ကမ္ဘာသမိုင်းတွင် စစ်ရေး ၊ စီးပွားရေးနှင့် နိုင်ငံရေးတို့တွင်ပါ အရေးပါလှသည့် တူးမြောင်းကြီးတစ်ခုမှာ စူးအက်တူးမြောင်းကြီး (Suez Canal) ဖြစ်ပါသည်။ စူးအက်တူးမြောင်းကြီးသည် အီဂျစ်နိုင်ငံ အရှေ့မြောက်ဘက်တွင် တည်ရှိနေပြီး လူသားတို့တူးဖော်ထားသည့် ကမ္ဘာကျော် ရှေးဟောင်းတူးမြောင်းကြီးတစ်စင်း ဖြစ်ပါသည်။ ယခင်က ဥရောပတိုက် နှင့် အာရှတိုက်ကို ရေလမ်းခရီးဖြင့် သွားလာလိုပါက အာဖရိကတိုက် တစ်တိုက်လုံးကို ကွေ့ပတ်ကာ တောင်အတ္တလန်တိတ် သမုဒ္ဒရာ နှင့် တောင်ဘက်စွန်း အိန္ဒိယသမုဒ္ဒရာတို့ကို ဖြတ်သန်းသွားရပါသည်။ တူးမြောင်းကြီး ဖောက်လုပ်ပြီးစီးသဖြင့် ထိုနေရာများကို ဖြတ်သန်းစရာမလိုအပ်တော့ဘဲ မြောက်အတ္တလန်တိတ်သမုဒ္ဒရာမှ မြောက်ဘက်စွန်းအိန္ဒိယသမုဒ္ဒရာတို့ကို တိုက်ရိုက်လမ်းပေါက်ခဲ့ပါသည်။

စူးအက်တူးမြောင်းကြောင့် ယခင်ရေလမ်းခရီးမှ မိုင်ပေါင်း ၄၃၀၀ ခန့် (၇၀၀၀ ကီလိုမီတာခန့်) အထိ လျော့ချနိုင်ကာ ခရီးတိုခဲ့ပါသည်။ စူးအက်တူးမြောင်းကြီး၏ အရှည်သည် မိုင် ၁၂၀.၁၁ မိုင် (193.30 km) ရှိပါသည်။ တူးမြောင်းကြီးသည် မြေထဲပင်လယ် နှင့် ပင်လယ်နီကို ဆက်သွယ်ဖောက်လုပ်ထားပြီး ထိုပင်လယ်နှစ်ခု၏ ပင်လယ်ရေမျက်နှာပြင်အမြင့် တူညီမှုရှိသောကြောင့် သီးခြားရေတံခါးထားရခြင်း မရှိပါ။

စူးအက်တူးမြောင်းသည် အကျယ် ၁၉၇ ပေရှိကာ ရေစူး ၁၆ မီတာ ရှိ သင်္ဘောများ ၊ တန်ချိန် ၁ သိန်း ခွဲရှိ သင်္ဘောများဖြတ်သန်းနိုင်ပါသည်။ တူးမြောင်းကြီးစတင်ဖောက်လုပ်ချိန်က ရေလမ်းကြောင်းတစ်လမ်းသာ ရှိသော်လည်း ယခုအခါ နှစ်လမ်းသွားရေလမ်းများနှင့် ရေကန်ကြီးများကြားတွင် လမ်းခွဲများလည်း ရှိပါသည်။ တူးမြောင်းကြီးသည် သဲကန္တာရကို ဖြတ်သန်းသွားရသလို Manzilah ၊ Timsāh နှင့် Bitter အမည်ရှိ ရေကန် ၃ ကန်ကိုလည်း ဖြတ်သန်းသွားရပါသည်။

စူးအက်တူးမြောင်းကို ၁၈၅၉ ခု စက်တင်ဘာ ၂၅ ရက်နေ့တွင် စတင်ဖောက်လုပ်ခဲ့ပြီး ၁၈၆၉ ခု နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ပြီးစီးခဲ့ပါသည်။ တူးမြောင်းကြီးကို Suez Canal Company မှ ဖောက်လုပ်ပိုင်ဆိုင်ခဲ့ပြီး သဲ စတုရန်းမီတာ ၇၅ သန်းကျော် တူးဖော်ဖယ်ရှားခဲ့ရပါသည်။ Ferdinand de Lesseps မှဦးစီးကာ ပြင်သစ်အင်ဂျင်နီယာများမှ ဖော်လုပ်ခဲ့ခြင်း ဖြစ်ပါသည်။

စူးအက်တူးမြောင်းကြီး ပြီးစီးသွားချိန်တွင် ကမ္ဘာ့ကုန်သွယ်ရေကြောင်း နှင့် စီးပွားရေးမှာ ပြောင်းလဲသွားခဲ့သလို အလွန်အကျိုးကျေးဇူး ရရှိခဲ့စေပါသည်။ သို့သော် ထိုတူးမြောင်းကြီးနှင့် ပတ်သတ်ပြီး ပိုင်ဆိုင်မှုအငြင်းပွားမှုများ ၊ စစ်ပွဲများလည်း ဖြစ်ပေါ်စေခဲ့ပါသည်။ ထိုတူမြောင်းကြီးကို ခေတ်အဆက်ဆက် ပိုင်ဆိုင်မှုလွှဲပြောင်းမှုများ လုပ်ခဲ့ရသလို နိုင်ငံစုံငြိမ်ချမ်းရေးတပ်များလည်း လာရောက် အခြေချခဲ့ရမှုများလည်း ရှိခဲ့ပါသည်။ ထို့ပြင် တူးမြောင်းကြီးကို အီဂျစ်မှ ပိတ်ပင်လိုက်မှုကြောင်း အင်္ဂလိပ် ၊ ပြင်သစ် ၊ အစ္စရေးတို့နှင့် အီဂျစ်နိုင်ငံတို့ စစ်ဖြစ်ခဲ့ရဖူးပါသည်။ အထူးသဖြင့် တူးမြောင်းကြီးရေလမ်းခရီးပိတ်ပင်မှုကြောင့် အီဂျစ်နှင့် အစ္စရေးနိုင်ငံတို့ တိုက်ပွဲအကြိမ်ကြိမ် ဖြစ်ပေါ်စေခဲ့ပါသည်။ နောက်ပိုင်း ကုလသမ္မဂမှကြီးမှုးကာ ငြိမ်ချမ်းရေးထိန်းသိမ်းမှုပြုလုပ်၍ စစ်နှင့်မသက်ဆိုင်သော သဘောင်္များ ဖြတ်သန်းသွားလာခွင့်ကို သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါသည်။

ယခုအခါ စူးအက်တူးမြောင်းကြီးကို အီဂျစ်အစိုးရမှ ပိုင်ဆိုင်ကာ Suez Canal Authority[4] (SCA) အမည်ပေးကာ ပြုပြင်မှုများလည်း လုပ်ဆောင်ခဲ့ပါသည်။ ၂၀၁၄ ခု ကစပြီး ၂၂ မိုင်ကျော်လမ်းလွဲတွေ
ကို 8.5 billion အကုန်ကျခံပြီးထပ်တိုးချဲ့လိုက်ပါသည်။ ၂၀၁၆ နှစ်လယ်ပိုင်းတွင် စတင်မောင်းနှင် နိုင်ပါပြီ။ တစ်နေ့ လျှင် အများဆုံး သင်္ဘော ၉၇ စီးအထိဖြတ်ကျော်နိင်သည့် ကမ္ဘာ့အဓိက ရေလမ်းကြောင်း တစ်ခုပင် ဖြစ်ပါသည်။


No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။