
ကလေးငယ်တစ်ယောက် အတတ်မြန်၊ အသိမြန်သည့်အခါ "လူဖြစ်မြန်လိုက်တာ"ဟု အများက ချီးကျူးကြသည်။
ဂျိုနသန်သော့ပ်ကမူ လူဖြစ်အမြန်တကာ့ အမြန်ဆုံး ကလေးငယ် တစ်ဦးအဖြစ် တင်စားနိုင်မည် ဖြစ်သည်။
ဂျိုနသန်သည် လူ့လောကထဲ ရောက်ချိန်ကိုပင် ခပ်မြန်မြန် အစပြုခဲ့သူ ဖြစ်သည်။ ဂျိုနသန်ကို
မွေးဖွားရာတွင် ချောမောလွယ်ကူလွန်းပြီး မွေးဖွားချိန် (၅)မိနစ်သာ ကြာခဲ့ကြောင်း ၎င်း၏မိခင်
ဟီသာသော့ပ်က ဆိုသည်။ ထို့နောက်တွင်လည်း ဂျိုနသန် အနေဖြင့် အရာရာ အတတ်မြန်၊ အသိမြန်စွာ
ကြီးပြင်းလာခဲ့သည်။ ဂျိုနသန်၏ ဉာဏ်ရည် ဖွံ့ဖြိုးမှုသည် အခြားရွယ်တူ ကလေးငယ်များထက် သိသိသာသာရှေ့ပြေးနေကြောင်းလည်း သိရသည်။
မိသားစုနှင့် အပေါင်းအသင်းများက ဂျိုနသန်ကို ဆတ်ဆတ်ကြဲကလေးဟု နာမည်ပေးထားသည်။ ဂျိုနသန်သည်မွေးဖွားချိန် (၅)မိနစ်ဖြင့် ဘဝကို အစပြုခဲ့သည့်နောက် အသက်(၇)လသား အရွယ်တွင် လမ်းစလျှောက်သည်။
စကားလည်း စပြောလာသည်။ အသက်(၁)နှစ်သား အရွယ်တွင် Laptopကွန်ပျူတာ၏ အခြေခံ
အသုံးပြုမှုများနှင့် အသားတကျ ရှိနေပြီ ဖြစ်သည်။ ၎င်းအသက် (၁)နှစ်ပြည့်သော မွေးနေ့တွင်
ဂျိုနသန်အတွက် စန္ဒရား အသေးစားလေး တစ်လုံးနှင့် ဒရမ်အသေးစားလေး တစ်ခုကို မိသားစုများက
လက်ဆောင်အဖြစ် ဝယ်ပေးခဲ့ကြသည်။ အခြား အသက်(၁)နှစ်သား ကလေးငယ် တစ်ဦးအတွက် အဆိုပါ
ပစ္စည်းများကို မည်သို့ကိုင်တွယ်ရမည်မှန်း မသိနိုင်သော်လည်း ဂျိုနသန်ကမူ အသားတကျ အသုံးပြုလျှက်ရှိသည်။ဗြိတိန်နိုင်ငံ၊ ဘာမင်ဂမ်မြို့ရှိ ချမ်စလီဝက်စ်တွင် နေထိုင်သည့် အသက်(၂၄)နှစ်အရွယ် ဟီသာက သူမသည် ဂျိုနသန်ကို
ပြီးခဲ့သည့်နှစ်၊ နိုဝင်ဘာလက မွေးဖွားခဲ့ပြီး ကလေးသည် မွေးဖွားချိန်တွင် အလေးချိန် (၅)ပေါင်
(၇)အောင်စရှိကြောင်း ဆိုသည်။ (၁၂)လ အကြာတွင် အလွန်အတတ်မြန်စွာ ကြီးပြင်းလာသည့် ဂျိုနသန်နှင့်ပတ်သက်ပြီး မိခင်ဖြစ်သူ ကိုယ်တိုင်က အံ့ဩလျှက်ရှိသည်။ ဂျိုနသန်သည် (၁)နှစ်သား အရွယ်တွင် TVအဝေးထိန်းခလုတ်ကို ကိုယ်တိုင်ကိုင်ကာ Channelများ ပြောင်းလဲကြည့်ရှုလေ့ ရှိသည်။ ၎င်းအကြိုက်ဆုံးမှာGangnam Style သီချင်းဖြစ်သည်။
၎င်းသည် မိခင်ဖြစ်သူ၏ Laptopကိုလည်း ကိုယ်တိုင်ဖွင့်ကာ အသေးစား ဂိမ်းလေးများကို ဆော့ကစားလေ့ ရှိသည်။
လူကြီးများနှင့် ကွဲပြားသော အချက်မှာ ဂျိုနသန်သည် Laptopသုံးနေစဉ်တွင် ပါးစပ်၌
ချိုလိမ်ကိုက်ထားလေ့ ရှိခြင်းသာဖြစ်သည်။ ဟီသာက "သားလေးက ဉာဏ်ကောင်းတယ်။ သန်မာတယ်။ တော်လည်း
သိပ်တော်တယ်။ သူအရမ်းမြန်မြန် ဖွံ့ဖြိုးလာနေတော့ ကျွန်မတို့ ယုံဖို့တောင် ခက်နေပါတယ်။ သူ့အသက်
(၇)လမှာ ကျွန်မကို မေမေလို့ စပြီးခေါ်တယ်။ ခုဆိုရင် အပြန်အလှန် ကောင်းကောင်း
စကားပြောတတ်နေပြီ"ဟု ရှင်းပြခဲ့သည်။
သူမက "ကျွန်မ သတိထားမိသလောက် ဂျိုနသန်ဟာ ဘယ်ကိစ္စကိုမဆို မြန်မြန်ဆန်ဆန်ကြီး သင်ယူနိုင်တယ်။ တကယ်တော့
သူက မွေးကတည်းက အကုန်လုံး မြန်မြန်ဆန်ဆန် ဖြစ်နေတာပါ။ သူ့ကိုမွေးတဲ့အချိန်က တကယ့်ကို ဘယ်လောက်မှ
မကြာလိုက်ဘူး။ ဂျိုနသန်ဟာ (၇)လသားလောက်မှာ (၂)နှစ်သား အရွယ် ကလေးတစ်ယောက်လောက် သိတတ်စပြုလာပြီ။ ထွားလည်း အရမ်းထွားတယ်။ သူ့အတွက် အဝတ်အစားက (၁)နှစ်၊ (၁)နှစ်ခွဲ
အရွယ်တွေအတွက် Sizeနဲ့ အဆင်မပြေဘူး။ ဒီထက်ကြီးတာ ဝယ်ရတယ်။ အစားအသောက်ကိုလည်း သူ့အကြိုက်ရွေးတတ်တယ်"ဟု ပြောကြားခဲ့သည်။ ဟီသာက "သားက ဂီတကိုလည်း ကြိုက်တယ်။ သူက One Directionကိုအသည်းစွဲပဲ။ ပီတာအင်ဒရီကိုလည်း ကြိုက်ပါတယ်။ ဒါပေမဲ့ သဘောအကျဆုံး သီချင်းကတော့ GangnamStyleပဲ"ဟုလည်း ဆိုသည်။ ဂျိုနသန်သည် TVအဝေးထိန်းခလုတ်ကို ရယူပြီးတိုင်း ဂျရမီကိုင်လီ၏ TV Show အစီအစဉ်ကို
ရှာဖွေလေ့ရှိကြောင်းလည်း သိရှိရသည်။
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။