Wednesday, February 20, 2019

ကမ္ဘာ့ အကျော်ကြားဆုံ နာရီစင်ကြီးများ

နိုင်ငံတိုင်းတွင် အထိမ်းအမှတ်သဘောအဖြစ် ထားကြသော နာရီစင်ကြီးများ ရှိကြပါသည်။ ထိုနာရီစင်ကြီးများသည် တစ်ချိန်က အချိန်ကြည့်ရန် တည်ဆောက်ထားကြပေမယ့် ယခုခေတ်တွင်မူ နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်ယူစရာ အထိမ်းအမှတ်တစ်ခုအဖြစ် ဆက်လက်တည်ရှိ ထိန်းသိမ်းထားကြပါသည်။ ယခုတင်ပြမှာကတော့ ကမ္ဘာပေါ်တွင် အကျော်ကြားဆုံးနှင့် လူသိအများဆုံး နာရီစင်ကြီးများအကြောင်း ဖြစ်ပါသည်။

1. Big Ben (Elizabeth Tower), London, England

နာရီစင်ဆိုသည်နှင့် အင်္ဂလန်၊ လန်ဒန်မြို့တော်မှ Big Ben နာရီစင်ကြီးကို ပြေးမြင်မိကြပါသည်။ ထိုနာရီစင်ကြီးသည် ကြီးမားခြင်း ၊ လှပခန့်ညားခြင်း ၊ ရှေးကျခြင်း ၊ နိုင်ငံ၏ အထိမ်းအမှတ်နေရာတစ်ခုအဖြစ် တည်ရှိနေခြင်း စသည့်ဂုဏ်ပုဒ်များဖြင့် ပြည့်စုံနေပါသည်။ ၁၈၅၈ ခုနှစ်ကတည်းက တည်ဆောက်ပြီးစီးခဲ့သည့် ရှေးဟောင်းနာရီစင်ကြီး ဖြစ်ပါသည်။ Big Ben နာရီစင်ကြီးသည် ကမ္ဘာပေါ်ရှိ သီးခြားတည်ဆောက်ထားသည့် နာရီစင်များတွင် တတိယ အမြင့်ဆုံး နာရီစင်ကြီး ဖြစ်ပါသည်။ အင်္ဂလန်နှင့် လန်ဒန်မြို့၏ အထိမ်းအမှတ် တစ်ခုအဖြစ် တည်ရှိနေယုံသာမက ဥရောပ၏ အကျော်ကြားဆုံး နေရာတစ်နေရာအဖြစ်လည်း သတ်မှတ်ထားကြပါသည်။ ယခုအခါ Big Ben နာရီစင်ကြီးကို Elizabeth ဘုရင်မကြီးအား ဂုဏ်ပြုသောအားဖြင့် Elizabeth Tower ဟု တရာဝင် အမည်ပေးထားပါသည်။ နာရီစင်ကြီးသည် နှစ်ကာလကြာမြင့်လာပြီးဖြစ်သဖြင့် အနည်းငယ် တိမ်းစောင်းလာနေကြောင်း သိရပါသည်။
2. Philadelphia City Hall, Philadelphia, United States

အမေရိကန်နိုင်ငံ၊ ဖီလာဒဲဖီးယားမြို့တော်ခန်းမ၏ နာရီစင်ကြီးသည်လည်း ခန်းနားမှုနှင့် လှပသော အပြင်အဆင်ကြောင့် ကမ္ဘာကျော်နာရီစင်တစ်ခုအဖြစ် သတ်မှတ်ကြပါသည်။ ၁၉၀၁ ခုနှစ်မှ ၁၉၀၈ ခုနှစ်အထိ ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦဟု သတ်မှတ်ခံခဲ့ရပါသည်။ ၅၄၈ ပေ (167 m) အထိ မြင့်ပါသည်။ ထိုနာရီစင်မှ နာရီကြီးများသည် အချင်း ၂၆ ပေ (8 m) ရှိပါသည်။

3. Makkah Royal Clock Tower Hotel, Mecca, Saudi Arabia

ဆော်ဒီအာရေးဗီးယားနိုင်ငံရှိ Makkah Royal Clock Tower Hotel ၏ နာရီစင်ကြီး ဖြစ်ပါသည်။ 601 meters (1,972 ပေ) အထိ အမြင့်ရှိပါသည်။ ထိုအဆောက်အဦသည် ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦများတွင် တစ်ခုအပါအ၀င်ဖြစ်ပြီး ကမ္ဘာ့အမြင့်ဆုံး နာရီစင်ကြီး အဖြစ်လည်း မှတ်တမ်းဝင်ပါသည်။ ထို့ပြင် ကမ္ဘာ့အကြီးဆုံး နာရီမျက်နှာပြင်ကြီးများအဖြစ် မှတ်တမ်းတင်ခံရပါသည်။ နာရီမျက်နှာပြင် တစ်ခုစီသည် 43 × 43 meters (141 ပေ × 141 ပေ) အကျယ်ရှိပါသည်။

4. The Prague astronomical clock, Prague, Czech Republic

ချက်နိုင်ငံ၊ Prague ရှေးဟောင်းမြို့တော်ရင်ပြင်တွင် နက္ခတ်ဆိုင်ရာ ရှေးခေတ်နာရီကြီးသည် အဓိကထူးခြားထင်ရှားသည့် အရာတစ်ခုအဖြစ် ကျော်ကြားလူသိများလှပါသည်။ ထိုအလယ်ခေတ် ရှေးဟောင်းနာရီကြီးသည် ၁၄၁၀ ခုနှစ်တွင် စတင်တပ်ဆင်ခဲ့ပြီး ယနေ့တိုင် အသုံးပြုနေနိုင်စဲ နာရီကြီး ဖြစ်ပါသည်။ ကမ္ဘာ့သက်တမ်းအရင့်ဆုံး နက္ခတ်ဆိုင်ရာ ရှေးဟောင်းနာရီကြီး တစ်လုံးအဖြစ်လည်း တည်ရှိနေပါသည်။ ထိုလှပပြီး ခန့်ညာလှသည့် ရှေးဟောင်းနာရီကြီးကို ကြည့်ရှု့နိုင်ရန် ကမ္ဘာလှည့်ခရီးသည်များ နှစ်စဉ်မြောက်များစွာ လာရောက်တတ်ကြပါသည်။

5. Rathaus-Glockenspiel, Munich, Germany

ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှ ရှေးခေတ်နာရီစင်ကြီးသည် ၁၉၀၈ ခုနှစ်တွင် မြို့တော်ခန်းမသစ်ကြီး၏ အစိတ်အပိုင်းတစ်ခုအဖြစ် တည်ဆောက်ခဲ့ပါသည်။ ထိုနာရီစင်ကြီးတွင် အချိန်ပြယုံတင်မဟုတ်ဘဲ အချိန်ကိုက် ပြသလေ့ရှိသည့် ရုပ်စုံပြကွက်များ ထည့်သွင်းတည်ဆောက်ထားပါသည်။ ထို့ကြောင့်ပင် ကမ္ဘာလှည့်ခရီးသည်များအနေဖြင့် အလှည့်ကျပြသသော ရုပ်စုံပြကွက်များကို ကြည့်ရှု့ရန် လာရောက်တတ်ကြပါသည်။ ပြသရန် အချိန်ကျသည်နှင့် တန်ဆာဆင်ထားသော ခေါင်းလောင်းပေါင်း ၄၃ လုံး နှင့် အရုပ်ပေါင်း ၃၂ ရုပ်တို့သည် ၁၂ မိနစ် မှ ၁၅ မိနစ်ကြာ ထွက်ပေါ်ပြသလေ့ ရှိပါသည်။

 6. The Saviour Tower (Spasskaya Tower), Moscow, Russia

ရုရှနိုင်ငံ၊ မော်စကိုမြို့တော်ရှိ ကျော်ကြာလှသည့် Red Square ရင်ပြင်ကြီးတွင် တည်ရှိနေသော ရှေးဟောင်းနာရီစင်ကြီး ဖြစ်ပါသည်။ ၁၄၉၁ ခုနှစ်တွင် စတင်ဒီဇိုင်းထုတ်ခဲ့ပေမယ့် ၁၆၂၅ ခုနှစ်တွင်မှ ပထမဆုံး တပ်ဆင်နိုင်ခဲ့သည့် နာရီစင်ကြီး ဖြစ်ပါသည်။ ရုရှနိုင်ငံ၏ ရင်ပြင်နီ ၊ ကျော်ကြားလှသည့် ဘုရားရှိခိုးကျောင်းတို့နှင့်အတူ နာမည်ကျော်လူသိများလှသည့် နာရီစင်ကြီးတစ်ခု ဖြစ်ပါသည်။

7. The Zytglogge Tower, Bern, Switzerland

ဆွစ်ဇာလန်နိုင်ငံ၊ Bern မြို့မှ လှပခန့်ညားသည့် အလယ်ခေတ်လက်ရာ ရှေးဟောင်းနာရီစင်ကြီး ဖြစ်ပါသည်။ ၁၃ ရာစုတွင် စတင်တည်ဆောက်ခဲ့သည့် အဆိုပါ နာရီစင်အဆောက်အဦသည် ယခင်က အကျဉ်းထောင်၊ စောင့်ကြည့်ထိန်းသိမ်းသည့် မျှော်စင်စသည်ဖြင့် ခေတ်အဆက်ဆက် သမိုင်းအမှတ်အသားတစ်ခုအဖြစ် တည်ရှိနေခဲ့ပါသည်။ ထိုနာရီစင်ကြီး၏ အောက်ဘက်ရှိ နက္ခတ်ဆိုင်ရာပြ နာရီကို ၁၅ ရာစုတွင် စတင်တပ်ဆင်ခဲ့ခြင်း ဖြစ်ပါသည်။ ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဒေသတစ်ခုအဖြစ် ထိန်းသိမ်းစောင့်ရှောက်ထားပါသည်။

8. The Peace Tower, Ottawa, Canada

ကနေဒါနိုင်ငံ ၊  Ottawa မြို့ရှိ ထိုနာရီစင်တည်ရှိရာ အဆောက်အဦကို အောင်မြင်ခြင်း နှင့် ငြိမ်းချမ်းရေး တာဝါကြီးဟုလည်း ခေါ်တွင်ကြပါသည်။ 92.2 meters (302 ပေ) အမြင့်ရှိသော ထိုသက်တမ်းရင့်နာရီစင်ကြီးသည် အဆောက်အဦ၏ အလယ်တွင် ခန့်ခန့်ညားညား တည်ရှိနေခြင်း ဖြစ်ပါသည်။

9. Old Joe, University of Birmingham, United Kingdom

ဗြိတိန်နိုင်ငံတွင် ဘစ်ဘန်းနာရီစင်ကြီးပြီးနောက် အကျော်ကြားဆုံး နာရီစင်ကြီး ဖြစ်ပါသည်။ ဘာမင်ဟမ်တက္ကသိုလ်တွင် တည်ရှိနေသည့် ထိုနာရီစင်ကြီးသည် သီးခြားတည်ဆောက်ထားသော နာရီစင်များတွင် ကမ္ဘာ့အမြင့်ဆုံးအဖြစ် မှတ်တမ်းဝင်ထားပါသည်။ အခြား အမြင့်ဆုံးနာရီစင်များသည် ဟော်တယ်များ (သို့) အဆောက်အဦများနှင့် တွဲဖက်တည်ရှိနေခြင်း ဖြစ်ပါသည်။ 100 meters (328 ပေ) အထိ မြင့်ပါသည်။ ထိုနာရီစင်ကြီးကို ပထမဆုံးတက္ကသိုလ်အကြီးအကဲဖြစ်သူ Joseph Chamberlain ကိုဂုဏ်ပြုကာ အထိမ်းအမှတ်အဖြစ် တည်ဆောက်ခဲ့ခြင်းပါ။ ၁၉၀၈ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပါသည်။

10. Rajabai Clock Tower, Mumbai, India

အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းတက္ကသိုလ်ကြီးရှိ နာရီစင်ကြီး ဖြစ်ပါသည်။ 85 meters (280 ပေ) အမြင့် ရှိပါသည်။ ၁၈၇၈ ခုနှစ်တွင် အင်္ဂလိပ်ဗိသုကာပညာရှင် Sir George Gilbert Scott ၏ ဒီဇိုင်းဖြင့် တည်ဆောက်ခဲ့သည့် သက်တမ်းရင့်နာရီစင်ကြီး ဖြစ်ပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...