂျာမနီနိုင်ငံ၏ အမျိုးသားအထိမ်းအမှတ်တစ်ခုလည်း ဖြစ်နေပါသည်။
ကမ္ဘာ့ရှည်ဆုံး မြစ်ကြီးအဖြစ် လူသိများကြသည့် နိုင်းမြစ်ကြီးကို အီဂျစ်နိုင်ငံနှင့် တွဲကာလူပိုသိကြပါသည်။ သို့ပေမယ့် ကမ္ဘာကျော်နိုင်းမြစ်ကြီးသည် အီဂျစ်နိုင်ငံအပြင် Tanzania, Uganda, Rwanda, Burundi, Congo, Kenya, Ethiopia, Eritrea, South Sudan နှင့် Sudan စသည့် နိုင်ငံ(၁၁)နိုင်ငံ ဖြတ်သန်းစီးဆင်းသွားသည့် နိုင်ငံတကာ မြစ်ကြောင်းရှည်ကြီးပါ။ အရှည်အားဖြင့် ၄၂၅၈ မိုင် (6,853 km) အထိ ရှိပါသည်။ အကျယ်ဆုံး နေရာတွင် နှစ်မိုင်းအထိ ကျယ်ပါသည်။ ရှည်လျားလှသော မြစ်ကြီးဖြစ်သည်နှင့်အညီ သမိုင်းကြောင်းအဆက်ဆက် ယဉ်ကျေးမှု ထွန်းကားခဲ့ရာ ပင်မအခြေခံ မြစ်ကြီး ဖြစ်ပါသည်။ နိုင်းမြစ်ယဉ်ကျေးမှုဟု တင်စားခေါ်ဝေါ်ကြရသည့် တိုးတတ်ထွန်းကားသော ယဉ်ကျေးမှုများ ဖြန့်ဝေရာ ကမ္ဘာ့မြစ်ကြီးတစ်စင်းအဖြစ် တည်ရှိခဲ့ပါသည်။ အထူးသဖြင့် ရှေးအီဂျစ်ယဉ်ကျေးမှု အနုပညာလက်ရာများနှင့် ဗိသုကာအတတ်ပညာဆန်းများ မြစ်ကြောင်းတစ်လျောက် များပြားစွာ တည်ရှိနေပါသည်။ ခေတ်အဆက်ဆက် စိုက်ပျိုးမွေးမြူရေးနှင့် ကူးသန်းရောင်းဝယ်ရေးတို့အတွက်လည်း များစွာ အကျိုးများခဲ့ပါသည်။ နိုင်းမြစ်ကြီးကို ကမ္ဘာ့အရှည်ဆုံး မြစ်ကြီးအဖြစ် သတ်မှတ်ထားကြသော်လည်း နောက်ပိုင်းစာရင်းများတွင် (ex . WIKI) တောင်အမေရိကတိုက်မှ အမေဇုန်မြစ်ကြီးကို ကမ္ဘာအရှည်ဆုံးမြစ်ကြီးအဖြစ် ဖော်ပြကြတာလည်း တွေ့ရှိရပါသည်။ တိုင်းတာတွက်ချက်မှု ကွဲလွဲမှုများကြောင့် ဖြစ်ပါသည်။
အိန္ဒိယနိုင်ငံ၏ အရေးပါသော မြစ်ကြီးတစ်စင်းဖြစ်ပြီး နိုင်ငံ၏ အမျိုးသားအထိမ်းအမှတ် မြစ်ကြီးတစ်စင်းလည်း ဖြစ်ပါသည်။ ရှည်လျားသော သမိုင်းကြောင်းနှင့်အတူ ဘာသာရေးယုံကြည်ချက်များလည်း တည်ရှိရာ မြစ်ကြီး ဖြစ်ပါသည်။ ဘာသာအယူဝါဒများ ရှင်သန်ဖွံ့ဖြိုးရာ ကြီးမြတ်သော မြစ်ကြီးတစ်စင်းဖြစ်သလို မြစ်ကြောင်းတစ်လျောက် လှပသော ရှုခင်းများ ၊ ရှေးဟောင်းအဆောက်အဦးကြီးများ များစွာ တည်ရှိနေပါသည်။ ထို့ပြင် မြစ်ကြောင်းတစ်လျောက် ငါးအမျိုးပေါင်း ၁၄၀ ကျော် ၊ ကုန်းနေရေနေသတ္တ၀ါ အမျိုးပေါင်း ၉၀ ကျော် နှင့် ဂင်္ဂါမြစ် လင်းပိုင်များလည်း ရှိကြပါသည်။ မြစ်ကြီးသည် အရှည်အားဖြင့် မိုင်ပေါင်း ၁၅၆၉ မိုင် (2,525 km) ရှိပါသည်။
Danube မြစ်ကြီးသည် ဥရောပတိုက်တွင် Volga မြစ်ကြီးပြီးနောက် ဒုတိယအရှည်ဆုံး မြစ်ကြီးတစ်စင်း ဖြစ်ပါသည်။ နိုင်ငံပေါင်း ၁၀ နိုင်ငံကို ဖြတ်သန်းစီးဆင်းရာ မြစ်ကြီးဖြစ်ပါသည်။
Germany နိုင်ငံမှ စတင်စီးဆင်းလာပြီး Austria, Slovakia, Hungary, Croatia, Serbia, Romania, Bulgaria, Moldova နှင့် Ukraine နိုင်ငံတို့ကို ဖြတ်စီးသွားကာ ပင်လယ်နက် ထဲသို့ စီးဝင်သွားပါသည်။ ၁၇၈၀ မိုင် (2,860 km) အထိ ရှည်ပါသည်။ အလယ် နှင့် အရှေ့ဖျားဥရောပတိုက်ကြီးတွင် တည်ရှိနေပြီး မြစ်ကြောင်းတစ်လျောက် မြို့ကြီးများ နှင့် လှပသောရှု့ခင်းများလည်း များစွာတည်ရှိပါသည်။ ရောမအင်ပါယာ ခေတ်မှသည် ယနေ့အချိန်အထိ ခေတ်အဆက်ဆက် အကျိုးပြုနေသော မြစ်ကြီးတစ်စင်း ဖြစ်သလို ရေနေသတ္တ၀ါများစွာ တည်ရှိနေသော မြစ်ကြီးတစ်စင်း ဖြစ်ပါသည်။
နောက်ထပ် ကမ္ဘာ့အလှဆုံး မြစ်ကြီးတစ်စင်းကတော့ စပိန် နှင့် ပေါ်တူဂီနိုင်ငံ တို့ကို ဖြတ်သန်းစီးဆင်း သွားသည့် Douro မြစ်ကြီး ဖြစ်ပါသည်။ ၅၅၇ မိုင် (897 km) ရှည်ပါသည်။ လှပ ခေတ်မှီသော နိုင်ငံ နှစ်နိုင်ငံကို ဖြတ်သန်းစီးဆင်းသွားသည်နှင့် အညီ လှပသော ရှု့ခင်းများ နှင့် တိုးတတ်ခေတ်မှီသော မြို့ကြီးများ မြစ်ကြောင်းတစ်လျောက် တည်ရှိနေပါသည်။
တရုတ်နိုင်ငံတွင် မြစ်ဖျားခံပြီး မြန်မာ ၊ လာအို ၊ ထိုင်း ၊ ကမ္ဘောဒီးယား နှင့် ဗီယက်နမ်နိုင်ငံတို့ကို ဖြတ်သန်းစီးဆင်းသွားသည့် မဲခေါင်မြစ်ကြီးသည်လည်း ကမ္ဘာ့အလှဆုံး မြစ်ကြီးများတွင် ပါဝင်နေပါသည်။ နိုင်ငံ ၆ နိုင်ငံနှင့် သတ်ဆိုင်နေသည့် မဲခေါင်မြစ်ကြီးသည် အချို့နေရာများ၌ နှစ်နိုင်ငံ နယ်ခြားမြစ်အဖြစ်လည်း သတ်မှတ်ကြပါသည်။ အရှည်အားဖြင့် ၂၇၀၃ မိုင် (4,350 km) အထိရှည်လျားပြီး ကမ္ဘာ့အရှည်ဆုံး မြစ်ကြီးများစာရင်းတွင် နံပါတ် (၁၂) ဖြစ်ပါသည်။ အာရှတွင် နံပါတ်(၇) မြောက် အရှည်ဆုံး မြစ်ကြီး ဖြစ်ပါသည်။ တရုတ်နိုင်ငံ အနောက်ပိုင်း နှင့် အရှေ့တောင်အာရှကို ဆက်သွယ်ပေးထားသည့် မြစ်ကြောင်းရှည်ကြီးဖြစ်ကာ သာယာလှပသော သဘာဝရှုခင်းများလည်း များစွာရှိပါသည်။ ရေနေသတ္တ၀ါ မျိုးစုံနေထိုင်ကျက်စားကြပြီး သယ်ယူပို့ဆောင်ရေး နှင့် ကူးသန်းရောင်းဝယ်ရေးအတွက်လည်း များစွာအသုံးဝင်ပါသည်။ ယခုအခါ မဲခေါင်မြစ်ဝှမ်းဒေသ ၆ နိုင်ငံပူးပေါင်းပြီး ဒေသတိုးတတ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများလည်း တိုးမြှင့်လျက် ရှိပါသည်။
Bosnia and Herzegovina နှင့် Croatia နိုင်ငံတို့ရှိ Neretva မြစ်ကြီးသည်လည်း လှပသော မြစ်ကြီးတစ်စင်း ဖြစ်ပါသည်။ မြစ်ကြောင်းအရှည်အားဖြင့် ၁၄၀ မိုင် (230 km) သာရှိသော်လည်း လှပသော ရှု့ခင်းများနှင့်အတူ ကြည်လင်သော ရေအရောင်ကြောင့်လည်း ကျော်ကြားပါသည်။ ထိုမြစ်ပေါ်တွင် ဆည်ကြီးများ နှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများလည်း တည်ရှိနေပါသည်။
မိုင် ၂၅၀ (400 km) အရှည်ရှိသော Spree မြစ်ကြီးသည် ဂျာမနီနိုင်ငံ နှင့် ချက်နိုင်ငံတို့ကို ဖြတ်သန်းစီးဆင်း နေပါသည်။ ဂျာမနီနိုင်ငံတွင် လှပသော မြစ်ပြင်ရှုခင်းများကြောင့် ကမ္ဘာကျော် လှပသော မြစ်ကြီးတစ်စင်းအဖြစ် ကျော်ကြားနေပါသည်။
(၁၀) Kenai River
အမေရိကန်နိုင်ငံ ၊ အလက်စကာပြည်နယ်ရှိ Kenai မြစ်ကြီးသည်လည်း လှပသော ရှု့ခင်းများကြောင့် ကမ္ဘာကျော်နေပါသည်။ မြစ်ကြောင်းအရှည် ၈၂ မိုင် (132 km) ရှိပြီး လှပသော Kenai ကန်ကြီးမှ မြစ်ဖျားခံကာ Cook ရေလက်ကြားသို့ စီးဝင်သွားပါသည်။
အာရှတိုက်၏ အရေးပါသော မြစ်ကြီးတစ်စင်း ဖြစ်ပြီး အန္ဒိယ ၊ တရုတ် ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့အကြား နယ်နိမိတ်မြစ် အဖြစ်လည်း သတ်မှတ်ကြပါသည်။ ၂၃၉၁ မိုင် (3848 km) အထိ ရှည်လျားပြီး ကမ္ဘာ့အရှည်ဆုံး မြစ်ကြီးများစာရင်းတွင် နံပါတ် (၁၅) ခုမြောက် မြစ်တစ်စင်း ဖြစ်ပါသည်။ ရှည်လျားသော မြစ်ကြီးတစ်စင်း ဖြစ်သည်နှင့်အညီ လှပသော ရှု့ခင်းများနှင့် ရေနေသတ္တ၀ါများ ပေါကြွယ်ဝရာ မြစ်ကြီး ဖြစ်ပါသည်။
အာဖရိကတိုက်မှ မြစ်ကြောင်းရှည်ကြီး ဖြစ်ပြီး Angola ၊ Namibia ၊ Zambia နှင့် Botswana နိုင်ငံတို့နှင့် ထိစပ်ဖြတ်သန်းစီးဆင်းနေပါသည်။ သဘာဝအတိုင်း တည်ရှိနေသေးသော ရှုခင်းများနှင့် အာဖရိကတိုက်၏ ရေအရင်းအမြစ်အားထားရာ မြစ်ကြီးတစ်စင်း ဖြစ်ပါသည်။
အမေဇုံမြစ်ကြီးသည် ကမ္ဘာ့ ဒုတိယ အရှည်ဆုံးမြစ်ကြီးတစ်စင်းဖြစ်ပြီး တောင်အမေရိကတိုက်တွင်တော့ အရှည်ဆုံးမြစ်ကြီး ဖြစ်ပါသည်။ ဘရာဇီး ၊ ကိုလံဘီယာ နှင့် ပီရူးနိုင်ငံ တို့ကို ဖြတ်သန်းစီးဆင်းသွားပြီး တောင်အမေရိကတိုက်ရှိ အခြားမြစ်ကြီးများသည် အမေဇုန်မြစ်အတွင်းသို့ မြစ်လက်တက်များအဖြစ် ပေါင်းစုံစီးဝင်ကြပါသည်။ ၃၉၇၇ မိုင် (6400 km) အထိ ရှည်လျားပြီး အမေဇုန်မြစ်ဝှမ်းသည် တောင်အမေရိကပါမက ကမ္ဘာ့တစ်ခုလုံးကို အကျိုးပြုနေသော မြစ်ဝှမ်းဒေသ ဖြစ်ပါသည်။ အမြဲစိမ်းစိုနေသော အမေဇုန်မြစ်ကြောင်းတစ်လျောက် ရေနေသယံဇာတများနှင့် သဘာဝအလှများကြောင့်လည်း ကမ္ဘာလှည့်ခရီးသည်များ သွားရောက်လည်ပတ်ရာ နေရာကြီး ဖြစ်နေပါသည်။
လူအိုမြစ်ကြီးဟု အမည်ပြောင်ရှိသော Mississippi မြစ်ကြီးသည် အမေရိကန်နိုင်ငံ၏ အဓိက မြစ်ကြီးတစ်စင်း ဖြစ်သလို ပြည်နယ် ၁၀ ခုကို ဖြတ်သန်းစီးဆင်းနေပါသည်။ ကမ္ဘာ့အရှည်ဆုံး မြစ်ကြီးများ စာရင်းဝင် ဖြစ်သလို ၂၃၂၀ မိုင် (3,730 km) အထိရှည်လျားပါသည်။ မြစ်ကြောင်းတစ်လျောက် အမေရိကန်နိုင်ငံ၏ မြို့ကြီးများနှင့် သာယာလှပသော ရှု့ခင်းများလည်း ရှိပါသည်။
ပြင်သစ်နိုင်ငံမှ နာမည်ကျော် စိန့်မြစ်ကြီးသည်လည်း ကမ္ဘာ့အလှဆုံး မြစ်များ စာရင်းတွင် ပါဝင်နေပါသည်။ ၄၈၃ မိုင် (777 km) ရှည်လျားပြီး မြစ်ကြောင်းပေါ်ရှိ လှပသော မြို့ကြီးများကြောင့် ကမ္ဘာကျော်ရပါသည်။ ပဲရဏ်မြို့တော် နှင့် အီဖယ်မျှော်စင်ကို မြစ်ပြင်ပေါ်မှ ကြည့်ရှု့နိုင်သလို မြစ်ကြောင်းတစ်လျောက် လှပသော တံတားကြီးများလည်း အများအပြား တည်ရှိနေပါသည်။ ပြင်သစ်နိုင်ငံ၏ အဓိကမြစ်ကြီးတစ်စင်းပင် ဖြစ်ပါသည်။
ရုရှနိုင်ငံ၏ အမျိုးသားအထိမ်းအမှတ် မြစ်ကြီးအဖြစ် သတ်မှတ်ထားသည့် Volga မြစ်ကြီးသည် ရုရှနိုင်ငံ အလယ်ပိုင်းကို ဖြတ်သန်းစီးဆင်းသွားပြီး ကက်စပီယံပင်လယ်ထဲသို့ စီးဝင်သွားပါသည်။ မြစ်ကြီးသည် ၂၂၉၄ မိုင် (3692 km) အထိရှည်လျားပါသည်။ ရုရှနိုင်ငံတွင် တည်ရှိသော အဓိကမြို့ကြီးပေါင်း ၂၀ မှ မြို့ကြီး ၁၁ မြို့သည် Volga မြစ်ကြောင်းတစ်လျောက် မြစ်ဝှမ်းလွင်ပြင်တွင် တည်ရှိနေပါသည်။ ထိုအထဲတွင် ရုရှနိုင်ငံ၏ မြို့တော် မော်စက်ုမြို့ပင် ပါဝင်နေပါသည်။ ထို့ကြောင့် Volga မြစ်ကြီးသည် ရုရှနိုင်ငံ၏ သွင်ပြင်လက္ခဏာနှင့် အလှအပများကို ကိုယ်စားပြုရာ အဓိက မြစ်ကြီး တစ်စင်း ဖြစ်သလို ခေတ်အဆက်ဆက် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများအတွက် အကျိုးပြုနေသော မြစ်ကြီးတစ်စင်း ဖြစ်ပါသည်။ ကမ္ဘာ့အရှည်ဆုံး မြစ်ကြီးများစာရင်းတွင် နံပါတ် (၁၈) ဖြစ်ပါသည်။
အာရှတိုက်တွင် အရှည်ဆုံး မြစ်ကြီးဖြစ်သော တရုတ်နိုင်ငံမှ Yangtze မြစ်ကြီးသည် ကမ္ဘာပေါ်တွင် တတိယမြောက် အရှည်ဆုံး မြစ်ကြီး ဖြစ်ပါသည်။ သို့သော် နိုင်ငံတစ်နိုင်ငံတည်းတွင် မြစ်ဖျားခံပြီး အဆုံးသတ်သွားသော မြစ်ကြီးများတွင် Yangtze မြစ်ကြီးသည် ကမ္ဘာ့အရှည်ဆုံးအဖြစ် မှတ်တမ်းဝင်ထားပါသည်။ ၃၉၅၀ မိုင် (6357 km)အထိ ရှည်ပါသည်။ Yangtze မြစ်ကြီးသည် တရုတ်နိုင်ငံအတွင်း ရှည်လျားရစ်ပတ်စီးဆင်းနေပြီး လှပသော ရှု့ခင်းများ ပေါကြွယ်ဝရာ မြစ်ကြီး ဖြစ်ပါသည်။ ရေနေသတ္တ၀ါ မျိုးစုံ တည်ရှိနေပြီး ရှားပါးရေနေသတ္တ၀ါများကို တွေ့ရှိနိုင်ပါသည်။ ထိုမြစ်ကြီး၏ မြစ်ဝှမ်းဒေသတွင် ကုန်စည်ထုတ်လုပ်မှုကြောင့် နိုင်ငံ GDP ၏ ၂၀ ရာခိုင်နှုန်းအထိ ၀င်ငွေရရှိစေပါသည်။ ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်ထုတ်လုပ်ရာ စက်ရုံကြီးလည်း ထိုမြစ်ကြောင်းပေါ်တွင် တည်ရှိနေပါသည်။ Yangtze မြစ်ကြီးသည် တရုတ်နိုင်ငံ၏ သမိုင်းတစ်လျောက် ခေတ်အဆက်ဆက် ယဉ်ကျေးမှုထွန်းကားပြန့်ပွားရာ နှင့် ကူးသန်းရောင်းဝယ်ရေးအတွက် အရေးပါနေပါသည်။ လှပသော သဘာဝအလှများ တည်ရှိနေသောကြောင့် Yangtze မြစ်ကြီး၏ တစ်ချို့သော အပိုင်းများကို ယူနက်စကို၏ ကမ္ဘာ့ သဘာဝအမွေအနှစ်ဒေသ အဖြစ် သတ်မှတ်ထားပြီး ထိမ်းသိမ်းမှုများလည်း ပြုလုပ်ထားပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။