Monday, December 18, 2017

နှစ် ၄၀ ကြာ သစ်တောတစ်ခု ပြန်လည်ဖန်တီးပေးခဲ့သူ

ယခုအခါ အသက် ၈၀ ကျော်နေပြီဖြစ်သော ဘရာဇီးနိုင်ငံမှ Antonio Vicente သည် နှစ်ပေါင်း ၄၀ ကျော်ကြာအောင် သစ်တောတစ်ခုပြန်လည်ဖြစ်ပေါ် လာစေရန် ပြုလုပ်ပြခဲ့ပါသည်။ ထိုကဲ့သို့ ပြုလုပ်ခဲ့ရသည့် ထိုအဘိုးအို၏ ရည်ရွယ်ချက် နှင့် ဇွဲသတ္တိမှာလည်း လေးစားအတုယူစရာ ကောင်းလှပါသည်။

ဘရာဇီးနိုင်ငံတွင် သစ်တောမြေများကို ခုတ်ထွင်ရှင်းလင်းကာ မြေယာများ အများအပြား ဖော်ထုတ်ခဲ့ကြပါသည်။ ထို့ကြောင့် စိမ်းလန်းစိုပြေလှသော မိုးရာသီသစ်တောများ ကွယ်ပျောက်ခဲ့ရကာ တောရိုင်းတိရိစ္ဆာန်များ နှင့် ရေအရင်းအမြစ်များလည်း ကွယ်ပျောက်ခဲ့ရပါသည်။ ထို့ကြောင့်ပင် ၁၉၇၃ခုနှစ်၌ အသက်၄၀အရွယ် ရောက်ပြီဖြစ်သော Antonio Vicente သည် သူပိုင်သည့် ငွေများဖြင့် ဆော်ပေါ်လိုမြို့အစွန်အဖျားက မြေ ၃၁ဟက်တာကို ၀ယ်ယူကာ သစ်ပင်တွေ စတင်စိုက်ပျိုးခဲ့ပါသည်။

တကယ်တော့ သူမြေတွေဝယ်ပြီး သစ်ပင်တွေစိုက်ပျိုးသည်မှာ သစ်ပင်တွေကို ပြန်လည်ရောင်းချရန်လည်း မဟုတ်ဘဲ စိမ်းလန်းစိုပြေသော သစ်တောတစ်ခု ဖြစ်ပေါ်လာစေရန်တာ ရည်ရွယ်ခဲ့ခြင်း ဖြစ်ပါသည်။ သူ၏ အပေါင်းအသင်းများက သူ့အား သီးပင်စားပင်များ စိုက်ပျိုါ်ရောင်းချရန် ၊ မွေးမြူရေးလုပ်ငန်းလုပ်ရန် ၀ိုင်းဝန်းတိုက်တွန်းကြပြီး သူ၏ယခုလုပ်ရပ်မှာ ရူးနှမ်းသော အလုပ်အဖြစ် ပြောဆိုကြပါသည်။


သူကတော့ ရှားပါးလာသော သစ်တောများ နှင့် ရေအရင်းအမြစ်များက ငွေကြေးထက် တန်ဖိုးကြီးကြောင်း ပြန်လည်ပြောဆိုကာ သူ၏အလုပ်ကိုတာ တစ်နေ့ပြီးတစ်နေ့ ဇောက်ချလုပ်ကိုင် လာခဲ့ပါသည်။ ထိုသို့ မြေတွေဝယ်ပြီး သစ်တောတစ်ခု ဖန်တီးခဲ့ပေမယ့် Vicente သည် ကြွယ်ဝချမ်းသာသူတစ်ယောက် မဟုတ်ခဲ့ပါ။ သူ့၏ မနက် နေ့လည် ည အစားအစာတွေဟာ ငှက်ပျောသီး နဲ့ ဆင်းဒ်ဝစ်အချို့သာဖြစ်ပြီး ချို့တဲ့စွာ နှစ်ပေါင်း ၄၀ လုံးလုံး နေထိုင်လုပ်ကိုင်ခဲ့ခြင်း ဖြစ်ပါသည်။

တစ်နှစ်ပြီးတစ်နှစ် နှစ်တွေကြာခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော်ကြာလာသည့်အခါ သူ၏ မြေကွက် ၇၇ ဧက ပေါ်တွင် သစ်ပင်ပေါင်း ၅၀၀၀၀ ကျော် စိုက်ပျိုးဖြစ်ထွန်းသည့် သစ်တောတစ်ခု ဖြစ်ပေါ်လာပါပြီ။ ထို့ပြင် ရေအရင်းအမြစ်နေရာပေါင်း ၂၀ လည်း ပေါ်ထွန်းလာသည့် စိမ်းလန်းစိုပြေသည့် သစ်တောအုပ် တစ်ခုဖြစ်လာပါသည်။ သူမျှော်လင့်သလို တောတိရစ္ဆာန်များ နေထိုင်ကျက်စားရာ နေရာလည်း ပြန်လည် ဖြစ်ပေါ်လာခဲ့သလို သူ့ကိုတားမြစ်ခဲ့သူ ပတ်ဝန်းကျင်များကိုလည်း အကျိုးပြု သက်ရောက်စေခဲ့ပါသည်။

ယနေ့အချိန်တွင် သူပြောသည့် စကားမှာ “ကျွန်ုပ် ငွေကြေးအတွက် သစ်တောတစ်ခုကို လုပ်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်ုပ်လုပ်ခဲ့ရတာက ကျွန်ုပ် သေသွားရင် ဒီသစ်တောကြီးဟာ အားလုံးအတွက် ကျန်ရှိနေမှာပါ။ အဲအချိန်ကြရင် ဘယ်သူမှ ကျွန်ုပ်ကို ရူးနှမ်းနေတယ်လို့ ထင်ကြမှာ မဟုတ်ပါဘူး”
အသက် ၈၀ ကျော် အဘိုးအိုတစ်ယောက်၏ စိတ်ထားနှင့် ခံယူချက်မှာ ချီးကျူးဖွယ် ကောင်းလှပါသည်။

ကျွန်တော်တို့ ကမ္ဘာကြီးမှာ နေ့စဉ်နဲ့ အမျှ သစ်တောများ ဧကများစွာ ပျက်စီးဆုံးရှုံး နေရပါသည်။ ပျက်စီးနေရသည်ကို အပြစ်တင်လည်း မထူးတော့ပါ။ ကမ္ဘာသူ ကမ္ဘာသားတိုင်းသည် ဘရာဇီးနိုင်ငံမှ အဘိုးအိုကဲ့သို့ မလုပ်ပြနိုင်ရင်တောင် ကိုယ့်အိမ်ခြံစည်ရိုးတွင် သစ်ပင်များ တတ်နိုင်သလောက် စိုက်ပျိုးနိုင်ခဲ့ပါလျှင် ကျွန်တော်တို့ ကမ္ဘာကြီး စိမ်းလန်းသာယာလာမည် ဖြစ်ပါသည်။ ထိုအကျိုးကျေးဇူးကိုလည်း မိမိကိုယ်တိုင် နှင့် သားစဉ်မြေးဆက် ခံစားရမည် ဖြစ်ပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...