Thursday, November 28, 2013

ဗုဒ္ဓ၏ သမိုင်းကြောင်းနှင့် စပ်လျဉ်းသည့် အစောဆုံး အထောက်အထား တွေ့ရှိ

ဗုဒ္ဓ၏ သမိုင်းကြောင်းနှင့် စပ်လျဉ်းသည့် အစောဆုံး အထောက်အထား တွေ့ရှိ
ဗုဒ္ဓမြတ်စွာဘုရား၏ သမိုင်းကြောင်းကို ယခုထက် ပိုမို၍ ထဲထဲဝင်ဝင် အထောက်အထား ရှာဖွေနိုင်မည့် သာသနိက အထိမ်းအမှတ် အဆောက်အအုံ တစ်ခုကို သုတေသီများက တူးဖော် တွေ့ရှိခဲ့ကြောင်း သိရှိရသည်။ နီပေါနိုင်ငံ၊ လုမ္ဗဏီ ဥယျာဉ်အတွင်း၌ သစ်သားဖြင့် ဆောက်လုပ်ထားသည့် ဗိမာန်နေရာဟောင်း တစ်ခုကို ရှေးဟောင်းသုတေသန ပညာရှင်များက တူးဖော်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အဆောက်အအုံသည် သစ်ပင်တစ်ပင်ကို ကာကွယ်ဆောက်လုပ်ထားသည့် အခြေအနေဟု ယူဆရသည်။ ဗုဒ္ဓဝင် မှတ်တမ်းများအရ ဗုဒ္ဓ၏ မယ်တော်ဖြစ်သော မာယာဒေဝီသည် သစ်ကိုင်းတစ်ခက်ကို လက်ဖြင့်ဆွဲလျှက် ဗုဒ္ဓအလောင်းအလျာ မင်းသားကို ဖွားမြင်ခဲ့ကြောင်း သိရှိရသည်။ လုမ္ဗဏီရှိ မာယာဒေဝီ ဘုရားကျောင်း နေရာတွင် တူးဖော်တွေ့ရှိသည့် ယခုဗိမာန်ဟောင်းသည် အဆိုပါ ဖြစ်စဉ်နှင့် ဆက်စပ်နေဖွယ် ရှိကြောင်း ပညာရှင်များက ယုံကြည်နေသည်။
 

ဘီစီ(၆)ရာစုလက်ရာဟု ယူဆရသည့် အဆိုပါ သစ်သားကိုယ်ထည် အဆောက်အအုံသည် ဗုဒ္ဓနှင့် စပ်လျဉ်းသမျှ အစောဆုံး၊ သက်တမ်းအရင့်ဆုံးအဖြစ် မှတ်တမ်းတင်ရမည့် တူးဖော်တွေ့ရှိမှု ဖြစ်လာမည်ဟုလည်း သုတေသီများက ယူဆထားသည်။ ၎င်းကို လေ့လာခြင်းဖြင့် ဗုဒ္ဓဖွားမြင်သည့် ခုနှစ်ကို ပိုမိုတိကျစွာ တွက်ချက်အဖြေထုတ်နိုင်ရန်လည်း ၎င်းတို့က မျှော်လင့်ထားသည်။ ဂေါတမဗုဒ္ဓအဖြစ် ပွင့်ထွန်းလာမည့် သိဒ္ဓတ္ထ အလောင်းအလျာ မင်းသားကို ဘီစီ(၆၂၃)ခုနှစ်က ဖွားမြင်သည်ဟု အများစုက ယူဆထားသည်။ သို့သော်လည်း သုတေသီ အချို့က ယင်းထက်နောက်ကျပြီး ဘီစီ(၃၉၀)မှ (၃၄၀)ကြားတွင် မွေးဖွားခဲ့ခြင်းက ဖြစ်နိုင်ခြေ ပိုများကြောင်းလည်း ပြောဆိုထားကြသည်။
 

ဗုဒ္ဓနှင့် ပတ်သက်၍ သမိုင်းဝင် အချက်အလက် အထောက်အထားများကို တူးဖော်တွေ့ရှိထားသမျှသည် လက်ရှိအချိန်တွင် ဘီစီ(၃)ရာစုထက် ပိုစောသော မှတ်တမ်းမျိုး မရှိချေ။ ထိုကာလသည် အသောကမင်းကြီး စိုးစံနေသည့် ခေတ်အပိုင်းအခြားလည်း ဖြစ်သည်။ သုတေသီများက မာယာဒေဝီ ဘုရားကျောင်း ဗဟိုချက် နေရာတွင် တူးဖော်မှုများ ပြုလုပ်နေစဉ် ဘုန်းတော်ကြီးများ၊ သီလရှင်များနှင့် ဘုရားဖူးများက ဝန်းရံကာ ဝတ်ပြုရှိခိုးခဲ့ကြသည်။ ပညာရှင်များ တွေ့ရှိသည့် အရာသည် သစ်သားကိုယ်ထည် တစ်ခုဖြစ်ပြီး အလယ်ဗဟိုတွင် ဟောင်းလောင်းဖြစ်နေသည်။ အမိုးအကာလည်း မပါချေ။ ထို့နောက်ပိုင်းတွင် အုတ်သားဖြင့် အပေါ်မှ အုပ်မိုးကာ ဘုရားကျောင်းများ တည်ထားခဲ့သည်ဟု ယူဆရသည်။

 
 ယခုတွေ့ရှိသည့် ပစ္စည်းကို ရေဒီယိုကာဘွန် ထောက်လှမ်းမှုကဲ့သို့ ခေတ်မီနည်းပညာများဖြင့် သက်တမ်း တွက်ချက်သွားရန် ပညာရှင်များက ရည်ရွယ်ထားသည်။ "လုမ္ဗဏီမှာ (၆)ရာစုဘီစီထက် ပိုစောတဲ့ ဗုဒ္ဓဝင် အထိမ်းအမှတ် ပစ္စည်းတစ်ခု တူးဖော် တွေ့ရှိတာဟာ ဒါပထမဆုံး ဖြစ်ပါလိမ့်မယ်"ဟု ဒါဟမ် တက္ကသိုလ်မှ ရှေးဟောင်း သုတေသန ပညာရှင် ပရော်ဖက်ဆာ ရော်ဘင်ကိုနင်ဂမ်က ပြောကြားခဲ့သည်။ ၎င်းဦးဆောင်သော နိုင်ငံတကာ ပညာရှင် အဖွဲ့ကို National Geographicက ထောက်ပံ့ကူညီခဲ့သည်။ ၎င်းက "ဒီတွေ့ရှိမှုဟာ ဗုဒ္ဓနဲ့ ဆက်နွယ်သမျှ တစ်ကမ္ဘာလုံးမှာ အစောဆုံး အထောက်အထားလို့လည်း ကျွန်တော် ယုံကြည်ပါတယ်။ ဗုဒ္ဓဝင်နဲ့ ပတ်သက်ပြီး သင်ကြားမှုတွေ၊ ယုံကြည်မှုတွေအရ သမိုင်းကြောင်း ကွဲပြားမှုတွေ အများကြီး ရှိခဲ့တယ်။ ဒီတွေ့ရှိမှုဟာ နှစ်ပေါင်းများစွာ ကြာမြင့်နေတဲ့ စကားရည်လုပွဲတွေကို ဖယ်ရှားပေးနိုင်မယ့် မီးရှူးတန်ဆောင်လည်း ဖြစ်နိုင်ပါတယ်"ဟုလည်း ဆိုသည်။
 
 ကိုနင်ဂမ်က မိမိတို့၏ ရှာဖွေတွေ့ရှိမှုသည် လုမ္ဗဏီ တည်တံ့ရေး ဆက်လက်ထိန်းသိမ်းနိုင်ရန် အထောက်အပံ့ ဖြစ်လာစေမည်ဟု မျှော်လင့်ကြောင်းလည်း ဆိုသည်။ ဗုဒ္ဓဖွားမြင်ရာ အရပ်သည် ကမ္ဘာ့အမွေအနှစ် နေရာတစ်ခုအဖြစ် UNESCOက သတ်မှတ်ထားသည့်တိုင် လက်တွေ့တွင် ယိုယွင်းမှုများစွာဖြင့် စောင့်ရှောက်ထိန်းသိမ်းနိုင်မှု အားနည်းလျှက်ရှိသည်။ "ဒီတွေ့ရှိမှုကနေ ဗုဒ္ဓဘယ်လိုဖွားမြင်တယ် ဆိုတာကို ပိုပြီး နားလည် အဖြေရှာနိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်"ဟု နီပေါနိုင်ငံ ယဉ်ကျေးမှု၊ ခရီးသွားနှင့် ပြည်တွင်းလေကြောင်းဌာန ဝန်ကြီး ကူမာ ရှရက်စ်သာကလည်း ပြောကြားခဲ့သည်။ ၎င်းက "နီပေါ အစိုးရ အနေနဲ့ ဒီလို ထင်ရှားထူးခြားတဲ့ နေရာတစ်ခုကို ထိန်းသိမ်းဖို့အတွက် အပိုဆောင်း အားထုတ်မှုမျိုး လုပ်ဆောင်ဖို့ အခက်အခဲတွေ ရှိပါတယ်"ဟုလည်း ၎င်းက ဝန်ခံသွားသည်။
ref:planet.com.mm
 

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...